ရန်ကုန်မြို့၏ အငြင်းပွားဖွယ်ရာ ဖြစ်သော်လည်း ရည်ရွယ်ချက်ကောင်း ရှိနေသည့် တိရစ္ဆာန်ဥယျာဉ်မှ ဝန်ထမ်းများသည် မြန်မာနိုင်ငံ၏ မျိုးသုဉ်းပျောက်ကွယ်ခါနီး တောရိုင်းတိရစ္ဆာန်များအကြောင်း ပညာပေးရန် ရည်မှန်းချက်ထားရှိသည်။
ဂျာရတ် ဒေါင်းနင်း ရေးသားသည်။ ဓာတ်ပုံ – သိမ့်မွန်စိုး (ခ) ဂျေ
Frontier က ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ တိမွေးကုဆရာဝန်ချုပ် ဒေါက်တာ ထွန်းမြင့်နှင့် စကားပြောနေချိန်တွင် မျိုးသုဉ်းပျောက်ကွယ်မည့်ဘေးနှင့် ရင်ဆိုင်နေရသည့် ဗမာ့ကြယ်လိပ်များမှာ ၎င်း၏ စာအုပ်စင်အနီးရှိ တိုင်ကီတစ်ခုအတွင်း တရွရွ လှုပ်ရှားနေကြသည်။
၎င်း၏ရုံးခန်းမှာ နည်းပညာအရ တိရစ္ဆာန်ဆေးကုခန်း၏ တစိတ်တပိုင်း မဟုတ်သော်လည်း ယင်းလိပ်များမှာ အေးအေးလူလူ ရှိနေကြပြီး ဒေါက်တာထွန်းမြင့်၏ အပူပေးမီးချောင်းများ၏ အကျိုးရလဒ်ကို ဝေမျှခံစားနိုင်ရန် ဒေါက်တာထွန်းမြင့်က ယင်းတို့ကို ဆောင်ကြဉ်းလာခဲ့ခြင်းဖြစ်သည်။
တချိန်တည်းတွင် အပူပိုင်းဇုန်၌ ကျက်စားသော ငှက်နှစ်ကောင်သည် ဘေးခန်းတွင် တကျိကျိ မြည်တွန်နေကြပြီး ယင်းတို့အား မကြာသေးမီက လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းတို့ကို ခြံခတ်မထားမီ ဒေါက်တာထွန်းမြင့်၏ ရုံးခန်းမှာပင် ယာယီသဘော ခေတ္တထားရှိသည်။ အပြင်ဘက်မှလည်း ရှစ်လသားအရွယ် ကျားတစ်ကောင်၏ မြည်ဟိန်းသံကို ကြားနေရသည်။ ယင်းကျား၏ ကျယ်ကျယ်လောင်လောင် မြည်ဟိန်းသော အသံကြောင့် ဝန်ထမ်းများက ပေါပ့်အကျော်အမော် အဆိုရှင်တစ်ဦး၏ အမည်ကိုယူ၍ မီမီကေးဟု မှည့်ခေါ်ထားကြသည်။
ဒေါက်တာ ထွန်းမြင့်မှာ ၎င်း၏အလုပ်စားပွဲနောက်၌ ရှိနေစဉ်မှာပင် တိရစ္ဆာန်ဥယျာဉ်ရုံစက်ကွင်းမှ မလွတ်မြောက်နိုင်ချေ။ သို့သော် ၎င်းက စိတ်စနိုးစနောင့် မဖြစ်ပေ။ “ကျွန်တော်က တိရစ္ဆာန်တွေကိုချစ်တယ်။ သူတို့ ဘာများ လိုတာတွေ ရှိနေလဲဆိုတာကို ကျွန်တော် လိုက်ကြည့်ဖော်ထုတ်နေတယ်။ သူတို့ကို အကူအညီ ပေးနိုင်တာကို ကျွန်တော်သဘောကျတယ်” ဟု ၎င်းက ဆိုသည်။
ဤအရာက ၎င်းထံ အမှတ်မထင် ရောက်လာသော ဝါသနာတစ်မျိုး ဖြစ်သည်။ ၎င်းသည် ဆေးတက္ကသိုလ် တက်ရန် စိတ်ဝင်စားခဲ့သော်လည်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦး ဖြစ်ဖို့ နှစ်များစွာ ရင်းနှီးရသည်ကို စိတ်မဝင်စားပေ။ သွားဆရာဝန်လိုင်းလည်း စိတ်မပါသည့်အတွက် အဆုံးမတော့ တိရစ္ဆာန်ဆေးကု ဆရာဝန် ဖြစ်လာခဲ့သည်။
ယခုအခါ မျိုးစိတ် ၁၃၂ ခု၏ မျိုးကွဲပေါင်း ၁,၃၃၈ မျိုးမျှသော တိရစ္ဆာန်များမှာ ရန်ကုန်တိရစ္ဆာန်ရုံ၏ ဝန်ထမ်းနှစ်ဦးအနက်မှ တစ်ဦးဖြစ်သည့် တိမွေးကုဆရာဝန်ချုပ် ဒေါက်တာ ထွန်းမြင့်၏ ကိုယ်ရေးကိုယ်တာ ဂုဏ်ယူဝင့်ကြွားဖွယ်နှင့် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ရာများ ဖြစ်နေကြသည်။ ယင်းတို့ထဲတွင် ရေမြင်းများ၊ ဆင်များနှင့် မျောက်များကဲ့သို့သော နှစ်ရှည်လများ နေထိုင်ခဲ့ကြသည့် တိရစ္ဆာန်များ ပါဝင်ရုံမျှသာမက မကြာသေးမီက ဂျပန်နိုင်ငံမှ ရောက်လာသည့် ဂျာဂွား ကျားသစ်မျိုးစု တစ်စုအပါအဝင် ပြည်ပတိရစ္ဆာန်ရုံများမှ ငှားရမ်းထားသော တိရစ္ဆာန်များလည်း ပါဝင်သည်။
ရန်ကုန်တိရစ္ဆာန်ရုံတွင် နေပြည်တော်တိရစ္ဆာန်ဥယျာဉ်မှာကဲ့သို့ ပြည်ပမှ ရောက်လာသည့် ရှားပါးတိရစ္ဆာန်များ စုံစုံလင်လင်နှင့် များများစားစား မရှိသလောက်ပင်ဖြစ်သည်။ သို့သော် Ursus thibetanus ဆိုသည့် အာရှဝက်ဝံနက်များနှင့် ဝက်ဝံနီတစ်ကောင်ကဲ့သို့ မြန်မာနှင့် အရှေ့တောင်အာရှတွင် နေထိုင်ကျက်စားသော တိရစ္ဆာန်များ ပြည့်စုံသလောက်နီးပါးရှိနေသည်။ ယင်းမှာ သူတို့စုဆောင်းရသမျှ တိရစ္ဆာန်ကမ္ဘာကိုသာ ပိုင်ဆိုင်ထားသည့် အခြားတိရစ္ဆာန်ရုံများ သတိမထားမိသည့်အချက် ဖြစ်သည်။
ကိုလိုနီခေတ်အတွင်း တည်ထောင်ခဲ့သည့် ကန်တော်ကြီးတောင်ဘက်ရှိ အရိပ်အာဝါသကောင်းသော ယင်းတိရစ္ဆာန်ရုံကို ဖွင့်လှစ်ခဲ့သည်မှာ ၁၁၁ နှစ်ရှိခဲ့ပြီဟု ဒေါက်တာ ထွန်းမြင့်က ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ ၎င်းအတွက်မူ တိရစ္ဆာန်ဥယျာဉ်ရုံ၏ သတ္တုတန်းသုံး လှောင်အိမ်များနှင့် ခိုင်ခန့်လှသော သော့ခလောက်ကြီးများ (ကလေးစာအုပ်ထဲတွင် သင် တွေ့ဖူးမည့် ပုံစံမျိုး) မှာ ဂုဏ်ယူဖွယ်ရာများ ဖြစ်နေသည်။
“ဒီတိရစ္ဆာန်ဥယျာဉ်က ရှေးကျနေပါပြီ” ဟု ၎င်းက ဆိုသည်။
သို့သော် ယင်းလက်ရာများသည် သုံးဘက်မြင် ဒီဇိုင်းများဖြင့် ဆန်းပြားသစ်လွင်သည့် ခေတ်သစ်တိရစ္ဆာန်ရုံများ (၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် နေပြည်တော်မှ တိရစ္ဆာန်ရုံအပါအဝင်) နှင့် အသားကျနေသော၊ တဖန် သံ၊ သံမဏိတို့နှင့် ပြုလုပ်ထားသည့် လှောင်အိမ်များအစား ဖန်လှောင်အိမ်များကို ပိုမိုသဘောကျနေသော လာရောက်လည်ပတ်သူများအဖို့ ကွဲပြားခြားနားသည့် စွဲမက်နှစ်ခြိုက်မှုတစ်မျိုး ရမည်ဖြစ်သည်။
မေလအတွင်းက မြန်မာတိုင်း(မ်)သတင်းဌာနက ယင်းတိရစ္ဆာန်လှောင်အိမ်များ ကျဉ်းမြောင်းသည်ကို ဝေဖန်ရေးသားခဲ့ပြီး ယင်းတိရစ္ဆာန်ဥယျာဉ်မှာ “၄၀ ဒီဂရီ ဆဲလ်ဆီးယပ်စ်အထက်ရှိ အပူရှိန်အောက်၌ ယင်း၏ ဆင်များကို ပင်ပန်းလှသည့် ပြကွက်များ ပြုလုပ်ရန် အတင်းခိုင်းနေသည့်” မလျော်ကန်သော တိရစ္ဆာန်ရုံအဖြစ် ဖော်ပြခဲ့သည်။
မေးခွန်းထုတ်ခံနေရသည့် ယင်းပြပွဲများတွင် မျောက်များ၊ ခွေးများနှင့် မြွေအလမ္ပာယ်ဆရာ ဦးစိန်ဝင်းက တင်ဆက်ပေးသည့် မြွေဟောက်အကများ ပါဝင်နေသည်။ ဦးစိန်ဝင်းသည် အကာအကွယ်အဖြစ် နဂါးနှင့် နတ်ရုပ်ပုံများ ခြယ်သထားသည့် ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ၎င်း၏ ကိုယ်ခန္ဓာကို ဖုံးအုပ်ထားသည့် အဆောင်တက်တူးများ၏ ဆေးမင်ရည်မှာ မြွေဟောက်အဆိပ်ပြီးသည်ဟု ဆိုသည်။
“ကျွန်တော် မြွေကိုက်ခံရတာ ၂၂ ကြိမ်ရှိပြီ” ဟု ဦးစိန်ဝင်းက ဂုဏ်ယူစွာ ပြောကြားသည်။ “ခုဆိုရင် ကျွန်တော်က အသက် ခြောက်ဆယ်တန်းကို ရောက်နေပါပြီ။ ဒါပေမဲ့ မြွေတွေနဲ့ ကပြဖျော်ဖြေနေတဲ့အခါမှာ ကျွန်တော်က ၃၅ နှစ်သားတစ်ယောက်လို လှုပ်ရှားနေတာပါ” ဟု ဆိုသည်။
ဝေဖန်သူများကမူ ယင်းဆပ်ကပ်ဟန်မှာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရုံကို ပညာပေးရေးထက် ဖျော်ဖြေရေးကို ဦးစားပေးသောနေရာအဖြစ်သာမက ထိန်းသိမ်းစောင့်ရှောက်ရေးအစား အမြတ်ထုတ်ရေးကို ဆောင်ရွက်နေသောနေရာအဖြစ်မျိုးသို့ ရောက်သွားစေသည်ဟုဆိုကြသည်။ သို့သော် ယင်းဝေဖန်မှုများကို ဒေါက်တာ ထွန်းမြင့်က ငြင်းဆိုလိုက်သည်။ လှောင်ချိုင့်များမှာ အရမ်းသေးငယ်လွန်းသည်၊ သို့မဟုတ် တိရစ္ဆာန်များမှာ သက်သောင့်သက်သာ မနေထိုင်ရ ဆိုသည်ကိုလည်း ဒေါက်တာ ထွန်းမြင့်က လက်မခံပေ။
“တိရစ္ဆာန်တစ်ကောင် (ပုံမှန်အားဖြင့် မျောက်၊ သို့မဟုတ် ငှက်တစ်ကောင်ဖြစ်တတ်ပြီး ကံအားလျော်စွာ ကျားတစ်ကောင်ဖြစ်လေ့မရှိသဖြင့်) လွတ်သွားရင်တောင် သူတို့ဘာသာ မကြာခဏ ပြန်လာတတ်ကြပါတယ်။ ဒါက သူတို့အိမ်ပါ” ဟု ၎င်းက ဆိုသည်။
“ ဒီတိရစ္ဆာန်ရုံရဲ့ သက်တမ်းက ၁၁၁ နှစ် ရှိနေပါပြီ။ ဒါ့ကြောင့် နေပြည်တော်တိရစ္ဆာန်ရုံနဲ့တူအောင် လုပ်ဖို့ဆိုတာ လက်တွေ့မှာ ဖြစ်နိုင်ဖို့ မလွယ်ပါဘူး။ ရှိတာလေးနဲ့ပဲ ကျွန်တော်တို့က အကောင်းဆုံး လုပ်နေရတာပါ” ဟုလည်း ထပ်လောင်းပြောကြားသည်။
၎င်း၏ ဦးစားပေး လုပ်ငန်းစဉ်များတွင် အပြင်အဆင်သစ်များ မပါဝင်ပေ။ သို့သော် အပြသဘောမဆောင်သည့်၊ တိရစ္ဆာန်များကို ကူညီနိုင်မည့် ဆေးဝါးကုသမှု အထောက်အကူပြု ကိရိယာများ ပါဝင်နေသည်။ ဤတိရစ္ဆာန်ဥယျာဉ်၏ ဆေးခန်းမှာ အခြေခံဆေးဝါးကုသမှုများကိုသာ ဆောင်ရွက်နိုင်သေးသည်ဟု ဒေါက်တာ ထွန်းမြင့်က ဆိုသည်။ ခက်ခက်ခဲခဲလုပ်ရမည့် ရှုပ်ထွေးနက်နဲသော ကုသမှုများအတွက် ထိုင်းနှင့် စင်ကာပူတို့မှ အထူးကုများကို ခေါ်ယူရတတ်သည်။
သို့သော် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ အကြီးမားဆုံး တိရစ္ဆာန်ကုသရေး လိုအပ်ချက်မှာ အထူးကုများ၊ သို့မဟုတ် ခေတ်မီကိရိယာများ မဟုတ်ပေ။ လူသားအရင်းအမြစ်သာ ဖြစ်ပေသည်။ နာမကျန်းဖြစ်နေသော တိရစ္ဆာန်မှာ ကြံ့များဖြစ်နေပါက ဓာတ်မှန်ရိုက်ခြင်း၊ သို့မဟုတ် ထုံဆေးပေးခြင်းကဲ့သို့ ရိုးရှင်းသည့် လုပ်ထုံးလုပ်နည်းများအတွက်ပင်လျှင် တိမွေးကု ဆရာဝန်အသင်း တစ်သင်း လိုအပ်ပေသည်။
“သိပ်မကြာခင်က ဆင်တစ်ကောင် သားမဖွားနိုင်ဘဲ ဖြစ်ခဲ့ဖူးတယ်။ အကူအညီပေးဖို့အတွက် မြို့အနှံ့က တိမွေးကုဆရာဝန်တွေကို မဖြစ်မနေ စုစည်းခဲ့ရတယ်” ဟု ဒေါက်တာ ထွန်းမြင့်က ဆိုသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နှင့် နှစ်ရှည်ဆက်ဆံရေးတစ်ရပ် ရှိနေသည့် ချက်ပြည်ထောင်စုသမ္မတနိုင်ငံ ဇီဝဗေဒ အသိုင်းအဝိုင်းသည် လတ်တလော၌ ပြည့်စုံသော တိရစ္ဆာန်ဆေးရုံတစ်ရုံ တည်ဆောက်မည့် အလားအလာအတွက် ဆွေးနွေးလျက်ရှိသည်။
ဝေဖန်မှုများအပေါ် တုံ့ပြန်ရာတွင် ဒေါက်တာ ထွန်းမြင့်က တိရစ္ဆာန်များကို အမှန်တကယ် ညှဉ်းပန်းနှိပ်စက်ခြင်းကို တရားမဝင် အမဲလိုက်မုဆိုးများက အကြီးအကျယ် ချိုးဖောက်နေကြပြီး တိရစ္ဆာန်အရှင်နှင့် အသေများကို တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံနယ်စပ်များကို ဖြတ်ကျော်ကာ ရောင်းဝယ်ဖောက်ကားနေသည့် မြို့နှင့်ဝေးရာ အစွန်အဖျား ဒေသများတွင် တွေ့ရှိရသည်ဟု ဖြေကြားသည်။
ကျားနှင့် ဆင်များကဲ့သို့ တိရစ္ဆာန်များကို ပစ်မှတ်ထားသည့် လူသိများသော တရားမဝင် အမဲလိုက်ခြင်းများအပြင် မြွေများ၊ လိပ်များနှင့် အခြားသော တွားသွားသတ္တဝါများကို တရားမဝင် ဖမ်းဆီးရောင်းဝယ်ခြင်းကို လူသိနည်းနေသေးသော်လည်း ယင်းတို့မှာ “ကြီးထွားလာလျက်ရှိသော” ပြဿနာရပ်တစ်ခုဟုလည်း ဒေါက်တာထွန်းမြင့်ကဆိုသည်။
ဖော်ပြပါ တိရစ္ဆာန်မျိုးစိပ်များစွာ၊ သို့မဟုတ် ယင်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရိုးရာတိုင်းရင်းဆေးများအတွက် အသုံးပြုလျက်ရှိသည်။ အထူးသဖြင့် တရုတ်နိုင်ငံတွင် ဖြစ်သည်။
ဥပမာ မြန်မာနိုင်ငံတွင် ကျက်စားပြီး သေးငယ်သည့် အာဖရိက ပုရွက်ဆိတ်စားဝက်ဝံကဲ့သို့သော သင်းခွေချပ်များမှာ ဤကမ္ဘာမြေ၏ တရားမဝင် ကုန်ကူးအခံရဆုံး တိရစ္ဆာန်များအဖြစ် ဖော်ပြခံရပြီး ယင်း၏အကြေးခွံကို တိုင်းရင်းဆေးများအတွက် မကြာခဏ အသုံးပြုကြသည်။
တိရစ္ဆာန်ဥယျာဉ်ရုံမှ ဧည့်လမ်းညွှန်များသည် အလည်အပတ်လာသူများအား တိရစ္ဆာန်များအကြောင်းသာမက မျိုးသုဉ်းပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော အကြောင်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် တရားမဝင် ကုန်ကူးခံနေရသော မျိုးစိပ်များအကြောင်း ပညာပေးလျက်ရှိသည်။
“ဘာတွေကို စားရမယ်၊ ဘာတွေ မစားရဘူးလဲဆိုတာနဲ့ ဘယ်လိုတိရစ္ဆာန်ထွက်ကုန်မျိုးကို အသုံးမပြုရဘူူးလဲဆိုတာကို သူတို့က ရှင်းပြနေပါတယ်” ဟု ဒေါက်တာ ထွန်းမြင့်ကဆိုသည်။
ဤတိရစ္ဆာန်ရုံက ပိုင်ဆိုင်သော တိရစ္ဆာန်များစွာကို သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်ရှိ သစ်တောဦးစီးဌာနက တရားမဝင် အမဲလိုက်သူများထံမှ ကယ်ဆယ်ထားခြင်းဖြစ်သည်။ ဥပမာ ဤတိရစ္ဆာန်ရုံရှိ ဝက်ဝံများမှာ တောတွင်းသို့ ပြန်လွှတ်ပါက လူသားများအတွက် အလွန်တရာ အန္တရာယ်များလွန်းသည်ဟု ယူဆခံရသဖြင့် ယင်းတို့ကိုမျိုးပွားရန်သာ တိရစ္ဆာန်ဥယျာဉ်သို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။
မည်သို့ဆိုစေ ဒေါက်တာ ထွန်းမြင့်၏ ဆေးခန်းမှ ဆန့်ကျင်ဘက်သို့ မြင်းလှည်းလေးတစ်စင်း ထွက်ခွာသွားခဲ့ပြီး ဆင်များသည်လည်း ထိုင်ခုံများထက်ဝယ် ကခုန်နေကြသည်။ နဂါးရုပ် ရှပ်အင်္ကျီ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည်လည်း မြွေများနှင့် ကစားလျက်ရှိသည်။
သို့သော်ငြားလည်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ တိရစ္ဆာန်ဆရာဝန်ချုပ်အတွက် ဤနေရာ၏ အရေးပါဆုံး အလုပ်များမှာ လှောင်အိမ်များနောက်ကွယ်မှာ ပေါ်ထွန်းလျက်ရှိသည်။ ယင်းမှာ မြန်မာ့တိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အများပြည်သူ အသိပညာနိုးကြားမှုကို မြှင့်တင်ပေးခြင်းနှင့် လိပ်များ၊ ကျားများ အားလုံးအပြင် ၎င်း၏စားပွဲခုံအောက်ရှိ တိရစ္ဆာန်များကိုပင် ကုသပေးနေရခြင်းဖြစ်သည်။
အောင်မင်း ဘာသာပြန်သည်။