ရန်ကုန်မြို့ရှိ အလွတ်တန်း အမှိုက်သိမ်း အလုပ်သမားများသည် လမ်းများကို သန့်ရှင်းစေလျှက် ရှိသည်။ သို့သော် တစ်ချို့ အမှိုက်သိမ်း အလုပ်သမားများကြောင့် အမှိုက်များ ပိုမိုပွနေသည်ဟူသော သံသယများလည်း ရှိကြသည်
ဂျာရတ် ဒေါင်းနင်း နှင့် သီရိဟန် ရေးသားသည်။
ဓာတ်ပုံများ- မာရို ဗာလီ
အသက် ၃၁ နှစ်ရှိ မမေကျော်လင်းသည် သူ၏ အလုပ်ကို နှစ်သက်သည်။ သို့သော် မနက်တိုင်း သူနေထိုင်ရာ ရန်ကုန်မြို့စွန်မှ နံနက် ၄ နာရီထကာ ၂ နာရီကြာ အချိန်ယူပြီး အလုပ်ခွင်သို့ လာရသည်ကို နှစ်သက်သည်ဟု မဆိုလိုပေ။ မရမ်းကုန်းမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့ရှိ လမ်းများပေါ်တွင် သံချေးတက်နေသော အမှိုက်တွန်းလှည်းကို တွန်းရသဖြင့် ခါးနာရခြင်းကို နှစ်သက်သည်ဟု မဆိုလိုပေ။ တနေကုန် အမှိုက်ဟု အော်ဟစ်၍ အလုပ်လုပ်ရခြင်းကြောင့် ညအိမ်ပြန်ရောက်၍ ကလေးများက ကြိုဆိုသောအခါတွင် ပြန်မထူးနိုင်လောက်အောင်ပင် ဖြစ်သည်။
မေမေကျော်လင်းသည် မုဆိုးမတစ်ဦး ဖြစ်သဖြင့် သူ၏ ဘဝသည် တစ်အိမ်တက်ဆင်း သွားရသော အမှိုက်သိမ်း အလုပ်သမားတစ်ဦးထက် ပိုမိုခက်ခဲလှသည်။ အမှိုက်မှထွက်သော အနံ့ဆိုးများ၊ ယင်ကောင်များကို ဂရုမစိုက်နိုင်တော့သလို တစ်ရက်တစ်လေ နေမကောင်း ဖြစ်သောအခါ သူ၏ မိခင်ကြီးက ကလေးများကို မကြည့်ရှုနိုင်သောအခါမှသာ တွန်းလှည်း မှာ သက်သာရာရပါသည်။
Freelance garbage collectors in Yangon. (Maro Verli / Frontier)
အမှိုက်ဟု ၁၀ နှစ်ကျော် အော်လာခဲ့ပြီးဖြစ်ရာ ယင်းအသံသည်ပင် နားမလည်နိုင်သော အသံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သို့သော် မမေကျော်လင်း၏ ဖောက်သည်များက သူ့ အသံကို မှတ်မိနေကြသည်။ “သူတို့ရဲ့ အမှိုက်တွေကိုပစ်ဖို့ ကျွန်မလာတဲ့အထိ စောင့်နေတဲ့ ဖောက်သည်တွေ ရှိပါတယ်” ဟု သူကဆိုသည်။
သူ အမှိုက်သိမ်းရာ လမ်းများတွင် အမှိုက်သိမ်းသော တခြား အလွတ်တန်းအမှိုက်သိမ်း အလုပ်သမားများလည်း ရှိကြသည်။ သို့သော် သူတို့ စကားများရန် မလိုအပ်ပါ။ သူတို့တွင်လည်း ပုံမှန် ဖောက်သည်များ ရှိပြီးသား ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အမှိုက်ကားများ မဝင်နိုင်လောက်အောင် ကျဉ်းမြောင်းသော လမ်းမများတွင် အမှိုက်ပစ်မည့် တိုက်ခန်းများ ရာနှင့်ချီ၍ ရှိနေသည်။ ထိုအိမ်များတွင် နေထိုင်သူများက စည်ပင်သာယာ၏ အမှိုက်ကန်သို့ ကိုယ်တိုင်သွားရောက်ပစ်ရမည့်အစား၊ တစ်ချို့ဆိုလျှင် အိမ်နောက်ဖေး ပြတင်းပေါက်မှ ပစ်ချရမည့် အစား အမှိုက်သိမ်းသမားများကို ငွေကျပ် ၃၀၀၊ ၄၀၀ ပေးပြီး အမှိုက်များကို ပစ်လိုက်ကြတော့သည်။ လူဦးရေ ငါးသန်းခန့်၏ အမှိုက်များကို စီမံခန့်ခွဲနိုင်ရန် ရုန်းကန်နေရသော ရန်ကုန်မြို့၏ တစ်ချို့နေရာများတွင် အိမ်နောက်ဖေး ပြတင်းပေါက်မှ အလွယ်တကူ ပစ်ချကြသဖြင့် အမှိုက်များမှာ မြစ်များသဖွယ် သွယ်တန်းနေသည်များလည်း ရှိသည်။
Freelance garbage collectors in Yangon. (Maro Verli / Frontier)
“စည်ပင်ဌာနက အမှိုက်ကားတွေက တစ်ခါတစ်လေမှ လာတာ။ လာရင်လည်း လမ်းထိပ်မှာပဲ ရပ်ထားတာများတယ်။ ကျွန်တော်တို့က အိမ်တွေပေါ်အထိ တက်ပြီး ယူပေးရတာပါ” ဟု အမှိုက်သိမ်းသမား ကိုမေလေးက မြို့တော်စည်ပင်မှ အမှိုက်ကားများကို ရည်ညွှန်ပြီး ပြောသည်။
ကိုမေလေးသည် စမ်းချောင်းမြို့နယ်တွင် မနေထိုင်သော်လည်း ထိုမြို့နယ်တွင် အမှိုက်သိမ်းရင်း ကြီးပြင်းလာသူ ဖြစ်သည်။ သူက နံနက် ၇ နာရီမှ ညနေ ၂ နာရီ ခန့်အထိ အလုပ်လုပ်ပြီး တစ်နေ့လျှင် ဝင်ငွေ ၅၀၀၀ ကျပ် မှ ၆၀၀၀ ကျပ် ခန့် ရရှိပါသည်။
မမေကျော်လင်းကလည်း လွတ်လပ်စွာ လုပ်ကိုင်ရသော အမှိုက်သိမ်းသမားအလုပ်၏ သဘောသဘာဝကို နှစ်သက်သည်။ ထိုသို့ လွတ်လွတ်လပ်လပ် လုပ်ကိုင်ရခြင်းကြောင့် အမျိုးသမီးများက ထိုအလုပ်ကို စိတ်ဝင်စားကြသည်ဟု သူက ဆိုသည်။
Freelance garbage collectors in Yangon. (Maro Verli / Frontier)
သူတို့ နှစ်ဦးစလုံးက ထိုအလုပ်ကို သိမ်ငယ်သည်ဟု မထင်မြင်ကြပေ။ ထို့ပြင် သူတို့၏ အိမ်နီးချင်းများကလည်း ပစ္စည်းများ သယ်ယူပို့်ဆောင်စရာ ရှိသောအခါများတွင် သူတို့ကို ခေါ်ကာ ခိုင်းကြသည်ဟု ဆိုသည်။ တစ်ခါတစ်ရံတွင် သူတို့၏ အိမ်များသို့ခေါ်၍လည်း အိမ်အလုပ်များကို ကူလုပ်စေကြသည်ဟု ဆိုသည်။ ကိုမေလေး၏ အဆိုအရ ပိုက်ဆံအများဆုံး ရရှိသော အချိန်များမှာ သူ၏ ဖောက်သည်များ အိမ်ပြောင်းချိန်တွင် ပစ္စည်းများ ကူရွှေ့ပေးရသောအခါတွင် ဖြစ်သည်ဟု ဆိုသည်။ အိမ်ပြောင်းသွားသူများက သူတို့ မလိုချင်တော့သည့် ပစ္စည်းများကိုလည်း သူတို့အတွက် ပေးခဲ့တတ်ကြသေးသည်။
“အမှိုက်ပစ်တဲ့အခါ ဖောက်သည်တွေနဲ့ သူတို့မိသားစု အကြောင်းတွေ၊ ရပ်အကြောင်း ရွာအကြောင်းတွေ ပြောဖြစ်တယ်။ နှစ်ပေါင်းများစွာ သူတို့အမှိုက်ကို ပစ်ပေးနေတဲ့ လူဆိုတော့ ကျွန်တော်ကလည်း သူတို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေသလိုပါပဲ” ကိုမေလေးက ပြောသည်။
