“ရင်းနှီးမြုပ်နှံမှု ဆွဲဆောင်ဖို့ ကြိုးနီစနစ်ကို လျှော့ချပါ”

aw_marketplace_3.jpg

ဗဟန်းမြို့နယ်ရှိ City Mart ဆိုင်ခွဲတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ-အန်းဝမ်

မြန်မာနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အစိုးရအနေနဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် စည်းမျဉ်းစည်းကမ်း ဖြေလျော့မှုတွေလုပ်ဖို့ လိုအပ်လာပြီလို့ City Mart Holding ရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်က အကြံပြုတိုက်တွန်းထားပါတယ်။

ဝင်းဝင်းတင့် ရေးသားသည်။

မြန်မာ့စီးပွားရေးကို အကျိုးပြုနိုင်တဲ့ ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ဆွဲဆောင်နိုင်ဖို့ အစိုးရအနေနဲ့ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ အိမ်ခြံမြေလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း ပေါ်လစီတွေကို ချိန်ညှိပေးဖို့ လိုအပ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ ကာလအတွင်း မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ပြောင်းလဲမှုကြီးတွေကို ကျွန်မတို့ မျက်မြင်တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့  အကြီးမားဆုံး ပြောင်းလဲမှု အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရသစ်အဖြစ် ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ NLD ဟာ ပြည်သူဆီက အပြည့်အဝ ထောက်ခံအားပေးမှုရရှိခဲ့ခြင်း ဖြစ်ပါတယ်။

NLD အစိုးရက ဆောင်ရွက်ဖို့ ရည်ရွယ်ထားတဲ့ စီးပွားရေးမူဝါဒ အသေးစိတ်ကို မသိရှိရသေးပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်အတွင်းက ရရှိလာတဲ့  စီးပွားရေးဖွံ့ဖြိုးရေး တိုးတက်မှုတွေကို ဆက်လက်တိုးမြှင့်ရရှိအောင် NLD အစိုးရက ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဒီလိုတိုးတက်မှုရအောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ကျွန်မရဲ့ စီးပွားရေးလုပ်သက် အနှစ် ၂၀ သက်တမ်း အတွေ့အကြုံတွေကနေ ထုတ်နုတ်ပြီး တင်ပြချင်ပါတယ်။ အဓိကကတော့ ကျွန်မတို့လုပ်ငန်းနဲ့ အများဆုံးသက်ဆိုင်တဲ့ နယ်ပယ်တွေ ဖြစ်တဲ့ ငွေကြေးအရင်းအနှီး၊ ကုန်သွယ်ရေးပြုပြင်ပြောင်းလဲမှု၊ အိမ်ခြံမြေလုပ်ငန်းနဲ့ စီးပွားရေး လုပ်ငန်း စည်းမျဉ်းတွေအပေါ် အာရုံထားပြီး သုံးသပ်တင်ပြလိုပါတယ်။

ကျွန်မရဲ့ အဆိုပြုချက်အများစုက ကန့်သတ်ထိန်းချုပ်မှုများကို လျှော့ချရေးဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းအသစ် ထိန်းချုပ်မှုတွေကို ထပ်မံပြီး မပြဋ္ဌာန်းရေးပါ။ ဒါကဘာကြောင့်လဲ ဆိုတော့ စည်းမျဉ်းစည်းကမ်းတွေ များပြားလွန်းတာက တရားမဝင်ကုန်သွယ်မှုနဲ့ တာဝန်မဲ့ စီးပွားရေးလုပ်ငန်းတွေကို သွယ်ဝိုက်ပြီး အားပေးသလို ဖြစ်စေတယ်လို့ ယုံကြည်လို့ပါ။

မြန်မာနိုင်ငံရဲ့ အစိုးရအုပ်ချုပ်မှုယန္တယားကြီးဟာ အင်အားနည်းတဲ့ အခြေအနေမှာ ရှိနေသေးတယ်ဆိုတာ ကျွန်မတို့လက်ခံရပါမယ်။ သူတို့ဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲစည်းကမ်း၊ ဥပဒေ အများအပြားကို အာဏာသက်ရောက်မှုရှိအောင် စွမ်းဆောင်နိုင်ခြင်း အပြည့်အဝ မရှိသေးပါဘူး။ အဲဒီအခြေအနေရဲ့ဂယက်ဟာ တာဝန်သိတဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ တည်ဆဲစည်းမျဉ်း ဥပဒေတွေကို လိုက်နာဖို့ ခက်ခက်ခဲခဲ စရိတ်များကျခံပြီး အားထုတ်နေကြရချိန်မှာ တရားမဝင် စီးပွားရေး လုပ်ငန်းတွေနဲ့ တာဝန်ယူမှုနည်းတဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ ဒီလိုစည်းကမ်း ဥပဒေတွေကို ရှောင်ကြဉ်နိုင်တဲ့ အနေအထားမျိုး ရှိနေတဲ့အတွက် ယှဉ်ပြိုင်မှုမှာ ၎င်းတို့ကို တစ်ပန်းသာစေပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀ ကာလအတွင်းက ဆိုရှယ်လစ်စီးပွားရေးစနစ်ကနေ တံခါးဖွင့် စီးပွားရေးအသွင် ပြောင်းလိုက်ပြီးနောက် ပုဂ္ဂလိကစီးပွားရေးကဏ္ဍဟာ တိုးတက်လာခဲ့ပါတယ်။ တံခါးဖွင့်စီးပွားရေးစနစ် ပီပီပြင်ပြင်မဟုတ်ခဲ့ပေမယ့် စီးပွားရေးတံခါးဖွင့်ခြင်းနဲ့ ပုဂ္ဂလိကစီးပွားရေး လုပ်ကိုင်ခွင့် အစပျိုးခဲ့ပြီး တိုင်းပြည်စီးပွားရေး တိုးတက်သင့်သလောက် တိုးတက်ခဲ့ပါတယ်။ ဒါပေမယ့် အခြားဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးခရီးက အခုမှ အစပျိုးကာစမှာပဲ ရှိနေသေးတယ်လို့ ပြောကြားနေကြတဲ့ ကျွမ်းကျင်သူ တော်တော်များများရဲ့ အဆိုကို ကျွန်မသဘောတူပါတယ်။

 နိုင်ငံရဲ့ ကြွယ်ဝမှုဟာ လူနည်းစုရဲ့ လက်ထဲမှာပဲရှိနေခဲ့တာ ဆယ်စုနှစ်များစွာ ကြာနေခဲ့ပါပြီ။ ဒီလိုဖြစ်နေတာက တိုင်းပြည်ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အနုတ်လက္ခဏာ သက်ရောက်မှု ဖြစ်တယ်ဆိုတာ ကျွန်မတို့ ကိုယ်တွေ့ မြင်ခဲ့ပြီးပါပြီ။ နိုင်ငံရဲ့ ကြွယ်ဝမှုကို ပြည်သူအများထံ မျှဝေနိုင်ဖို့က အရေးကြီးသလို အဲဒီလိုဖြစ်ဖို့အတွက်  အချိန်တော့ယူရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စီးပွားရေးပေါ်လစီတွေကို ချမှတ်တဲ့အခါ ချမှတ်သူတွေအနေနဲ့ ပြည်သူအများ အကျိုး ရှိနိုင်ရေး (Inclusiveness)၊  ညီတူညီမျှ တိုးတက်နိုင်ရေး (Shared Growth) တွေဖြစ်ဖို့ကို အာရုံစိုက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။   

မြန်မာစွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအနေနှင့်  နိုင်ငံရဲ့ စက်ရုံတွေ၊ အခြေခံ အဆောက်အအုံတွေ၊ ဆိုင်တွေ၊ ဟိုတယ်တွေနဲ့ စီးပွားရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့၊ စီးပွားရေးလုပ်ကိုင်ဖို့ ဆန္ဒအိပ်မက်တွေ ရှိပါတယ်။ သူတို့တွေသာ သူတို့ရဲ့ ဆန္ဒအိပ်မက်တွေကို အကောင်အထည်ဖော် နိုင်မယ်ဆိုလျှင် ဒါဟာ အလွန်များပြားတဲ့ အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖြစ်ပေါ်စေပြီး နိုင်ငံအတွက် တူညီတဲ့ ကြွယ်ဝမှုဆီကို ဦးတည်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဒီလိုလုပ်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးအရင်းအနှီးကို ရနိုင်တဲ့အခွင့်အရေး အလွန်နည်းနေပါတယ်။  အကြောင်းရင်း နှစ်ခု ရှိပါတယ်။ တစ်ခုက သူတို့ဟာ နိုင်ငံတကာဘဏ်တွေဆီက ငွေမချေးနိုင်ပါဘူး။ ဒုတိယ တစ်ချက်ကတော့ ပြည်တွင်းဘဏ်တွေ အပေါ်ချမှတ်ထားတဲ့ ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေက တင်းကျပ်လွန်းပါတယ်။

မြန်မာနိုင်ငံမှာ ဘဏ်ခွဲဖွင့်ဖို့ နိုင်ငံတကာဘဏ်တွေကို လိုင်စင်ချထား ပေးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာတွေပိုင်တဲ့ ကုမ္ပဏီတွေကို တိုက်ရိုက်ငွေချေးခွင့်ကိုတော့ ပိတ်ပင်ထားပါတယ်။ ဒါကြောင့် မြန်မာကုမ္ပဏီတွေက ငွေချေးဖို့ ပြည်တွင်းဘဏ်တွေကသာ ချေးခွင့်ရပါတယ်။ ဒါပေမယ့်လည်း လုပ်ငန်းတွေက လိုအပ်တဲ့ပမာဏကို ငွေချေးပေးဖို့ ပြည်တွင်းဘဏ်တွေကို တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ တားမြစ်ထားပြန်ပါတယ်။ အသိသာဆုံးစိန်ခေါ်မှုကတော့ ဘဏ်တွေအပေါ် သတ်မှတ်ထားတဲ့ အမြင့်ဆုံးငွေချေးနှုန်း  ၁၃ ရာခိုင်နှုန်းနဲ့ ချေးရခြင်း ဖြစ်ပါတယ်။    

ပြည်ပရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်နေသလို ပြည်ပစီးပွားရေးလုပ်ငန်းတွေ မြန်မာပြည်ထဲ တဖြည်းဖြည်း ဝင်ရောက် လုပ်ကိုင်နေပါတယ်။ ဒါပေမယ့် ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေကတော့ ယှဉ်ပြိုင်နိုင်ဖို့အတွက်  ရုန်းကန်နေရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့က အရင်းအနှီး ရရှိနိုင်ဖို့အတွက် ခက်ခဲလှသလို အတိုးနှုန်းကလည်း မြင့်မားတာကြောင့်၊ အရင်းအနှီး ရရှိနိုင်ဖို့၊ ရင်းနှီးဖို့ခက်ခဲနေတာနဲ့တင် ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲလှပါတယ်။ နိုင်ငံတစ်ခုဟာ သူရဲ့ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေအပေါ် ခွဲခြား မဆက်ဆံသင့်ပါဘူး။

စက်တင်ဘာလအတွင်းက ကျင်းပခဲ့သည့် City Mart Holdings ၏ အနှစ် ၂၀ ပြည့် အခမ်းအနားတွင် ဒေါ်ဝင်းဝင်းတင့် မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ- City Mart Holdings

စက်တင်ဘာလအတွင်းက ကျင်းပခဲ့သည့် City Mart Holdings ၏ အနှစ် ၂၀ ပြည့် အခမ်းအနားတွင် ဒေါ်ဝင်းဝင်းတင့် မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ- City Mart Holdings

ငွေချေးယူရတဲ့ အတိုးနှုန်းမြင့်မားမှုဟာ ငွေကြေးအရင်းအနှီး ရနိုင်ဖို့အတွက် တစ်ခုတည်းသော စိန်ခေါ်မှုတော့ မဟုတ်ပါဘူး။ ပြည်တွင်းဘဏ်တွေက ငွေချေးဖို့ဆိုရင် ကျွန်မတို့ရဲ့ မပြောင်းရွှေ့နိုင်တဲ့ အိမ်ခြံမြေတွေကို အပေါင်ထားရပါတယ်။ တခြားနိုင်ငံတွေနဲ့ မတူတာက အခြား ကုန်ပစ္စည်းတွေလို၊ ငွေစာရင်းကြွေးကျန်လို ရွှေ့ပြောင်းနိုင်တဲ့ပိုင်ဆိုင်မှုတွေကို အာမခံအဖြစ်ထားပြီး ငွေချေးယူလို့ မရပါဘူး။  ဒါ့ကြောင့် မြန်မာလုပ်ငန်းတွေအနေနဲ့ ချေးယူနိုင်တဲ့ငွေပမာဏက အိမ်ခြံမြေ ပိုင်ဆိုင်မှုအပေါ်မှာပဲ အကန့်အသတ်ဖြစ်နေပါတယ်။

ငွေကြေးအရင်းအနှီးအခက်အခဲအတွက် ကျွန်မမှာ အဆိုပြုချက်နှစ်ခု ရှိပါတယ်။ ပထမတစ်ခုက ပြည်တွင်းကုမ္ပဏီတွေကို နိုင်ငံတကာဘဏ်တွေဆီက ငွေချေးယူခွင့်ပြုပေးဖို့ဖြစ်ပြီး ဒုတိယကတော့ ပြည်တွင်းဘဏ်များက ငွေချေးပေးတဲ့အပေါ် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ဖြေလျှော့ပေးဖို့ပါ။ ပြည်တွင်းဘဏ်တွေကို ချေးငွေစွန့်စားမှု (Credit Risk) အပေါ် အကဲဖြတ်ခွင့် ပေးသင့်ပြီး သင့်လျော်တဲ့ အတိုးနှုန်းလည်း ချမှတ်ခွင့် ပေးသင့်ပါတယ်။

တခြားနိုင်ငံက ဘဏ်လုပ်ငန်းတွေလိုပဲ ချေးငွေရာဇဝင်မရှိတဲ့ တစ်ဦးချင်းစီအတွက် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းကျော်ဟာ သင့်တော်နိုင်ပေမယ့် လက်ကျန်ငွေလည်း အားကောင်းပြီး ရှည်လျားတဲ့ ကုန်သွယ်ရေးသမိုင်းကြောင်းရှိတဲ့ လုပ်ငန်းမျိုးတွေကိုတော့ ယခုထက်ပိုသက်သာတဲ့ အတိုးနှုန်းမျိုး သတ်မှတ်တာသာ ဖြစ်သင့်ပါတယ်။  ရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်တဲ့အရာတွေကိုလည်း အာမခံအဖြစ် လက်ခံပေးဖို့ ပြည်တွင်းဘဏ်တွေကို ခွင့်ပြုသင့်ပါတယ်။

