ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ လှိုင်မြစ်ကမ်းနံဘေးမှ ဝက်သတ်ရုံများသည် ကြောက်တတ်၊ ရွံ့တတ်သူများ ညအခါ မသွားသင့်သော နေရာဖြစ်ပေသည်။
စာသားနှင့် ဓာတ်ပုံ – သူရဇော်
ရန်ကုန်မြို့ကြီး အိပ်မောကျနေစဉ် အင်းစိန်မြို့နယ်၊ ရွာမရပ်ကွက်၊ လှိုင်မြစ်ဘေးတလျှောက်ရှိ အဆောက်အအုံတန်းများတွင် ငရဲပြည်မြင်ကွင်းကို တွေ့မြင်နိုင်လေသည်။ ထိုနေရာသည် ရန်ကုန်မြို့ရှိ ဈေးများသို့ ဝက်သားပေးပို့ရန် ရာချီသည့် ဝက်များကို ညစဉ်သတ်ဖြတ်နေသော ဝက်သတ်ရုံများတည်ရှိရာ နေရာပင်ဖြစ်သည်။
typeof=
ဝက်သတ်ရုံ ၃၀ ခန့် စီတန်းနေသည်။ ဝက်သတ်ရုံ တစ်ရုံလျှင် ဝက်အကောင် ၁၀ ကောင်မှ အကောင် ၁၀၀ ခန့်ထိကို ညစဉ် ၇ နာရီခန့်ကြာအောင်အချိန်ယူ၍ နံနက် ၄ နာရီအထိ သတ်ဖြတ်ကြရသည်။ ညစ်ပတ်မည်းမှောင်နေသော အခန်းများတွင် အသတ်ခံကြရတော့မည့် ဝက်များ၏ နားကွဲမတတ် အော်ဟစ်ညည်းညူသံများဖြင့် ဆူညံနေပြီး သွေးညှီနံ့များ ဖုံးလွှမ်းနေသည်။
typeof=
ဝက်များကို မသတ်မီ ခြေလက်များမလှုပ်ရှားနိုင်အောင် ကြိုးတုပ်ထားသည်။ ဝက်များကို ဓား၊ သို့မဟုတ် ခပ်ရှည်ရှည်လှံချွန်ဖြင့် အသည်းနှလုံးထိအောင် ထိုးသတ်သည်။ ပျော့ခွေနေသော ဝက်အသေကောင်များကို ရေတွေ ပွက်ပွက်ဆူနေသော ကန်ကြီးဆီသို့ အလုပ်သမားများက သယ်ယူသွားသည်။ ရေဆူနေသော ရေကန်ထဲသို့ ဝက်ကြီးကို ပစ်ချပြီး မိနစ်အနည်းငယ်ထားသည်။ အမွေးနှင့် အရေခွံတွေ ရှင်းလင်းပစ်ရာတွင် လွယ်ကူစေရန်ဖြစ်သည်။
ထို့နောက် ဝက်ကို ခုတ်ထစ်လှီးဖြတ်ရာစင်ပေါ်သို့ တင်လိုက်သည်။ ပထမဆုံး ခေါင်းကိုဖြတ်လိုက်သည်။ ထို့နောက် ကျောရိုးတလျှောက် တရုတ်ဓားပြားကြီးဖြင့် ခွဲထုတ်လိုက်သည်။
typeof=
ဝက်နံရိုးနှင့် ဘေးထွက်ပစ္စည်းများဖြစ်သော ခေါင်း၊ နားရွက်၊ အသည်း၊ နှလုံး၊ အူ၊ သွေးခဲများနှင့် မခဲသေးသော သွေးရည်များကိုပါ အားလုံးယူသည်။ ထိုသွေးများကို ယမန်နေ့က လက်ကျန်ဝက်သားများပေါ်တွင် လတ်ဆတ်သည့်ပုံဖမ်းရန် သုတ်လိမ်းလိုက်သည်။ အားလုံးကို ဝက်သားသည်တွေက ယူသည်။ မရောင်းရတာဆိုလို့ ဝက်မွေးတို့သာ ကျန်ရစ်သည်။ ရန်ကုန်တမြို့လုံးဖြန့်မည့် ဝက်သားသည်များထံ ရောင်းရန်အသင့်ဖြစ်ပြီ။
typeof=
ဝက်သတ်ရုံသို့ ဝက်များကို မော်တော်များဖြင့် မြစ်ကြောင်းမှ တစ်ပတ်လျှင် နှစ်ကြိမ် ပို့ပေးသည်။ အောက်မြန်မာပြည်အနှံ့ မြို့ရွာများမှ ဖြစ်ပြီး ဘိုကလေးမြို့နယ်လိုဝေးလံသည့်ဒေသက ဝက်များလည်းပါသည်။ မြစ်ကမ်းတွင် ဆိပ်ခံဗောမရှိပေ။ မြစ်ဆိပ်ရောက်လျှင် ဝက်များကို ရေထဲတွန်းချပြီး အလုပ်သမားများက လည်ပင်းအထိနက်သော ရေထဲဆင်းကာ ဝက်များကို နားရွက်မှဆွဲ၍ ကမ်းသို့ ဆွဲလာသည်။ ဝက်ခြံများကို မပို့မီ ဝက်များကို မြစ်ကမ်းမှာပင် လှောင်ထားသည်။ ဝက်ခြံထဲသို့ ရောက်သောအခါ ဘာအစာမှ မကျွေးဘဲထားသည်။ သတ်သည့်အခါအစာအိမ်အတွင်းရှင်းနေစေရန် ဖြစ်သည်။ ဝက်အူအတွင်းမှ အစာအကြွင်းအကျန်များကို ရေဘုံဘိုင်တွင် ဆေးကြောပစ်သည်။
typeof=
ထိုဝက်သတ်ရုံများကို ရန်ကုန်စည်ပင်သာယာရေးကော်မတီက လိုင်စင်ချပေးသည်။ ကျန်းမာသန့်ရှင်းရေးစံညွှန်းကိုလည်း ရန်ကုန်စည်ပင်ကပင် သတ်မှတ်ချပေးသည်။ သို့သော် ဝက်သတ်ရုံများမှာ အလွန်ညစ်ပတ်လှပြီး နေရာတကာတွင် ကြွက်များထွက်လာကာ ဝက်သားများကို စားနေကြသည်။ ရုံအချို့တွင် အိမ်သာပင် မထားရှိချေ။ Frontier သွားရောက်စဉ်က အလုပ်သမားအချို့မှာ ဝက်သတ်သည့်နေရာနှင့် မလှမ်းမကမ်းရှိထောင့်တွင် အပေါ့စွန့်နေသည်ကို တွေ့ခဲ့ရသည်။
typeof=
ဝက်သတ်ရုံများဘေးတွင် ရန်ကုန်စည်ပင် ကြီးကြပ်စစ်ဆေးရေးရုံးရှိပါသည်။ အရာရှိများက ဝက်သတ်ရုံသို့ ညစဉ်လာရောက်ကာ ဝက်သားနှင့် ဝက်အသည်းတစ်ခြမ်းကို အမြဲယူဆောင်သွားသည်။ ကျန်းမာရေးစစ်ဆေးရန်ဟု ဆိုပါသည်။ သို့သော်မည်သည့် ဝက်သတ်ရုံမှ ကျန်းမာရေးနှင့်မညီဟုဆိုကာ အပိတ်ခံရသည်ဟု သူတို့ မကြားဖူးပါဟု အလုပ်သမားများက ပြောသည်။
အလုပ်သမားများက တစ်ည ကျပ် တစ်သောင်းရပြီး ဝက်သတ်သမားက ကျပ်တစ်သောင်းခွဲရသည်။ “အလုပ်မဆင်းတဲ့နေ့မှာ တစ်ပြားမှ မရပါဘူး။ ကျွန်တော်တို့ ဝက်သားစားချင်ရင် ဈေးထဲက ဝယ်စားရတယ်၊ ဝယ်တဲ့သူတွေက အကောင်လိုက်ကြိုမှာထားကြတာ” ဟု ဝက်သတ်သမားတစ်ဦးကပြောပါသည်။
typeof=
အင်းစိန်ထောင်ကြီးနှင့် မလှမ်းမကမ်း လှိုင်မြစ်လမ်းမပေါ်ရှိ အင်းစိန်ဈေးမှ ဝက်သားသည်တစ်ဦးက သူ ဝက်သားရောင်းလာတာ အနှစ် ၃၀ ရှိပြီ၊ ဝက်သတ်ရုံတွေကို တစ်ခါမှ မရောက်ဖူးပါဘူးဟု ပြောပါသည်။
“ကျွန်မတူကိုပဲ အော်ဒါ သွားမှာခိုင်းတယ်” အင်းစိန်ဈေးတွင် ဝက်အသားရော၊ အစိတ်အပိုင်းအစုံအလင် တစ်နေ့ ဝက် ငါးကောင်ရောင်းနေသော ထိုဝက်သားသည်က “ဖောက်သည်အများစုကတော့ စားသောက်ဆိုင်ကြီးတွေပါပဲ၊ သူတို့လည်း ဝက်တွေကို ဘယ်လိုသတ်နေကြတယ်ဆိုတာကို သိကြမှာ မဟုတ်ပါဘူး” ဟု ပြောပြပါသည်။
ဦးကိုကို ဘာသာပြန်သည်။