ရန်ကုန်က ပုဂ္ဂလိက ဆေးရုံစီမံကိန်း မရေမရာ ဖြစ်နေ

နေပြည်တော်၊ မေ ၅

ရန်ကုန်မြို့တွင် တည်ဆောက်မည့် အမေရိကန်ဒေါ်လာ သန်း ၇၀ တန် အငြင်းပွားဖွယ် ဆေးရုံစီမံကိန်းအား ဆက်လက်ခွင့်ပြုသင့်မသင့်ကို ပြည်သူ့လွှတ်တော်တွင် မကြာမီ ဆွေးနွေးတော့မည် ဖြစ်သည်။

The Parkway Yangon Hospital အား ရန်ကုန်အထွေထွေဆေးရုံကြီးအနီး ရန်ကုန်မြို့လယ်ရှိ မြေ ၄ ဒသမ ၄ ဧကအကျယ်ပေါ်တွင် တည်ဆောက်ရန် လျာထားခြင်း ဖြစ်သည်။

ဘီအိုတီစနစ်ဖြင့် ဆေးရုံတည်ဆောက်ခွင့်ကို ယခင်အစိုးရက ရာထူးသက်တမ်းမကုန်ဆုံးမီ ဇန်နဝါရီလတွင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တည်ဆောက်ခွင့် ပြုလိုက်ခြင်းကြောင့် ဆေးပညာလောကသားများအပါအဝင် ပြည်သူများက ပြစ်တင်ခဲ့ကြပြီး အဆိုပါမြေကွက်တွင် ပြည်သူအများအတွက် ဆေးရုံတစ်ရုံကိုသာ တည်ဆောက်သင့်သည်ဟု ပြောကြားခဲ့ကြသည်။

ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေကို အများပြည်သူသို့အသိပေးခြင်းမရှိဘဲ ပုဂ္ဂလိကဆေးရုံတည်ဆောက်ရန် အရင်အစိုးရက ခွင့်ပြုပေးထားခြင်းကို ရပ်ဆိုင်းပေးရန် မေ ၄ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

“ပွင့်လင်းမြင်သာမှုရှိဖို့၊ အများပြည်သူအကျိုးစီးပွား ဖော်ဆောင်နိုင်ဖို့နဲ့ ဆက်စပ်နေလို့ တင်သွင်းရတာ ဖြစ်ပါတယ်” ဟု အဆိုတင်သွင်းသည့် ရေကြည်မဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်းက ပြောကြားသည်။

“ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို တိုးချဲ့ရန်အတွက် လျာထားမြေများ ဖြစ်တဲ့အတွက် မည်သည့် ပုဂ္ဂလိက လုပ်ငန်းရှင်ကိုမှ ခွင့်ပြုချက် မပေးပဲ ခွင့်ပြုပေး၍ မရသော မြေနေရာလည်း ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။။

ဆေးရုံသစ်ကို စင်ကာပူနိုင်ငံမှ Parkay Hospital အုပ်စုနှင့် မြန်မာနိုင်ငံမှ Andaman Alliance Healthcare လီမိတက်တို့ ပူးပေါင်းပြီး Parkway Yangon အမည်နဲ့ ပုဂ္ဂလိကဆေးရုံ တည်ဆောက်မည် ဖြစ်သည်။ မြေငှား စာချုပ်သက်တမ်းမှာ နှစ် ၅၀ ဖြစ်ကာ မြန်မာနိုင်ငံ ရင်းနှီးမြှတ်နှံမှု ဥပဒေအရ နောက်ထပ် နှစ် ၂၀ ထပ်မံသက်တမ်းတိုးနိုင်မည် ဖြစ်သည်။ သက်တမ်းပြည့်ချိန်တွင် နိုင်ငံတော်ထံ လွှဲပြောင်းပေးရမည် ဖြစ်သည်။

တင်သွင်းသည့် အဆိုကို တောင်ကြီးမြို့နယ်ကိုယ်စားလှယ် ဒေါက်တာသန်းငွေက ထောက်ခံခဲ့ပြီး ကန့်ကွက်သူ မရှိသဖြင့် ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့သည်။ သို့သော် ဆွေးနွေးမည့် ရက်ကိုမူ မသတ်မှတ်ရသေးပေ။

အဆိုပါ ဆေးရုံစီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကလည်း ကန့်ကွက်ကြောင်း ပြောကြားထားပြီး ပြန်လည် သုံးသပ်နေစဉ် စီမံကိန်းအား ရပ်နားထားရန်လည်း လွှတ်တော်၏ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက အဆိုပြုထားသည်။

သတင်း- ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar