ရခိုင်၌ နိုင်ငံသားစိစစ်ရာတွင် ဥပဒေချိုးဖောက်မှုများရှိသည်ဟူသည့်အဆိုအား ရခိုင်လွှတ်တော်တွင် ဆွေးနွေးမည်

ရန်ကုန်၊ မတ် ၂၃

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူကတ်များ ထုတ်ပေးရာတွင် ၁၉၈၂ ခုနှစ်၊ တည်ဆဲ နိုင်ငံသားဥပဒေကို ချိုးဖောက်မှုများရှိနေသည့်အတွက် အရေးယူပေးရန် တင်ပြထားသည့် အစီရင်ခံစာကို ရခိုင်ပြည်နယ်လွှတ်တော်တွင် ယနေ့ ဆွေးနွေးကြမည်ဖြစ်သည်။

“နိုင်ငံတော်သစ္စာကို စောင့်သိ ရိုသေနိုင်စွမ်းမရှိတဲ့ နိုင်ငံခြားသားတစ်ယောက်ဟာ နိုင်ငံသားဖြစ်သွားမယ်ဆိုရင် အမျိုးသားလုံခြုံရေးအတွက် အလွန်တရာမှ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဥပဒေရေးရာကိစ္စကို ဥပဒေရေးအရ မဖြေရှင်းပဲ နိုင်ငံရေးအရ အသုံးချဖို့ကြိုးစားမယ်ဆိုရင် နိုင်ငံတော်ကိုယ်တိုင်က ဥပဒေချိုးဖောက်သလို ဖြစ်သွားပါလိမ့်မယ်”ဟု ရခိုင်ပြည်နယ်လွှတ်တော်သို့ ထိုအစီရင်ခံစာ တင်သွင်းခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် အထူးကိစ္စရပ်များ ကြားနာစုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းအောင်သိန်းက Frontier ကို ပြောကြားသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ၎င်းတို့အဖွဲ့ သွားရောက်လေ့လာမှုများအရ ဘူးသီးတောင်တွင် ၃၁ ဦးနှင့် မောင်တောတွင် ၅၉ ဦးအား နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူကတ်များ ထုတ်ပေးထားသည်ကိုတွေ့ရသည်ဟု ၎င်းက ပြောသည်။

အစီရင်ခံစာအတင်သွင်းမီ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ အဖွဲ့ဝင်များနှင့် ၎င်းတို့က တွေ့ဆုံဆွေးနွေးခဲ့သည်။ ဥပဒေနှင့်မညီညွတ်ဘဲ ထုတ်ပေးထားသော နိုင်ငံသားကဒ်များကို ပြန်လည် ရုတ်သိမ်းပေးရေး၊ နိုင်ငံသားစိစစ်ရေးကိစ္စများလုပ်ဆောင်ရာတွင် ဒေသခံနိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူလူထုကိုယ်စားလှယ်များနှင့် ပူးပေါင်းကာ နိုင်ငံသားစိစစ်ရေး၊ ဌာနဆိုင်ရာအဖွဲ့အစည်းများက ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ပေးရေးတို့ကိုပါ အစီရင်ခံစာတွင် ထည့်သွင်း အကြံပြုထားကြောင်း ဦးထွန်းအောင်သိန်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသား စိစစ်ရေး ဆောင်ရွက်ချက်များနှင့် ပတ်သတ်ပြီး ဆန္ဒပြမှုများဖြစ်ပွားနေသော သုံးရက်မြောက်နေ့တွင် နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ ကတ်ပြားများထုတ်ပေးရာ၌ တည်ဆဲဥပဒေအား ချိုးဖောက်ထုတ်ပေးမှုရှိနေသည်ဟူသော စစ်ဆေးချက်ဆိုင်ရာ ကြားနာထိန်းကျောင်းမှုပြုလုပ်သည့် အစီရင်ခံစာကို ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များအတွင်း နိုင်ငံသားစိစစ်ရေးလုပ်ဆောင်ရာတွင် ဥပဒေနှင့်အညီ လုပ်ဆောင်ပေးရေးအတွက် မတ် ၁၉ ရက်နေ့မှ စတင်ကာ ဘူးသီတောင်၊ မောင်တော၊ ရသေ့တောင်နှင့် စစ်တွေမြို့တို့တွင် ဒေသခံပြည်သူများက စုဝေးဆန္ဒပြမှုများကို ပြုလုပ်နေသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုများအား ယနေ့အထိ ငါးရက်ကြာ ပြုလုပ်နေကြသည်။

ကုလမသဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အဆိုအရ ရခိုင်ပြည်နယ်ရှိ လူပေါင်းတစ်သန်းကျော်မှာ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံထားရခြင်းမရှိပေ။ ပြီးခဲ့သည့် အစိုးရများလက်ထက်က ပြည်နယ်အတွင်းရှိ မူဆလင်အများအပြားအား နိုင်ငံသားအသိအမှတ်ပြု ကတ်ပြားများ ထုတ်ပေးခဲ့သော်လည်း ၁၉၈၀ နှင့် ၁၉၉၀ ပြည့်နှစ်များအတွင်း ပြန်လည်သိမ်းဆည်းခဲ့သည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ဖြစ်သည့် ၂၀၁၄ ခုနှစ်တွင် နိုင်ငံသားစိစစ်ရေးလုပ်ငန်း စီမံချက်ကို စတင်ဆောင်ရွက်ခဲ့ရာ မူဆလင်နှင့် ကမန်၂၀၀ ခန့်အား နိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် ရခိုင်လူမျိုးများ၏ ကန့်ကွက်ချက်ကြောင့် စီမံချက်ကို ရပ်ဆိုင်းခဲ့ရသည်။

လက်ရှိအစိုးရလက်ထက် ၂၀၁၆ ခုနှစ်၊ မေလတွင် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကို ပြန်လည်စတင် ဆောင်ရွက်ခဲ့သော်လည်း ရခိုင်လူမှုအသင်းအဖွဲ့များနှင့် ရခိုင်အမျိုးသားပါတီ၏ ကန့်ကွက်မှုနှင့် ကြုံတွေ့နေရသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကလည်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ရန် ပြီးခဲ့သည့် ရက်သတ္တပတ်က ထုတ်ပြန်သည့် ၎င်းတို့၏ ကြားဖြတ်အစီရင်ခံစာတွင် အကြံပြုထားသည်။

ယခင်နှင့် လက်ရှိအစိုးရများက အကောင်အထည်ဖော်နေသည့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်များသည် လူဦးရေ ၂,၀၀၀ ဦးကိုသာ နိုင်ငံသားဖြစ်စေသည့်အတွက် အောင်မြင်မှုမရှိဟု အစီရင်ခံစာတွင် ပြောကြားထားသည်။

လက်ရှိနိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် စောဒကတက်မှုများအား စိစစ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်မှုမရှိသည့် အခြားသောအစိုးရဌာနများမှ အရာရှိများအား တာဝန်ပေးကာ အရေးယူဆောင်ရွက်စေသင့်သလို နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် ရခိုင်နှင့် မူဆလင်လူ့အဖွဲ့အစည်းဝင်များအနေဖြင့် အစိုးရနှင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သင့်သည်ဟု အကြံပြုထားသည်။

သတင်း- ထူးထက်နိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar