ရန်ကုန်တက္ကသိုလ်နယ်မြေထဲက ငွေတွင်းကြီးများ

ရန်ကုန်တက္ကသိုလ်တွင် ဝင်ငွေရပေါက်ရလမ်းအချို့ ရှိနေသည်။ ထိုအထဲတွင် ဘွဲ့နှင်းသဘင်ဓာတ်ပုံ ရိုက်ခွင့်အတွက် တစ်ဦးတည်း လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့် တင်ဒါကလည်း ဝင်ငွေအလွန်ကောင်းသော ရပေါက်ရလမ်း တစ်ခုဖြစ်သည်။ သို့သော် ထိုဝင်ငွေများနှင့် ပတ်သက်သည့် အထောက်အထား သဲလွန်စကိုမူ ရှာဖွေရန် အလွန် ခက်ခဲလှသည်။

မြတ်ကျော်သူ ရေးသားသည်။

သစ်ပင်တစ်ပင်တွင် ချိတ်ဆွဲထားသော သတိပေးဆိုင်းဘုတ်က အာဏာပါဝါ လေသံပြင်းလှသည်။ မည်သည့် စီးပွားဖြစ် ကင်မရာမျှ ယူမလာရ၊ တွေ့ရှိပါက သိမ်းဆည်းခံရမည့်အပြင် ကျပ် တစ်သိန်း ဒဏ်ရိုက်ခံရမည်ဟူ၍ ဖြစ်သည်။ သို့သော် ဒဏ်တပ်မည့်အာဏာပိုင်၏ အမည်ကိုလည်း ဖော်ပြမထားပေ။

သစ်ပင်မှာ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှ သစ်ပင်တစ်ပင်ဖြစ်သည်။

တက္ကသိုလ်နယ်မြေထဲ၌ ပုံမှန်ဝင်ငွေနှင့် အဆင်ပြေနေကြသည့် ဓာတ်ပုံဆရာများနှင့် သတင်းဓာတ်ပုံဆရာများက ဤသတိပေးဆိုင်းဘုတ်များအကြောင်း တိုင်ကြားခဲ့ကြသော်လည်း အချည်းနှီးပင်ဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လအတွင်းက တက္ကသိုလ်နယ်မြေမှ ဥပဒေစည်းကမ်းများအကြောင်း သတင်းများတွင် ဝေဖန်ကြချိန်၌ သစ်ပင်ပေါ်မှ သတိပေးဆိုင်းဘုတ်များအကြောင်းကိုလည်း ထုတ်ပြခဲ့ကြသည်။ ထို့နောက် သတိပေးဆိုင်းဘုတ်ပေါ်မှ စာသားများလည်း ပြောင်းသွားခဲ့သည်။

ဘွဲ့နှင်းသဘင် ကျင်းပချိန်ကာလတွင် ဘွဲ့နှင်းသဘင်ခန်းမအနီး စီးပွားဖြစ်ဓာတ်ပုံဆရာများ ခွင့်မပြုဟု ပြောင်းသွားခြင်းဖြစ်သည်။

ဒဏ်ငွေ ကျပ်တစ်သိန်းဟူသည့် စာတန်းတော့ မပါတော့ပေ။ ကင်မရာသိမ်းဆည်းမည်ဟူသည့်အချက်ကိုမူ မြင်တွေ့နေရသေးသည်။ ထိုဆိုင်းဘုတ် ချိတ်ဆွဲထားရခြင်းမှာ ရန်ကုန်တက္ကသိုလ်နှင့် သိင်္ဂီရွှေရည်ကုမ္ပဏီတို့အကြား ချုပ်ဆိုထားသော ကန်ထရိုက်စာချုပ်ကြောင့်ပင် ဖြစ်သည်။

စာချုပ်၏အဓိပ္ပာယ်မှာ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်သို့ တက်ရောက်လာသော ကျောင်းသူ၊ ကျောင်းသားတိုင်းအတွက် မှတ်တမ်းဓာတ်ပုံများကို သိင်္ဂီရွှေရည် ကုမ္ပဏီတစ်ခုတည်းကသာ ရိုက်ကူးခွင့်ရှိခြင်းဖြစ်သည်။ ဘွဲ့ယူသူများထဲတွင် ရန်ကုန်အဝေးသင်တက္ကသိုလ် သင်တန်းများ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ကမာရွတ်၊ လှိုင်နှင့် ရွာသာကြီးနယ်မြေများမှ အောင်မြင်သူများလည်း ပါဝင်သည်။

သိင်္ဂီရွှေရည်ကုမ္ပဏီသည် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဘွဲ့ရများ၊ ရန်ကုန်အရှေ့ပိုင်း၊ ရန်ကုန်အနောက်ပိုင်း၊ ရန်ကုန်ဆေးတက္ကသိုလ် (၁)၊ ဆေးတက္ကသိုလ် (၂) ၊ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်များ၏ ဘွဲ့နှင်းသဘင်များကိုလည်း ရိုက်ကူးပေးခွင့်ရရှိထားသည်။

“ဘွဲ့နှင်းသဘင် အခမ်းအနားအတွင်းမှာ ကြေးစားဓာတ်ပုံဆရာတွေကို ဓာတ်ပုံရိုက်ခွင့်မပြုပါဘူး ” ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ပြောကြားသည်။ “ကြေးစားနဲ့ စီးပွားဖြစ်ဓာတ်ပုံဆရာတွေကို ဘွဲ့နှင်းသဘင်ခန်းမ အပြင်ဘက်မှာလဲ ရိုက်ခွင့်မပြုပါဘူး။ ဒါပေမဲ့ မိုဘိုင်းဖုန်းတွေနဲ့တော့ ဘယ်သူမဆို ရိုက်ခွင့်ရှိပါတယ်” ဟု ၎င်းကပြောသည်။

ရန်ကုန်တက္ကသိုလ် ဘွဲ့နျှင်းသဘင်ခန်းမရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်နေကြသော ကျောင်းသား၊ ကျောင်းသူများ။ ရန်ကုန်တက္ကသိုလ်နယ်မြေထဲ၌ ပရောဖက်ရှင်နယ်ကင်မရာများကို တားမြစ်ထားသည်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ရန်ကုန်တက္ကသိုလ် ဘွဲ့နျှင်းသဘင်ခန်းမရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်နေကြသော ကျောင်းသား၊ ကျောင်းသူများ။ ရန်ကုန်တက္ကသိုလ်နယ်မြေထဲ၌ ပရောဖက်ရှင်နယ်ကင်မရာများကို တားမြစ်ထားသည်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

“တက္ကသိုလ်နယ်မြေထဲကို ကြေးစားဓာတ်ပုံဆရာတွေ ဝင်ခွင့်ပြုလိုက်ရင် တက္ကသိုလ်ဟာ ပန်းခြံကြီးတစ်ခုလို ဖြစ်သွားမှာပေ့ါ။ ကျောင်းသားတွေအတွက်လဲ အနှောင့်အယှက် ဖြစ်လိမ့်မယ်” ဟု ဒေါက်တာဖိုးကောင်းက ပြောသည်။

ညည်းတွားသံများ

သို့သော် ထိုစာချုပ်ထဲတွင် ဘွဲ့ဝတ်စုံများ ငှားရမ်းခွင့်အတွက်လည်း အကြုံးဝင်လေရာ သိင်္ဂီရွှေရည်ကုမ္ပဏီအနေဖြင့် အမြတ်အစွန်းများစွာ ရနေခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ် ၁၂ ခုမှ ကျောင်းသူ၊ ကျောင်းသား ၁ဝ,ဝဝဝ ခန့် နှစ်စဉ် ဘွဲ့ယူနေကြသည်။ ဒီဂရီဘွဲ့ အမျိုးအစားကိုလိုက်၍ ကျောင်းသူ၊ ကျောင်းသားတစ်ဦးသည် သိင်္ဂီရွှေရည်ကို အနည်းဆုံး ကျပ် ၂၅,ဝဝဝ ပေးနေကြရသည်။ ဘွဲ့ဝတ်စုံငှားရမ်းခများမှာ ဝိဇ္ဖာဘွဲ့ (B.A) နှင့် သိပ္ပံဘွဲ့ (B.Sc ) များအတွက် ကျပ် ၈,ဝဝဝ၊ မဟာဘွဲ့အတွက် ကျပ် ၁ဝ,ဝဝဝ၊ Ph. D ဒေါက်တာဘွဲ့အတွက် ကျပ် ၁၅,ဝဝဝ ပေးကြရသည်။ ဓာတ်ပုံနှစ်ပုံအတွက် တစ်ပုံ ကျပ် ၁၅,ဝဝဝ (စင်မြင့်ရှေ့တွင် တစ်ပုံ၊ စင်မြင့်ပေါ်၌တစ်ပုံ) စင်ပေါ်တွင် ကျောင်းသားအားလုံး ရိုက်ကူးထားးသည့် ပုံအတွက် ကျပ် ၂,ဝဝဝ ပေးကြရသည်။

တက္ကသိုလ်နယ်မြေအတွင်း စိတ်ကြိုက်ပုံ ၁ဝဝ အား ကျပ် ၁၅,ဝဝဝ ကိုလည်း ကျောင်းသား၊ ကျောင်းသူ အများစုက ရိုက်ကူးတတ်ကြသေးသည်။

ဓာတ်ပုံတွေများ၏ အရည်အသွေးကမူ အမျိုးမျိုးပင် ဖြစ်သည်။ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တက်ခဲ့ပြီး (၂ဝ၁၆- ၁၇) တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်၌ ဘွဲ့ယူခဲ့သူ မနှင်းစန္ဒာက စင်ပေါ်မှ သူ့ရဲ့ဓာတ်ပုံက “တော်တော် ဆိုးတယ်။ သရဲနဲ့တောင် တူနေတယ်” ဟု ပြောသည်။ “အိမ်က ဧည့်ခန်းမှာ ချိတ်ထားဖို့တောင် အဆင်မပြေဘူး” ဟု သူမက မကျေမနပ်ဖြင့် ပြောကြားသည်။

ဘွဲ့နှင်းသဘင်၌ ရိုက်ကူးပေးသည့် ဓာတ်ပုံအရည်အသွေး ညံ့ဖျင်းမှုကို အခြားကျောင်းသူ၊ ကျောင်းသားအများစုကလည်း ပြောကြားကြသည်။ ၎င်းတို့ အများစုမှာ ဘွဲ့နှင်းသဘင် အခမ်းအနားပြီးပါက ပြင်ပရှိ ဓာတ်ပုံဆိုင်သွားပြီး ဓာတ်ပုံထပ်မံရိုက်ကြလေ့ရှိသည်။

၂ဝ၁၆- ၁၇ ပညာသင်နှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရခဲ့သော ကိုနေအောင်ကမူ သူ့အကို ဘွဲ့ယူစဉ်က အတွေ့အကြုံများကို ကြိုတင် သိရှိထားခဲ့သူဖြစ်သည်။။ သူ့အကိုဘွဲ့ယူစဉ်က ညံ့ဖျင်းလှသော ဓာတ်ပုံများကြောင့် စိတ်ပျက်ခဲ့ရဖူးသည့်အကြောင်းဖြစ်သည်။ ထို့ကြောင့် ကိုနေအောင်က သူဘွဲ့ယူချိန်တွင် သူငယ်ချင်းဖြစ်သူ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာကို ခေါ်ယူသွားခဲ့သည်။ သူငယ်ချင်းဖြစ်သူက အပျော်တမ်းကင်မရာ အသေးလေးဖြင့် ရိုက်ပေးသော ဓာတ်ပုံများမှာ သိင်္ဂီရွှေရည်မှ ဓာတ်ပုံများနှင့် နှိုင်းယှဉ်ပါက အရည်အသွေးက ကွာခြားလှသည်။

“ကွာခြားမှုကတော့ မနှိုင်းယှဉ်နှိုင်လောက်အောင် ပါဘဲဗျာ။ အပျော်တမ်း ဓာတ်ပုံသမားလေးတွေတောင် သူတို့ (သိင်္ဂီရွှေရည်) ရိုက်တဲ့ ပုံတွေထက် အများကြီးသာတယ်” ဟု ကိုနေအောင်က ပြောကြားသည်။

သိင်္ဂီရွှေရည်ကုမ္ပဏီက ထိုလုပ်ငန်းကို နှစ်စဉ်ကန်ထရိုက် ရယူလာခဲ့သည်မှာ ၂၃ နှစ်ပင် ရှိခဲ့ပြီဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် ပေါင်းတည် (မောင်မောင်ညှပ်) ထံမှ လွှဲပြောင်းယူစဉ်ကတည်းက ယခုအချိန်ထိပင် ဖြစ်သည်။ မောင်မောင်ညှပ်သည် ၁၉၇၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ထဲ၌ ကုမ္ပဏီအတွက် ဓာတ်ပုံများ ရိုက်ကူးခြင်းဖြင့် သူ၏ ဓာတ်ပုံဆရာဘဝကို  စတင်ခဲ့သူ ဖြစ်သည်။ နောက်ပိုင်းတွင် ကုမ္ပဏီက ကန်ထရိုက် ရရှိသွားသည်။

“ရန်ကုန်တက္ကသိုလ်ထဲမှာ ကျွန်တော်တို့ဓာတ်ပုံတွေ ရိုက်တုန်းက ကျောင်းသားတွေဟာ သူတို့လိုချင်တဲ့ ဓာတ်ပုံ အရေအတွက်ကို ရွေးခွင့်ရှိတယ်။ အခုတော့ ဒီလိုမဟုတ်တော့ဘူးဗျာ” ဟု ယခုအခါ အသက် ၇၆ နှစ် ရှိနေပြီဖြစ်သော ဦးမောင်မောင်ညှပ်က ပြောသည်။

သိင်္ဂီရွှေရည်က ပုံ ၁ဝဝ အတွက် ကျပ် ၁၅,ဝဝဝ တောင်းယူနေသော ပေါ်လစီကို သူက ရည်ညွှန်း ပြောနေခြင်းဖြစ်သည်။

“ဒီလို ကန်ထရိုက်သတ်မှတ်ချက်တွေကို ကျွန်တော်မကြိုက်ဘူး။ ဒါကြောင့် ဒါကို မလုပ်ချင်တော့တာပါ” ဟု ဦးမောင်မောင်ညှပ်က ပြောသည်။

ဘွဲ့ယူမည့်သူများအတွက် ဝန်ဆောင်မှုများကို သိင်္ဂီရွှေရည်က ကြော်ငြာထားသည်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ဘွဲ့ယူမည့်သူများအတွက် ဝန်ဆောင်မှုများကို သိင်္ဂီရွှေရည်က ကြော်ငြာထားသည်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

သိင်္ဂီရွှေရည်ကုမ္ပဏီသည် ၁၉၉၅ ခုနှစ်မှ ယခုချိန်အထိ ထိုတင်ဒါကို ပြိုင်ဘက်မရှိ တစ်ဦးတည်း ရလာခဲ့သည်။ သို့သော် ထိုအချက်နှင့် ပတ်သက်ပြီး သတင်းအချက်အလက် မယ်မယ်ရရမရှိပေ။ နှစ်စဉ်တင်ဒါခေါ်ကြော်ငြာကို နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း ကြော်ငြာပါသည်ဟု ရန်ကုန်တက္ကသိုလ်က ပြောကြားသည်။ သို့သော် ထိုထက်ပိုပြီး ထပ်မံပြောကြားခြင်းမရှိသည့်အတွက် ထိုကန်ထရိုက်လုပ်ငန်းအတွက် တက္ကသိုလ်က မည်မျှရရှိသည်ဆိုသည်ကို ခန့်မှန်းရန် ခက်ခဲပေသည်။ ထို့ပြင် အပြိုင် တင်ဒါယှဉ်ပြိုင်သူ ရှိမရှိလည်း မသိရှိရချေ။

ပါမောက္ခချုပ်ဦးဖိုးကောင်းကမူ တင်ဒါဥပဒေများ၊ လက်ခံရရှိသော တင်ဒါတွေနှင့်ပတ်သက်သော အချက်အလက် စာရွက်စာတမ်းများကို Frontier အား ပြသမည်ဟု အစပိုင်းတွင် သဘောတူညီခဲ့သည်။

သို့သော် ဓာတ်ပုံရိုက်ကူးခြင်းလုပ်ငန်း တင်ဒါအတွက် တာဝန်ရှိသော ရန်ကုန်တက္ကသိုလ်၊ လက်ထောက် မော်ကွန်းထိန်း ဒေါ်ညွှန့်ညွှန့်ရီက စာရွက်စာတမ်းများကို ပြသရန် ငြင်းဆန်ခဲ့သည်။ သိင်္ဂီရွှေရည် ကုမ္ပဏီက ယခုနှစ်အတွက် တင်ဒါတွင် မည်မျှ တင်ခဲ့သည်ဆိုသည်ကို ပြောပြရန်လည်း ငြင်းဆိုခဲ့သည်။ သင်တန်းဌာန၊ ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးဌာနများမှ ဝန်ထမ်းများကလည်း ဤတင်ဒါကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ငြင်းဆန်ခဲ့ကြသည်။

သိင်္ဂီရွှေရည်ကုမ္ပဏီပိုင်ရှင် ဒေါ်မေသန်းနွယ်အား မေးမြန်းနိုင်ရန် Frontier က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း သူမက ပြောကြားရန် ငြင်းဆန်ခဲ့သည်။

လူတွေ့မေးမြန်းခွင့် တောင်းခံရန်အတွက် ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းနှင့် နဝဒေးလမ်းထောင့်ရှိ သိင်္ဂီရွှေရည် စတူဒီယိုသို့ Frontier က သွားရောက်ခဲ့ချိန်တွင် ဝန်ထမ်းတစ်ဦးက ဒေါ်မေသန်းနွယ် ရုံးခန်းထဲတွင်ရှိကြောင်း ပြောကြားခဲ့သည်။ မိနစ်အနည်းငယ်အကြာတွင် အခြားဝန်ထမ်းတစ်ဦး ထွက်လာပြီး “ဒေါ်မေသန်းနွယ်ရုံးမှာ မရှိဘူး၊ ဒါပဲ” ဟု ပြောကြားခဲ့သည်။

ဝင်ငွေ ရပေါက်ရလမ်းများ

ရန်ကုန်တက္ကသိုလ်၏ ဝင်ငွေရလမ်းရပေါက်များသည် ဘွဲ့နှင်းသဘင်ဓာတ်ပုံ ရိုက်ကူးခွင့် ကိစ္စတစ်ခုတည်းတော့ မဟုတ်ပေ။ ကမာရွက်နှင့် လှိုင်တက္ကသိုလ်နယ်မြေများအတွင်း စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချခွင့် တင်ဒါများလည်း ရှိသေးသည်။

ရန်ကုန်တက္ကသိုလ်နယ်မြေတွင် အလျားပေ ၂ဝ၊ အနံ ၁ဝ ပေ ရှိ ဆိုင်ခန်း ၄၃ ခန်းအတွက် တင်ဒါများ ခေါ်ယူလေ့ရှိသည်။ ဆိုင်ခန်း တစ်ခန်းစီကို တိတ်တိတ်ဆိတ်ဆိတ်ပင် လေလံပစ် ငှားရမ်းခဲ့သည်။ ပင်မတက္ကသိုလ်နယ်မြေတွင် လေလံအောင်သော အခန်းများ၏ ငှားရမ်းခမှာ နေရာကိုလိုက်၍ တစ်လလျှင် ကျပ် ၂၁ဝ,ဝဝဝ မှ ၁၂ သိန်းခွဲအထိရှိတတ်သည်။ လှိုင်တက္ကသိုလ်နယ်မြေတွင် စားသောက်ဆိုင် ၁၆ ဆိုင်ဖွင့်ထားရာ ဆိုင်ခန်းတင်ဒါ ဈေးနှုန်းများမှာ နေရာလိုက်၍ တစ်ခန်း ငှားရမ်းခ တစ်လလျှင် ကျပ် ၆ဝ,ဝဝဝ မှ ကျပ် ၆ဝဝ,ဝဝဝ အထိသာရှိရာ ကမာရွက်နယ်မြေမှ ဆိုင်ခန်း ဈေးနှုန်း၏ တစ်ဝက်ခန့်သာ ဖြစ်သည်။

ဈေးပြိုင်တင်ဒါများကို ချိတ်ပိတ်စာအိပ်များဖြင့် တင်ကြရပြီး တင်ဒါရှင်များ အားလုံးရှေ့တွင် စာအိပ်များကို ဖွင့်လှစ်ခြင်းဖြစ်သည်။ “ကံစမ်းမဲနှိုက်သလိုဘဲဗျာ” ဟု ဆိုင်ရှင်တစ်ဦးက ပြောသည်။ ပွင့်လင်းမြင်သာမှု ရှိသည်ဟု ယူဆရသော်လည်း တက္ကသိုလ်ထဲမှ ပုဂ္ဂိုလ်များနှင့် နီးစပ်သူများသည် အပြိုင်ပေးရမည့် ဈေးနှုန်းကို သိရှိနိုင်ကြပြီး အနည်းငယ်ပိုပေး၍ တင်ဒါအောင်သူ ဖြစ်သွားကြသည်ဟု ယုံကြည်ရကြောင်း အချို့က ပြောကြားကြသည်။

ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနမှူး ဒေါ်ဆွေဆွေအောင်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနမှူး ဒေါ်ဆွေဆွေအောင်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနမှူး ဒေါ်ဆွေဆွေအောင်က ဤစနစ်တွင် မမှန်မကန်လုပ်မှု တစ်စုံတစ်ရာ မရှိကြောင်းနှင့် ပွင့်လင်းမြင်သာမှုရှိပြီး မျှတမှုရှိပါသည်ဟု ပြောကြားသည်။ အမျိုးသားမှတ်ပုံတင်ရှိသူတစ်ဦးက ဆိုင်ခန်းတစ်ခန်းကိုသာ ပါဝင်ယှဉ်ပြိုင်ရမည်ဟု တင်ဒါဥပဒေက ဆိုထားသော်လည်း လူတစ်ဦးတည်းက ဆိုင်ခန်း သုံးခန်းခန့်ကို ဦးစီးလုပ်ကိုင်နေသည်ကို အများအသိပင် ဖြစ်သည်ဟု ပြောကြားကြသည်။

“မိသားစုဝင်တွေရဲ့ နာမည်တွေနဲ့ တင်ဒါလျှောက်ကြပြီး ဆိုင်ခန်းရတော့မှ ပေါင်းဖွင့်ကြတာလည်း ဖြစ်နိုင်ပါတယ်” ဟု ဒေါ်ဆွေဆွေအောင်က ပြောပါသည်။

တင်ဒါအောင်ကာ ဆိုင်ခန်းဖွင့်လှစ်ခွင့် ရသွားသူများသည် နောက်ထပ်တစ်လခစာအား အပိုဆောင်းကြေးအဖြစ် တက္ကသိုလ်ကို ပေးကြရသည်။ ထိုငွေက ရန်ကုန်မြို့တော်စည်ပင်ထံ မြေခွန်ဆောင်ရန်ဟု ယူဆရသည်။ သို့သော် မည်သည့်ဥပဒေများ၊ စည်းမျဉ်းများဖြင့် ဤအခွန်ဆောင်ရသည်ကတော့ မရှင်းလင်းလှပေ။ မြေခွန်ဆောင်ပြီး ပိုသည့်ငွေများကို နှစ်ကုန်ချိန်တွင် ဆိုင်ရှင်ထံ ပြန်အမ်းပေးသည်ဟု ဒေါ်ဆွေဆွေအောင်က ပြောသည်။

ပြန်အမ်းငွေနှင့် လက်ခံပြေစာများအကြောင်း မေးကြည့်ရာ အမည်မဖော်လိုသူ ဆိုင်ရှင်တစ်ဦးက “ပြေစာတွေ၊ ပြန်အမ်းငွေတွေဆိုတာ ကျွန်တော်တို့ ဘယ်တုန်းကမှ မကြားဖူးပါဘူးဗျာ” ဟုဖြေကြားလေသည်။

ငွေကြေးများကို ခြေရာခံခြင်း

တင်ဒါမှရသော ဝင်ငွေအားလုံးကို နိုင်ငံပိုင်ဘဏ်များတွင် ဝန်ကြီးဌာနငွေစာရင်းခေါင်းစဉ်ဖြင့် အပ်နှံထားသည်ဟု ဒေါ်ဆွေဆွေအောင်က ပြောသည်။

တက္ကသိုလ်အနေဖြင့် တင်ဒါများမှ နှစ်စဉ်ဝင်ငွေ မည်မျှရရှိပါသနည်းဟု Frontier က မေးမြန်းကြည့်ရာ အရာရှိများက ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ကြသည်။

အလားတူပင် လွှတ်တော်အမတ်များလည်း သိရှိခြင်း မရှိကြပေ။ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီမှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးအောင်မင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဇလွန်မြို့နယ်) က ဘတ်ဂျက်လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ဝန်ကြီးဌာနများက ၎င်းတို့၏ ဝင်ငွေနှင့် အသုံးစားရိတ်များကို လွှတ်တော်ထံ နှစ်စဉ် တင်ပြကြသည်ဟု ပြောသည်။ “ဒါပေမယ့် ပညာရေးဝန်ကြီးဋ္ဌာနကတော့ ဝင်ငွေရဲ့ ရင်းမြစ်တွေကို ဘယ်တော့မှ ခွဲခြား ဖော်ပြတာ မတွေ့ရပါဘူး” ဟု ၎င်းပြောသည်။ “ဝင်ငွေတွေကို သီးခြားစီ ခွဲခြားဖော်ပြပေးဖို့ကိုလဲ ဘယ်လွှတ်တော် ကိုယ်စားလှယ်ကမှ မတောင်းဆိုခဲ့ကြပါဘူး” ဟု ဦးအောင်မင်းက ပြောသည်။

ရန်ကုန်တက္ကသိုလ် ပရဝဏ်ထဲက ဆိုင်းဘုတ်များ။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ရန်ကုန်တက္ကသိုလ် ပရဝဏ်ထဲက ဆိုင်းဘုတ်များ။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

“ကျွန်တော်ထင်ပါတယ်။ တက္ကသိုလ်တွေရဲ့ ဝင်ငွေနဲ့ အသုံးစားရိတ်တွေ၊ ငွေစာရင်းတွေကို အဆင့်မြင့်ပညာ ဦးစီးဌာနကလွဲလို့ အခြားဘယ်သူကမှ သိရှိကြမယ်မထင်ပါဘူး ” ဟု ၎င်းကပြောသည်။

တက္ကသိုလ်များ၏ ငွေစာရင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ စာရင်းစစ်ချုပ်ရုံးက စာရင်းစစ်ကြရသည်။ တက္ကသိုလ်များ၏ စာရင်းစစ်အချက်အလက်များကို ပြသပေးရန် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ရုံးက ငြင်းဆန်ခဲ့ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းလည်း ပြုလုပ်ခဲ့ခြင်း မရှိချေ။ ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့မှ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ စာရင်းစစ်ခြင်းသည် လွယ်ကူရိုးရှင်းလှကြောင်း၊ ငွေရပြေစာများနှင့် အသုံးစားရိတ်များ ကိုက်ညီမှု ရှိမရှိကိုသာ စစ်ဆေးကြခြင်းဖြစ်သည်ဟု ဆိုသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) က တက္ကသိုလ်များတွင် ကျောင်းသူ၊ ကျောင်းသားများကို စာရွက်စာတမ်းများ ရောင်းချခြင်းကဲ့သို့သော အခြားဝင်ငွေ ရလမ်းများလည်း ရှိသည်ဟု ပြောသည်။ “ဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ငွေစာရင်းတွေ ကြည့်ရှုလိုကြောင်းပြောရင် တက္ကသိုလ်တင်ဒါတွေက ရတဲ့ဝင်ငွေတွေကို ဘယ်တော့မှ မပြကြပါဘူး။ တက္ကသိုလ်ဆိုတာ စီးပွားရေးလုပ်ရမယ့် နေရာမှမဟုတ်ဘဲဗျာ” ဟု ၎င်းက ပြောသည်။

အများပြည်သူများအကြား ဆွေးနွေးပြောဆိုမှုများအတွက် အစိုးရဌာန သတင်းအချက်အလက် အမြောက်အများကို ဖော်ထုတ်ပေးနေသည့် သုတေသန ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Ananda Data အား တည်ထောင်သူ ကိုထင်ကျော်အေးက ပညာရေးဝန်ကြီးဌာနတွင် တင်ဒါများ၏ ဝင်ငွေ မှတ်တမ်းမှတ်ရာများအား မတွေ့ရခြင်းက အလွန်အံ့သြဖွယ်ကောင်းသည်ဟု ပြောကြားသည်။

“ကျွန်တော် လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်အတွင်း စာရင်းစစ် အစီရင်ခံစာတွေ စစ်ဆေးကြည့်ပြီးပြီ။ တင်ဒါဝင်ငွေတွေရဲ့ မှတ်တမ်းမှတ်ရာ တစ်ခုမှ မတွေ့ရဘူးဗျာ” ဟု ၎င်းကပြောသည်။ “တက္ကသိုလ်တွေမှာ စာရင်းစစ်တွေကို ထုတ်မပြတဲ့ အပိုဘဏ်ငွေစာရင်းတွေ ရှိနိုင်ပါတယ်။ ဒီလိုဆိုရင်လဲ ဒီငွေစာရင်းတွေကို ဘယ်သူက ကြီးကြပ် ထိန်းချုပ်နေတယ်ဆိုတာလဲ မရှင်းလင်းဘူးဗျာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ- စတိဗ် တစ်ခ်နာ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar