မြန်မာနိုင်ငံ ရင်းနှီးမြှုတ်နှံမှုကော်မရှင်အား ပြန်လည်ဖွဲ့စည်းရန် နှောင့်နှေးနေမှုကြောင့် ရင်းနှီးမြှုတ်နှံမှု လျောက်ထားလွှာ ၁၀၀ ခန့် အတည်ပြုချက်ရရှိရန် စောင့်ဆိုင်းနေရသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Nikkei Asian Review က ဖော်ပြခဲ့သည်။
ထိုသို့အတည်ပြုချက်ရရှိရန် နှောင့်နှေးနေမှုကြောင့် ရင်းနှီးမြှုတ်နှံမည့်သူများအား အတားအဆီးဖြစ်စေသည်ဟု ၎င်းမဂ္ဂဇင်း၏ ဝက်ဘ်ဆိုက်တွင် မေ ၃ ရက်နေ့က ရေးသားထားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အာဏာရရှိပြီးနောက် မြန်မာနိုင်ငံ ရင်းနှီမြှုတ်နှံမှုကော်မရှင်အဖွဲ့ဝင် ကိုးဦး၏ သက်တမ်းကုန်ဆုံးသွားချိန် မတ်လကုန်မှ စတင်ကာ ပြည်ပရင်းနှီးမြှုတ်နှံမှုအသစ်များကို ခွင့်ပြုပေးခြင်း မရှိသေးပေ။
ကော်မရှင်အဖွဲ့ဝင်များကို ဇွန်လအတွင်း ခန့်အပ်မည်ဖြစ်ကာ ခွင့်ပြုချက်ပေးရမည့် လုပ်ငန်းစဉ်သည် ရက်သတ္တပတ်အနည်းငယ်သာ ကြာမြင့်မည်ဖြစ်ကြောင်း ကော်မရှင်အတွင်းရေးမှူးဦးအောင်နိုင်ဦးက ပြီးခဲသည့် ရက်သတ္တပတ်က ပြေကြားကြောင်း မြန်မာတိုင်း(မ်)က ဇွန် ၁ ရက်နေ့က ရေးသားထားသည်။
ထိုကဲ့သို့ ကော်မရှင်သစ် ဖွဲ့စည်းရန် နှောင့်နှေးနေရခြင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အလုပ်များနေသောကြောင့် ဖြစ်သည်ဟု Nikkei Asian Review က ရေးသားထားသည်။
အဖွဲ့ဝင်သစ်များအား ရွေးချယ်သည့်လုပ်ငန်းသည် မေလကုန်အထိ စတင်နိုင်ခြင်းမရှိသေးဟုလည်း ရေးသားထားသည်။
ကော်မရှင်အဖွဲ့ဝင်သစ်များကို သမ္မတက ခန့်အပ်ရမည်ဖြစ်သော်လည်း နိုင်ငံတော်အတိုင်ပင်ခံဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ရွေးချယ်လိမ့်မည်ဟု ရေးသားထားသည်။
၂၀၁၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုသည် ၈ ဒဿမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားသည်။
“အရှေ့တောင်အာရှတွင် ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးဖြစ်စေရေး ပြည့်မှီစေရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုတ်နှံမှုသည် အဓိက သော့ချက်ဖြစ်သည်” ဟု မဂ္ဂဇင်းကရေးသားထားသည်။
နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများသည် ၂၀၁၅ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလျံအထိ ရှိခဲ့ပြီး ဒုတိယမြောက် အမြင့်ဆုံး စံချိန်ဖြစ်သည်။
သတင်း- Frontier