မမေကျော်လင်းနှင့် ကိုမဲလေးတို့တွင် ကိုယ်ပိုင် တွန်းလှည်းများ ရှိကြသော်လည်း တခြားသူများမှာ စည်ပင်၏ အမှိုက်သိမ်းမှုကို အားဖြည့်ပေးနေသော တရားဝင်မဟုတ်သည့် ပုဂ္ဂလိက အမှိုက်သိမ်းအဖွဲ့များထံမှ ငှားသုံးကြရသည်။ စည်ပင်ဝန်ထမ်းများသည် အမှိုက်ကား မောင်းသည်ဖြစ်စေ၊ တွန်းလှည်းနှင့် သိမ်းသည်ဖြစ်စေ အချိန်ပိုင်းသာ အလုပ်လုပ်ကြပြီး တစ်ခါတစ်ရံမှသာ ပေါ်လာတတ်သည်။ အလွတ်တန်း အမှိုက်သိမ်းသမားများမှာမူ အမှိုက်များကို ရှင်းထုတ်နိုင်ရန် မနက်တိုင်း ရောက်လာမြဲ ဖြစ်သည်။
အမှိုက်များ ရှင်းသည်ဆိုရာတွင်မူ သင်တို့၏ တိုက်ခန်းအတွင်းမှ ရှင်းသွားခြင်းကိုသာ ဆိုလိုခြင်းဖြစ်သည်။ အလွတ်တန်း အမှိုက်သိမ်းသမားများက အမှိုက်များကို မည်သည့်နေရာတွင် စွန့်ပစ်သည်ဆိုသည်ကိုမူ သင်မေးကြည့်သောသူ တစ်ဦးနှင့် တစ်ဦး တူညီမည် မဟုတ်ပေ။ စည်ပင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာန၏ စမ်းချောင်းရုံးခွဲမှ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ ရပ်ကွက်နေသူများထံမှ အမှိုက်သိမ်းသမားများက မြောင်းများထဲတွင် အမှိုက်များ ပစ်ထားကြကြောင်းတိုင်တန်းခြင်းနှင့် မိမိတို့ အိမ်ရှေ့တွင် အမှိုက်ပုံကြီး ထူးထူးဆန်းဆန်း ပေါ်လာသဖြင့် တိုင်တန်းခြင်းတို့ကို ကြုံရသည်ဟု ဆိုသည်။
ထိုသို့ မလိမ့်တစ်ပတ်လုပ်သော အမှိုက်သိမ်းသမားများတွင် မမေကျော်လင်းနှင့် ကိုမဲလေးတို့လည်း ပါဝင်ပါက သူတို့ဝန်ခံကြမည် မဟုတ်ပေ။
“ကျွန်မက အမှိုက်တွေကို စည်ပင်ရုံးအထိ ပို့ပေးပြီး အဲဒီမှာရှိတဲ့ ကားပေါ်တွေ တင်ပေးတာပါ။ သူတို့က ကျွန်မတို့ကို ဂရုတောင်မစိုက်ပါဘူး။ တစ်ခါတစ်လေ နမူနာလုပ်ပြချင်မှ ကျွန်မတို့ရဲ့ လှည်းတွေကို သိမ်းပစ်ပါတယ်။ အဲဒီလှည်းကို ပြန်လိုချင်ရင် ၄၀၀၀၀ ကျပ် ပေးပြီး ရွေးရတယ်” ဟု မမေကျော်လင်းက ပြောသည်။
အများပြည်သူဆိုင်ရာ လုပ်ငန်းနှင့် ကိုယ်ပိုင်လုပ်ငန်းတို့ကြား ကြောင်နှင့်ကြွက် ကစားနည်း ကို အဆုံးသတ်လိုက်ခြင်းသည် ရန်ကုန်ရှိ အမှိုက်များကို ရှင်းလင်းနိုင်ရန် ပထမဦးဆုံး ခြေလှမ်းဖြစ်မည်ဟု ရန်ကုန်မြို့တွင် အမှိုက်စီမံခန့်ခွဲရေးနှင့် ပြန်လည်သုံးစွဲနိုင်ရေးကို လုပ်ဆောင်နေသော လွတ်လပ်သည့် အီတာလီ အစိုးရမဟုတ်သော အဖွဲ့အစည်း တစ်ခုဖြစ်သည့် Cesvi ၏ ဂျာမန်လူမျိုး အတိုင်ပင်ခံ Friedor Jeske က ပြောကြားသည်။
Freelance garbage collectors in Yangon. (Maro Verli / Frontier)
၎င်း၏ စီမံကိန်းများထဲတွင် လမ်းသန့်ဟု အမည်ရသော စီမံကိန်းသည် လူ့အဖွဲ့အစည်းအတွင်း လမ်းကြိုလမ်းကြားများနှင့် လွတ်နေသော မြေနေရာများတွင် အမှိုက်များ စွန့်ပစ်တတ်မှုကို ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေထားသည်။ ၎င်းမှာ မြို့တာဝန်ရှိ ပုဂ္ဂိုလ်များ၊ လူ့အဖွဲ့အစည်းဝင်များနှင့် အလွတ်တန်း အမှိုက်သိမ်းသူများအကြား ဆွေးနွေးပွဲများ ကျင်းပပေးခြင်း ဖြစ်သည်။
“ဒီဆွေးနွေးပွဲတွေက လုံးဝအောင်မြင်မှု မရှိပါဘူး။ စည်ပင်သာယာက တာဝန်ရှိပုဂ္ဂိုလ်တွေက အဆင်မပြေတာပါ။ သူတို့က အလွတ်တန်း အမှိုက်သိမ်းသူတွေကို လက်မခံပေးချင်ကြဘူး။ သူတို့က လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ဘူး” ဟု Mr Jeske က ပြောကြားသည်။
သို့သော် Mr Jeske က ဆက်နွယ်နေသော လုပ်ငန်းတစ်ခုဖြစ်သည့် ပြန်လည်အသုံးချရေး (recycling) တွင် ပုဂ္ဂလိကကဏ္ဍ၏ လုပ်ဆောင်မှုသည် အောင်မြင်ကြောင်း သက်သေပြပြီး ဖြစ်သည်ဟု ဆိုသည်။ ရန်ကုန်မြို့ရှိ recycle စနစ်မှာ အလွတ်တန်း အမှိုက်သိမ်း သမားများ၊ အနီးပတ်ဝန်းကျင်မှ အမှိုက်ရွေးချယ် ခွဲထုတ်သော လုပ်ငန်းများနှင့် အကြီးစား လက္ကားရောင်းချသူများတို့ ပါဝင်သော ရှုပ်ထွေးသည့် စနစ်ကြီးတစ်ခု ဖြစ်သည်။ ထို recycle လုပ်ငန်းစနစ်တွင် အစိုးရ၏ ပါဝင်ပတ်သက်မှု လုံးဝမရှိပေ။ သို့သော် အတော်ထိရောက်သော စနစ်ဖြစ်သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနက ခန့်မှန်းမှုအရ ရန်ကုန်မြို့မှ အမှိုက်များ၏ ငါး ရာခိုင်နှုန်းခန့်ကိုသာ recycle လုပ်နိုင်သည်ဟု ဆိုသည်။ သို့သော် Mr Jeske ကမူ ၂၀ ရာခိုင်နှုန်းခန့် ပြန်လည် အသုံးချနိုင်မည်ဟု ဆိုသည်။
၎င်းက အစီရင်ခံစာတွင် လက်ရှိစနစ်သည် ကောင်းမွန်စွာ ဖွံ့ဖြိုးနေခြင်းကြောင့် ထိရောက်မှုလည်းရှိကြောင်း၊ သို့သော် မြို့၏ လူမှုစီးပွားရေးစနစ်များ အလျင်အမြန် တိုးတက်နေသည့် အတွက် ဆိတ်သုန်းမည့် အန္တရာယ်သာ ကျရောက်နေခြင်း ဖြစ်သည်ဟုဆိုသည်။
လက်ရှိအချိန်တွင်မူ အများပြည်သူဝန်ဆောင်မှု ကဏ္ဍမှ စည်ပင်ဝန်ထမ်းများသည် မမေကျော်လင်းကဲ့သို့သော ပုဂ္ဂလိက အမှိုက်သိမ်းသမားများကို အငြိုးထားသော မျက်လုံးများဖြင့်သာ ကြည့်နေကြသည်။ သို့သော် သူ့အတွက်တော့ ဂရုစိုက်စရာ မလိုပေ။ စက်ကိရိယာ ယန္တယားများဖြင့် စည်ကားလည်ပတ်နေသော ရန်ကုန်မြို့တွင် အမှိုက်များသည် ပေါများလွန်းနေဦးမည်သာ ဖြစ်သည်။ သူမသည် ထိုယန္တယားထဲမှ တိတ်တဆိတ် လိုအပ်ချေက်ဖြစ်နေသည့် ကဏ္ဍငယ်လေးတွင် ကျေနပ်နေမည်သာ ဖြစ်သည်။ သူသည် အမှိုက်သိမ်းသည့်အလုပ်တွင် ပျော်ရွှင်နေဦးမည်သာ ဖြစ်သည်။
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။