လိပ်ကျွန်းလူသတ်မှုမှာ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးကို သေဒဏ်ချမှတ်ခဲ့သလိုပဲ ရနောင်းလူသတ်မှုမှာလည်း ဖမ်းဆီးခံထားရတဲ့ မြန်မာတွေ အမြင့်ဆုံးပြစ်ဒဏ် ကျခံသွားရမှာကို ရှေ့နေတွေက ပူပန်နေကြပါတယ်
ထွန်းခိုင် ရေးသားသည်။
လွန်ခဲ့တဲ့ သုံးနှစ်က ထိုင်း-မြန်မာနယ်စပ် ရနောင်းမှာ အသက် ၁၆ နှစ်အရွယ် ကျောင်းသူလေးတယောက် အသတ်ခံရမှုနဲ့ ပတ်သတ်ပြီး အဖမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား လေးဦးကို ရုံးချိန်း ၇၄ ကြိမ် ကြားနာခဲ့ပြီးတဲ့နောက် မတ် ၂၉ ရက်နေ့ကျရင် ရနောင်းတရားရုံးက အပြီးသတ် အမိန့်ချမှတ်တော့မှာပါ။
လူမြင်ကွင်းမှာ အကြမ်းဖက်မှု၊ လူသတ်မှု၊ လိမ်လည်ထွက်ဆိုမှုတွေနဲ့ မြန်မာအလုပ်သမားလေးဦးကို တရားစွဲထားတာဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်က သေဒဏ်အထိ ကျခံရနိုင်ပါတယ်။
ဖမ်းဆီးခံခဲ့ရချိန်တုန်းက အသက် ၁၆ နှစ်ကနေ ၂၃ နှစ်အရွယ်အတွင်းမှာရှိသေးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကူညီပေးနေတဲ့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED- Foundation For Education and Development)က အမှုဆောင် ဒါရိုက်တာဦးထူးချစ်ကတော့ ရနောင်းလူသတ်မှုဟာ ဒုတိယလိပ်ကျွန်းလူသတ်မှုလို့ တင်စားခဲ့ပါတယ်။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာတုန်းက ဗြိတိန်စုံတွဲနှစ်ယောက်ဟာ လိပ်ကျွန်းလို့လည်း ခေါ်ကြတဲ့ ခိုတောင် (Ko Tao) ကျွန်းမှာ အသတ်ခံရမှုနဲ့ ပတ်သတ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပြီး တရားရုံးက သေဒဏ် ချမှတ် ခဲ့ပါတယ်။ ဒီအမှုမှာ မြန်မာနှစ်ယောက်ဟာ လူစားထိုးခံရတဲ့ တရားခံတွေဖြစ်ပြီး တကယ့် လက်သည်တရားခံကို ထိုင်းအစိုးရက မဖမ်းဆီးခဲ့ဘူးဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။
“လိပ်ကျွန်းနဲ့ ရနောင်းအမှု နှစ်ခုအကြား ကွဲပြားချက်ကတော့ တစ်ခုပဲရှိပါတယ်။ လိပ်ကျွန်းလူသတ်မှုက နိုင်ငံတကာက စိတ်ဝင်စားတဲ့ နိုင်ငံခြားသားခရီးသွားတွေကို သတ်တဲ့အမှုဖြစ်ပြီးတော့ ရနောင်းလူသတ်မှုကတော့ ထိုင်း-မြန်မာ ကပြား ကျောင်းသူလေးကို သတ်တဲ့အမှုဖြစ်ပါတယ်”လို့ ဦးထူးချစ်က ပြောပါတယ်။
သူ့အမှုသည်တွေဟာ လိပ်ကျွန်းလူသတ်မှုနဲ့ အပြစ်ပေးခံခဲ့ရသူ မြန်မာအလုပ်သမားတွေလိုပဲ လုံလောက်မျှတတဲ့ တရားစီရင်မှု မရခဲ့ဘူးလို့ ဆိုပါတယ်။
ရနောင်း လူသတ်မှု
အသက် ၁၆ နှစ်အရွယ် ထိုင်း-မြန်မာကပြားကျောင်းသူလေးရဲ့ ရုပ်အလောင်းကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့မှာ ရနောင်းရဲတပ်ဖွဲ့ဝင်တွေက ရနောင်းမြို့မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ထိုင်းရဲတွေဟာ တစ်လလောက်ကြာတဲ့အထိ လက်သည်တရားခံကို မဖမ်းမိဘဲ ရှိနေခဲ့ပါတယ်။
အဲဒီနောက် တစ်လနီးပါအကြာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွေးစုကျေးရွာကနေ ရနောင်းကိုလာပြီး အလုပ်လုပ်နေတဲ့ အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ် ညီအကိုနှစ်ယောက်ကို လူသတ်မှုနဲ့ ပတ်သက်တယ်ဆိုပြီး စတင်ဖမ်းဆီးခဲ့ပါတယ်။
အသက် ၁၅ နှစ်အရွယ် မိုးဇင်အောင်နဲ့ အသက် ၁၆ နှစ်အရွယ် ကျော်ရဲဦးတို့ ညီအကို နှစ်ယောက်ဟာ ရနောင်းကနေ ကီလိုမီတာ ၁၀၀ ကျော်ကွာဝေးတဲ့ ကရာဘူရီမြို့မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
ရက်အနည်းငယ်အကြာမှာတော့ ထိုင်းရဲတွေက ကျော်ရဲဦးကို ပြန်လွှတ်ပေးလိုက်ပြီး မိုးဇင်အောင်ကို ဆက်လက် ထိန်းသိမ်းထားခဲ့ပါတယ်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့မှာတော့ အသက်၂၀ အရွယ် စိန်ကတုံးနဲ့ အသက် ၁၅ နှစ်အရွယ် ကျော်စိုးဝင်းတို့ကို ရဲတွေက ထပ်ပြီး ဖမ်းဆီးခဲ့ပါတယ်။ နောက်တစ်ရက်အကြာ အောက်တိုဘာ ၂၄ ရက်နေ့မှာတော့ အသက် ၂၁ နှစ်အရွယ် ဝေလင်းကို ထပ်ပြီးဖမ်းဆီးခဲ့ပြန်ပါတယ်။
“ပင်လယ်မှာ ညီအကိုနှစ်ယောက်လုံးကို ဖမ်းသွားတယ်။ သူတို့က တရားခံအစစ်မဟုတ်ဘူးဆိုတာ လူတိုင်းသိတယ်။ ကျွန်မတို့ အခက်အခဲတွေကို မြန်မာအစိုးရ သိစေချင်ပါတယ်”လို့ ထိန်းသိမ်းခံထားရတဲ့ မိုးဇင်အောင်ရဲ့ မိခင်ဖြစ်တဲ့ ဒေါ်အိအိမိုးက ပြောပါတယ်။
ဒုတိယမြောက် လိပ်ကျွန်း အမှုလား
သန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ အလုပ်လုပ်နေကြတဲ့ ထိုင်းနိုင်ငံမှာ တရားခံရှာဖို့ ခက်ခဲတဲ့အမှုတခုဖြစ်တိုင်း မြန်မာ ရွှေ့ပြောင်းလုပ်သားတွေကို တန်စာခံအဖြစ် ထည့်သွင်းနေတာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ဖြစ်ပေါ်နေတဲ့ ပြဿနာဖြစ်တယ်လို့ ဦးထူးချစ်က ပြောပါတယ်။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာတုန်းက ဗြိတိန်စုံတွဲနှစ်ယောက် ခိုတောင်ကျွန်းမှာ အသတ်ခံရပြီးတဲ့နောက်ပိုင်းမှာမှ ဒီလို အဖြစ်အပျက်တွေကို ကမ္ဘာက အာရုံစိုက်မိလာတယ်လို့ သူကပြောပါတယ်။
ရနောင်းလူသတ်မှုမှာ အဖမ်းခံထားရတဲ့ မြန်မာတွေဟာလည်း လိပ်ကျွန်းအမှုမှာ အဖမ်းခံခဲ့ရသူတွေလိုပဲ ခြိမ်းခြောက် ဝန်ခံခိုင်းတာနဲ့ နှိပ်စက်ညှဉ်းပန်းတာတွေရှိတယ်လို့ ဦးထူးချစ်က ပြောပါတယ်။
အဲဒါကြောင့် ဖမ်းဆီးခံထားရသူတွေရဲ့ မိဘတွေက ဘန်ကောက်အခြေစိုက် ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာ တိုင်ကြားခဲ့ကြပါတယ်။
လူသတ်မှုမှာ အဓိကကျတဲ့သူဆိုပြီး ထိန်းသိမ်းခံထားရတဲ့ အသက်(၁၅)နှစ်အရွယ် မိုးဇင်အောင်နဲ့ ပတ်သတ်ပြီး ထိုင်းရဲတွေ ကိုင်တွယ်ပုံက သံသယရှိစရာတွေရှိနေတယ်လို့ သူ့မိခင်က ပြောပါတယ်။
ထိုင်းကျောင်းသူလေးဟာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့၊ ည ၇နာရီ ၃၇ မိနစ်မှာ သေဆုံးသွားတယ်လို့ ထိုင်းမှုခင်းဆရာဝန်တွေက အတည်ပြုထားပါတယ်။ ဒါပေမယ့် မိုးဇင်အောင်ဟာ အဲဒီနေ့ ည ၈ နာရီကျော်တဲ့အထိ အလုပ်ရုံထဲမှာရှိနေတယ်ဆိုတာကို အလုပ်သမားတွေနဲ့ CCTV မှတ်တမ်းသက်သေတွေ ရှိတယ်လို့ သူ့မိခင်က ပြောပါတယ်။
သေဆုံးသွားတဲ့ကျောင်းသူရဲ့ လက်သည်းခွံထဲနဲ့ လူသတ်လက်နှက်လို့ ယူဆထားတဲ့ ဓားမှာတွေ့ရှိတဲ့ DNA နဲ့ ထိန်းသိမ်းခံထားရတဲ့သူတွေရဲ့ DNA က မတူဘူးလို့လည်း မှုခင်းဆရာဝန်တွေကို ကိုးကားပြီး ဦးထူးချစ်က ပြောပါတယ်။
“သေသွားတဲ့ ကလေးမလေး လက်သည်းထဲမှာရှိတဲ့ DNA နဲ့ ဖမ်းခံထားရသူ လေးယောက်မှာရှိတဲ့ DNA က မတူပါ ဘူးလို့ ရနောင်းခရိုင် မှုခင်းဆရာဝန်ကြီးက တရားရုံးမှာ လာရှင်းပြသွားတယ်” လို့ ဦးထူးချစ်က ပြောပါတယ်။
မြန်မာလုပ်သားတွေဘက်က အခြေအနေကောင်းပေမဲ့ မမျှော်လင့်တဲ့ အခြေအနေတွေလည်း ရင်ဆိုင်ရနိုင်တယ်လို့ ဦးထူးချစ်က ခန့်မှန်းထားပါတယ်။
နိုင်ငံတကာနဲ့ မြန်မာအစိုးရက စောင့်ကြည့်နေပေမယ့် အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေနဲ့ မြန်မာရွှေ့ပြောင်းလုပ် သားနှစ်ဦးကို သေဒဏ်ချမှတ်ခဲ့သလိုပဲ ရနောင်းလူသတ်မှုမှာလည်း မြန်မာရွှေ့ပြောင်းလုပ်သားတွေ အမြင့်ဆုံး ပြစ်ဒဏ် ကျခံသွားရမှာကို ရှေ့နေတွေက ပူပန်နေကြပါတယ်။
ဒါကြောင့် မြန်မာအစိုးရက ကြားဝင်ဖြေရှင်းမှုတွေ ပြုလုပ်ပေးဖို့ လိုအပ်တယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
“အစိုးရအနေနဲ့ပါရင် ထိုင်းဘက်က ပိုပြီး သတိထားလိမ့်မယ်။ မြန်မာအစိုးရကို သူများနိုင်ငံရေး၊ သူများတရားရေးမဏ္ဍိုင်ကို ဝင်ပြီး စွက်ဖက်ခိုင်းတာ မဟုတ်ဘူး။ ထိုင်းနိုင်ငံ တရားဥပဒေအရ မျှမျှတတ စီရင်ပါလို့ ပြောစေချင်ယုံပါပဲ” လို့ ဦးထူးချစ်က ပြောပါတယ်။
လက်ရှိအချိန်အထိတော့ မြန်မာအစိုးရဘက်က ကူညီတာတွေဟာ လုံလောက်မှုမရှိဘူးလို့ မြန်မာလုပ်သားတွေဘက်က လိုက်ပါ ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအရာရှိတွေထံကို စာပို့ အကူအညီတောင်းတာ၊ လွှတ်တော်အမတ်တွေဆီကို ဆက်သွယ် အကူအညီတောင်းတာတွေ လုပ်ခဲ့ပေမယ့် ဘယ်သူကမှ အကြောင်းမပြန်သေးဘူးလို့ ဦးထူးချစ်က ပြောပါတယ်။
“ထိုင်းလုပ်ငန်းရှင် သူဌေးတွေကိုယ်တိုင် ထိုင်းမှာနေပြီးတော့ အန္တရာယ်ကြားထဲကနေ အမှုကို အမှန်အတိုင်း ဖြစ်ပါစေဆိုပြီးတော့ တရားရုံးမှာ ထွက်ဆိုပေးနေတဲ့အချိန်မှာ မြန်မာအစိုးရအနေနဲ့ အမှုကို အမှန်အတိုင်းဖြစ်ဖို့ ပြောသင့်တယ်”လို့ ဦးထူးချစ်ကပြောပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာ ငါးဖမ်းလုပ်သားတွေအပါအဝင် ရွှေ့ပြောင်းလုပ်သားတွေအရေးအတွက် အမေရိကန်အပါအဝင် နိုင်ငံတကာက ဖိအားပေးတာ ခံနေရချိန်ဖြစ်တဲ့အတွက် ရနောင်းလူသတ်မှုဟာ ထိုင်းအစိုးရကို ဖိအားပေးဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ ဦးထူးချစ်က ပြောပါတယ်။
“ဒီအချိန်ဟာ ရွှေ့ပြောင်း အလုပ်သမားတွေကို တတ်နိုင်သမျှ တရားဥပဒေအရ တကယ်ကောင်းတဲ့အချိန်ပါ။ အဲဒီကိစ္စတွေက မြန်မာအစိုးရပဲ လုပ်လို့ရတဲ့ ကိစ္စပါ။ ဘာကြောင့် သူတို့ မလုပ်ပေးလဲဆိုတာတော့ မေးခွန်းထုတ်သင့်တဲ့ ကိစ္စပါ”လို့ ဦးထူးချစ်က ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ မြန်မာလုပ်သားတွေကို သံရုံးက လစ်လျှူရှုထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ငြင်းဆိုထားပါတယ်။
ဒီကိစ္စကို အနီးကပ်စောင့်ကြည့်ဖို့ ထိုင်းတောင်ပိုင်းမှာ သီးခြားရှိေနတဲ့ အလုပ်သမားသံအရာရှိတယောက်ကို တာဝန်ပေးထားပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေကိုလည်း သံရုံးဘက်က ကူညီနေတယ်လို့ဦးစန်းမောင်ဦးက ပြောပါတယ်။
ထိုင်းနိုင်ငံဘက်က တရားစီရင်ရေးကိုမြန်မာဘက်က ဝင်စွက်ဖက်လို့မရနိုင်ပေမယ့် ဥပဒေအကြံပေး ငှားရမ်းတာအပါအဝင် အတတ်နိုင်ဆုံး အကူအညီပေးတားတယ်လို့သူကပြောပါတယ်။