စည်းမျဉ်းစည်းကမ်းတွေ များပြားလွန်းခြင်းက ကုန်သွယ်ရေးကဏ္ဍအပေါ် ကြီးမားတဲ့ ဆိုးကျိုးရိုက်ခတ်မှုရှိနေပြီး တရားမဝင်ကုန်သွယ်ရေးကိုလည်း သွယ်ဝိုက်အားပေးစေပါတယ်။ မြန်မာနိုင်ငံရဲ့ တရားမဝင်ကုန်သွယ်ရေး ပမာဏကို ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါပေမယ့် အမေရိကန်ဒေါ်လာ ဘီလျံများစွာရှိမယ်လို့ ခန့်မှန်းနိုင်ပါတယ်။  ကြီးမားတဲ့ တရားမဝင် ကုန်သွယ်မှုတွေကြောင့် နိုင်ငံအနေနဲ့ များစွာဆုံးရှုံးစေသလို စီးပွားရေးလုပ်ကိုင်သူတွေ အားလုံးအတွက်လည်း  ကြီးမားတဲ့ ပြဿနာတွေကိုဖြစ်စေပါတယ်။

တရားမဝင်ကုန်သွယ်မှုကြောင့် ပြည်သူ့ဝန်ဆောင်မှုနဲ့ တိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် လိုအပ်တဲ့အခွန်ဘဏ္ဍာတွေ ပျောက်ဆုံးနေပါတယ်။ တရားဝင် စီးပွားရေးလုပ်ငန်းတွေကလည်း ဒုက္ခရောက်နေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တရားမဝင် ကုန်သည်တွေနဲ့ ယှဉ်ပြိုင်ဖို့ သူတို့အတွက် ခက်ခဲနေလို့ပါ။ တရားဝင် မတင်သွင်းနိုင်တဲ့ ကုန်တွေ၊ အခွန်မဲ့ကုန်တွေကို တရားမဝင်တင်သွင်းနေတော့ ယှဉ်ပြိုင်ပြီးလုပ်ကိုင်ဖို့ မဖြစ်နိုင်ပါဘူး။ နောက်ပြီး အဲဒီပစ္စည်းတွေက အရည်အသွေးနိမ့်ပြီး အန္တရာယ်မကင်းတဲ့ပစ္စည်းလည်း ဖြစ်နိုင်တော့ စားသုံးသူတွေအတွက်လည်း ဘေးဥပါဒ် ဖြစ်စေနိုင်ပါတယ်။

ပထဝီအနေအထားအရ တရားမဝင် ကုန်သွယ်မှုအတွက် နယ်စပ်တွေကို ထိန်းသိမ်း စောင့်ကြပ်ရာမှာ စိန်ခေါ်မှုတွေရှိပါတယ်။ ဒါပေမယ့် ပိုမိုကောင်းမွန်တဲ့ စီမံမှုတွေပြုလုပ်ပြီး တရားမဝင် ကုန်သွယ်မှုကို ကန့်သတ်လို့ရပါတယ်။ ပထမဆုံးက မြန်မာနိုင်ငံမှာ ကုန်ပစ္စည်း ထုတ်လုပ်မှုနဲ့ ပြည်ပကနေ ကုန်ပစ္စည်းတင်သွင်းမှုတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းဥပဒေတွေက များပြား ရှုပ်ထွေးလွန်းပါတယ်။ ပြည်တွင်းကုန်ပစ္စည်း ထုတ်လုပ်သူတွေတောင် စည်းမျဉ်းအားလုံးကို ရှင်းရှင်းလင်းလင်း မသိကြပါဘူး။

ကုန်ပစ္စည်းတင်သွင်းတဲ့အပိုင်းမှာ စိန်ခေါ်မှုတွေက ပိုပြီးကြီးမားပါတယ်။ သွင်းကုန် အခွန်တွေနဲ့ပတ်သက်ပြီး ဈေးနှုန်းသတ်မှတ်မှုတွေက အမျိုးမျိုးကွဲပြားနေပါတယ်။ လာဘ်ပေး လာဘ်ယူမှုနဲ့ အကျင့်ပျက်ခြစားမှုတွေက ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ အစားအစာနဲ့ ဆေးဝါး ကုန်ပစ္စည်းတွေနဲ့ ပတ်သက်လို့ပြောရရင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန (FDA) ဆီက ထောက်ခံချက်ရရှိရေးလုပ်ငန်းစဉ်က ကြီးမားတဲ့ ကြန့်ကြာမှုနဲ့ အခက်အခဲတွေ ရှိပါတယ်။ ဆိပ်ကမ်းတွေမှာ ပြည့်ကျပ်ပိတ်ဆို့မှုတွေ၊ စွမ်းဆောင်ရည် အားနည်းတာတွေကိုလည်း တွေ့ရှိနေရပါတယ်။

ဥပဒေကို လိုက်နာကျင့်သုံးအောင် ထိန်းမတ်ပေးမယ့် လူတွေအမှန်တကယ် လိုအပ်နေပါသေးတယ်။
ဒါကတော့ တရားရုံးတွေနဲ့ တရားသူကြီးတွေရဲ့ အခန်းကဏ္ဍပါပဲ။ စီးပွားရေးလုပ်ငန်းတွေက တရားစီရင်မှုစနစ်ကို ယုံကြည်မှုမရှိကြပါဘူး။

အခြေအနေကို သုံးသပ်ရမယ်ဆိုလျှင်  စနစ်တကျနဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီ လုပ်ကိုင်လိုသူတွေအတွက် အရမ်းတင်းကြပ်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ခက်ခဲမှုတွေကိုဖြစ်စေပြီး အကျင့်ပျက်ခြစားမှုကို မတိုက်ဖျက်နိုင်ခြင်း၊ စီမံခန့်ခွဲမှုအားနည်းခြင်းတို့ကြောင့် ဥပဒေပြင်ပကနေ လုပ်ကိုင်လိုသူတွေအနေဖြင့် ဥပဒေဘောင်အတွင်း လုပ်ကိုင်လိုသူများထက် ပို၍အဆင်ပြေ လုပ်ကိုင်နိုင်သည့် အနေအထားမျိုး ဖြစ်စေပါတယ်။ ဥပမာအားဖြင့် တရားဝင်တင်သွင်းသည့် စားသောက်ကုန်ပစ္စည်းများအတွက် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ခက်ခဲစွာ အချိန်ယူ ငွေကုန် ဆောင်ရွက်မှသာလျှင် တင်သွင်းခွင့်ပြုသော်လည်း၊ ပြည်ပကနေ တရားမဝင်တင်သွင်းလာတဲ့ စားသောက်ကုန်တွေ၊ ပြည်တွင်းထုတ် ဘေးအန္တရာယ်ကင်းရှင်းခြင်းမရှိသော ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော  စားသောက်ကုန်တွေက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ ရောက်ရှိပြန့်နှံ့နေသည့် အနေအထားအတွက် မည်သူကမှ တာဝန်ယူ၍ မည်သူက တာဝန်ရှိသည်ကို ယခုအချိန်ထိ ကွဲပြားစွာ အဖြေထုတ်နိုင်ခြင်း မရှိသေးသော အခြေအနေဖြစ်ပါတယ်။ အရေးယူမှုတွေ ပြုလုပ်ရာမှာလည်း တပြေးညီမရှိခြင်း၊ တစ်သတ်မတ်တည်း မရှိခြင်းတို့ကြောင့် အချို့ကုန်သည်များသာ ပစ်မှတ်ထားခံရပြီး အချို့ကုန်သည်တွေကိုတော့ မသိကျိုးကျွန် ပြုထားပါတယ်။  အရေးယူမှုဆောင်ရွက်ရန် လိုအပ်ချိန်တွင် အရေးယူလိုသူပေါ်တွင်သာ ပစ်မှတ်ထား ဆောင်ရွက်ပြီး မျှတမှုမရှိသော အနေအထား ဖြစ်သည့်အတွက်ကြောင့် အစိုးရအုပ်ချုပ်သူများနှင့် ပြည်သူလူထုအကြား ယုံကြည်မှု တည်ဆောက်နိုင်ခြင်း မရှိသေးပါ။

အထက်ပါစိန်ခေါ်မှုတွေရှိနေတဲ့ တရားမဝင်ကုန်သွယ်မှုကို ကိုင်တွယ်ဖို့ အစိုးရက ဘာတွေ လုပ်နိုင်မလဲ။ ကျွန်မစောစောက ပြောခဲ့သလို အဓိကဖြေရှင်းပေးနိုင်တဲ့ အချက်က စည်းမျဉ်းစည်းကမ်း လျှော့ချရေးပါပဲ။ တကယ်လို့သာ အစိုးရက ကုန်သည်တွေအတွက် တရားဝင် လမ်းကြောင်းတွေကို အသုံးပြုနိုင်ဖို့ လွယ်ကူသက်သာအောင် လုပ်ပေးမယ်ဆိုရင် ကုန်သည် အများစုကလည်း အဲဒီလမ်းကြောင်းတွေအတိုင်း သွားကြမှာပါ။ အစိုးရယန္တယား ပြုပြင်ရာမှာ အချို့သော အစိုးရလုပ်ငန်းကဏ္ဍတွေမှာ One Stop Service ထူထောင်ပြီး  တစ်နေရာတည်းမှာ သက်ဆိုင်တဲ့ လုပ်ငန်းများအားလုံး ဆောင်ရွက်နိုင်အောင်နဲ့ ရှင်းလင်းလွယ်ကူစေတဲ့ လုပ်ငန်းစဉ် တွေ ရှိနေခြင်းတို့ရဲ့ အကျိုးကျေးဇူးကို ကျွန်မတို့ ရရှိထားပါတယ်။ အဲဒီလိုပဲ ကုန်သွယ်ရေး ကဏ္ဍမှာလည်း ဒါမျိုးပြုပြင်မှုတွေ ရှိသင့်ပါတယ်။

ပြည်ပက တရားမဝင်တင်သွင်းဖို့ ပိတ်ပင်ထားတဲ့ ဈေးကွက်အတွင်း ဝယ်လိုအားရှိနေတဲ့ သွင်းကုန်ပစ္စည်းတွေ ရှိနေပါတယ်။ သာဓကပြရရင်တော့ နိုင်ငံခြားဝီစကီလို အရက်တွေပေါ့။ ဒီလို နိုင်ငံခြားအရက်တွေဟာ အကောက်ခွန်မဲ့ဆိုင်တွေနဲ့ ဟိုတယ်လမ်းကြောင်းတွေအတွက်ပဲ တရားဝင် တင်သွင်းခွင့်ပေးထားပါတယ်။ ဒါပေမဲ့ အားလုံးသိနေတဲ့အတိုင်း ဒီကုန်ပစ္စည်းတွေဟာ တစ်နိုင်ငံလုံးမှာ ရောင်းချနေပြီး မှောင်ခိုဈေးကွက်ကြီး ဖြစ်နေပါတယ်။ တကယ်လို့သာ အစိုးရက တရားဝင် တင်သွင်းခွင့်ပေးလိုက်ရင် အခွန်တွေအများကြီးရပြီး ကုန်ပစ္စည်းတွေအပေါ်မှာ သင့်လျော်တဲ့ ထိန်းချုပ်မှုတွေကိုလည်း လုပ်နိုင်ပါလိမ့်မယ်။

အိမ်ခြံမြေလုပ်ငန်းကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသူတွေ ကြုံတွေ့နေရတဲ့ နောက်ထပ် စိန်ခေါ်မှုတစ်ခုပါ။ ကျွန်မတို့မှာ မြေယာကို မှတ်ပုံတင်ဖို့အတွက် ကောင်းမွန်တဲ့စနစ်တစ်ခု မရှိပါဘူး။ ရင်းနှီးမြှုပ်နှံသူတစ်ဦးက မြေကွက်ကို ဝယ်ယူရင် ပိုင်ဆိုင်မှုအမည်လွှဲပြောင်းမှုက ခြောက်လကျော်လောက် ကြာတတ်ပါတယ်။ အာရှရဲ့ တခြားနိုင်ငံတွေကလို ခေတ်မီ အီလက်ထရောနစ် မြေယာစနစ်တစ်ခု ဖွံ့ဖြိုးလာအောင် နိုင်ငံတော်အစိုးရက လုပ်ပေးစေချင်ပါတယ်။

ဒါနဲ့ဆက်နွယ်ပြီးပြောရရင် မြန်မာနိုင်ငံမှာ အလွှာအထပ် အမည်ပေါက်ဝယ်ယူဖို့ (Strata Title) စနစ် စနစ်တကျ မရှိပါဘူး။ ဒါကဘာကိုဆိုလိုသလဲဆိုတော့ အဆောက်အအုံတစ်ခုက  တိုက်ခန်းတစ်ခုကို ဝယ်ချင်တဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦးဟာ  တရားဝင်အမည်ပေါက်ကို အစိုးရဆီမှာ မှတ်ပုံတင်လို့ မရနိုင်ပါဘူး။ သင့်လျော်တဲ့တိုက်ခန်း ပိုင်ဆိုင်ခွင့်နဲ့  ဘုံပိုင်ဆိုင်မှုစနစ်တစ်ခုကို မိတ်ဆက်သင့်ပါတယ်။

မြန်မာနိုင်ငံမှာ အသုံးမပြုတဲ့ မြေပြဿနာတွေကိုလည်း ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။ စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းအတွက် အသုံးပြုနိုင်တဲ့၊ အသုံးပြုသင့်တဲ့ မြေကွက်အလွတ်တွေ ရှိနေပါတယ်။ ဒါပေမယ့် အဲဒီမြေကွက်တွေပေါ်မှာ လုပ်ငန်းတွေလုပ်ဖို့ ဈေး အဆမတန် ကြီးမြင့်တဲ့အတွက် အသုံးမပြုနိုင်ကြပါဘူး။ စီးပွားရေးတိုးတက်ဖို့အတွက် ကြီးမားစွာ အဟန့်အတားဖြစ်စေတဲ့ အချက်ဖြစ်ပါတယ်။  မြေပိုင်ရှင်တွေကို သူတို့ရဲ့မြေကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ငန်းတွေ လုပ်တာ၊ မြေပေါ်မှာ အဆောက်အဦး ဆောက်တာ၊ ရောင်းတာ၊ ငှားတာတွေ အစရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ချင်လာအောင် တွန်းအားပေးတဲ့ မက်လုံးတွေနဲ့ ပေါ်လစီချမှတ်သူတွေက ကိုင်တွယ်စေချင်ပါတယ်။ အစိုးရအနေနဲ့ ကုန်ထုတ်လုပ်မှုမရှိတဲ့ စက်မှုဇုံမြေနဲ့ စီးပွားရေးလုပ်ငန်းမြေတွေအပေါ်မှာ မြေခွန်ကောက်နိုင်ဖို့အတွက်လည်း ထည့်သွင်း စဉ်းစားသင့်ပါတယ်။

နောက်ဆုံးအနေနဲ့ တင်ပြချင်တာကတော့ စီးပွားရေးလုပ်ငန်းတွေအတွက်  ယေဘုယျ နည်းဥပဒေသ၊ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်း ပြဿနာတွေပါ။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ဆောင်ဖို့ လွယ်ကူတဲ့နိုင်ငံများ စစ်တမ်း- ၂၀၁၆ အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ နိုင်ငံမှာ အဆင့် ၁၇၀ ရှိပြီး အာဆီယံနိုင်ငံတွေအားလုံးရဲ့ အောက်ဆုံးအဆင့်မှာ ရှိနေပါတယ်။

စာချုပ်စာတမ်းများအား အကျိုးသက်ရောက်မှုရှိစေတာတွေ၊ အနည်းစု ရင်းနှီးမြုပ်နှံသူတွေကို အကာအကွယ်ပေးတာတွေနဲ့ ဒေဝါလီခံမှုတွေကို ဖြေရှင်းပေးတာလို အခက်အခဲတွေကို ကုစားပေးဖို့စတဲ့ တရားဥပဒေစိုးမိုးရေး အပိုင်းတွေနဲ့ပတ်သက်လို့ များပြားတဲ့ ဆောင်ရွက်ချက်တွေကို အစိုးရက လုပ်ရမှာပါ။ ဒီနှစ်အစောပိုင်းကပဲ ပြည်ထောင်စုလွှတ်တော်က အနုညာတ စီရင်ဆုံးဖြတ်ခြင်းဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေဟာ အတည်ပြုမယ့် လုပ်ငန်းစဉ်ထဲမှာ ရှိနေပါတယ်။ ကုမ္ပဏီများဆိုင်ရာ ဥပဒေအသစ်ကို မကြာမီ ပြဋ္ဌာန်းမယ်လို့ မျှော်လင့်ရပါတယ်။ ဒါတွေအားလုံးဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။

ဥပဒေတွေ ပြဋ္ဌာန်းတယ်ဆိုတာက အစပိုင်းပဲ ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာက ဥပဒေကို မှန်မှန်ကန်ကန် ကျင့်သုံးဆောင်ရွက်ဖို့အတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေမှာ အခက်အခဲတွေ ရှိနေပါသေးတယ်။ ဝန်ထမ်းတွေကို တစ်စိုက်မတ်မတ်နဲ့ အထူးတလည် သင်ကြားပေးနေဖို့ လိုပါတယ်။ ဒါမှ မူဘောင်အသစ်ကို လေးလေးနက်နက် နားလည်တတ်ကျွမ်းလာကြပါလိမ့်မယ်။ ဥပဒေတွေကို ပြဌာန်းရာမှာလည်း ရှင်းလင်းမြင်သာဖို့၊ တစ်သတ်မတ်တည်းရှိဖို့၊ လိုက်လျော ညီထွေရှိဖို့နဲ့ အပြောင်းအလဲမများဖို့ကလည်း အရေးကြီးပါသေးတယ်။ ဒါက အစိုးရဌာနတွေမှာ အကျင့်ပျက် လာဘ်စားမှုတွေ ပပျောက်အောင် လုပ်တဲ့နေရာမှာ အရေးကြီးတဲ့ ကွင်းဆက်တစ်ခု ဖြစ်ပါတယ်။

ပြီးတော့ ဥပဒေကို လိုက်နာကျင့်သုံးအောင် ထိန်းမတ်ပေးမယ့် လူတွေအမှန်တကယ် လိုအပ်နေပါသေးတယ်။ ဒါကတော့ တရားရုံးတွေနဲ့ တရားသူကြီးတွေရဲ့ အခန်းကဏ္ဍပါပဲ။ စီးပွားရေးလုပ်ငန်းတွေက တရားစီရင်မှုစနစ်ကို ယုံကြည်မှုမရှိကြပါဘူး။ ကြန့်ကြာနှောင့်နှေးမှုတွေနဲ့ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေက စီးပွားရေးဆိုင်ရာ အငြင်းပွားမှု ပြဿနာတွေကို တရားရုံးတွေက မဖြေရှင်းနိုင်သေးဘူးလို့ အဓိပ္ပာယ်သက်ရောက်နေပါတယ်။

နောက်ပြဿနာတစ်ခုက အခွန်ပေးဆောင်တဲ့ကိစ္စပါပဲ။ အရင်အစိုးရက အကြီးစား အခွန်ထမ်းတွေအတွက် အခွန်ရုံးသီးသန့် ဖွဲ့စည်းတည်ထောင်ပေးခဲ့ပါတယ်။ အကြီးစား အခွန်ထမ်းတွေက အခုဆို ကိုယ်တိုင်ဆုံးဖြတ်ပြီး ကျသင့်ခွန်ဆောင်တဲ့ပုံစံ  (Self Assessment System)  လိုက်နာရပါတယ်။ ဒါဟာသိပ်ကို အပြုသဘောဆောင်တဲ့ တိုးတက်မှုတစ်ရပ်ပါပဲ။ ဒါပေမယ့် ကိုယ်တိုင်ဆုံးဖြတ် အခွန်ဆောင်မှုကို အခွန်ဌာန ဝန်ထမ်းတွေ နားလည် သဘောပေါက်အောင် လေ့ကျင့်သင်ကြားပေးဖို့ အများကြီး လိုအပ်နေပါသေးတယ်။ အခွန်ဥပဒေပြင်ဆင်မှုတွေ ဆက်လုပ်ဖို့လည်း လိုအပ်နေပါသေးတယ်။ ကမ္ဘာ့နိုင်ငံတွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် အခွန်အကောက်ဆိုင်ရာ အကောင်းဆုံး နိုင်ငံတကာကျင့်ထုံးတွေကို မြန်မာနိုင်ငံက လိုက်နာကျင့်သုံးဖို့ မျှော်မှန်းထားရပါမယ်။

မြန်မာနိုင်ငံမှာ လုပ်ငန်းတစ်ခုကို အနှစ် ၂၀ လောက် လုပ်ဆောင်ပြီးတဲ့နောက် ကျွန်မတို့ဟာ စိန်ခေါ်မှု အမြောက်အမြားနဲ့ ရင်ဆိုင်ခဲ့ရပြီးဖြစ်ပါတယ်။ ဒီအထဲက အများအပြားကို ဦးသိန်းစိန်အစိုးရ လက်ထက်မှာစပြီး ပြုပြင်ပြင်ဆင်မှုှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်ဟာ မဟာဗျူဟာမြောက် စည်းမျဉ်းစည်းကမ်း ဖြေလျှော့မှုတွေလုပ်ဖို့ လိုအပ်လာပါပြီ။ အဲဒီလိုဖြစ်မှသာ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာအောင် ထောက်ကူပေးပါလိမ့်မယ်။

ငွေကြေးအရင်းအနှီးတွေ ရရှိနိုင်မယ့် အခွင့်အလမ်းတွေ ကျွန်မတို့ လိုချင်ပါတယ်။ တရားမဝင် ကုန်သွယ်ရောင်းဝယ်မှုမျိုး ပျောက်ကွယ်ပျက်သုဉ်းသွားတာကို ကျွန်မတို့ မြင်ချင်ပါတယ်။ ဒါမှသာ စီးပွားရေးလုပ်ငန်းတွေအားလုံး တပြေးညီ ယှဉ်ပြိုင်နိုင်မယ့် မြေပြင် (Level playing field ) ကို ဖော်ထုတ်ရရှိမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေကို ရှေ့မတိုးသာအောင် ဆွဲထားတာမျိုးမဟုတ်တဲ့ အထောက်အကူ ပြုစေမယ့် ဥပဒေစည်းမျဉ်းတွေကို ကျွန်မတို့ မြင်ချင်ပါတယ်။ တိုင်းပြည်အနာဂတ်အတွက် ကျွန်မတို့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်ပါတယ်၊ အဆင်သင့်လည်း ဖြစ်နေကြပါတယ်။ ကျွန်မတို့ ပြည်သူလူထုအားလုံးအတွက် အကျိုးရှိစေမယ့် ပန်းတိုင်တွေဆီ အရောက်လှမ်းဖို့ အားလုံး လက်တွဲလုပ်ဆောင်နိုင်ကြလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။

(အောက်တိုဘာ ၆ နှင့် ၇ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် မြန်မာ့စီးပွားရေးဖိုရမ်တွင် ဒေါ်ဝင်းဝင်းတင့် ပြောကြားသည့်မိန့်ခွန်းကို တည်းဖြတ်ဖော်ပြခြင်း ဖြစ်ပါသည်။)

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar