အေအက်ဖ်ပီ
တိုးတက်မှုအချို့ ရရှိနေပြီဖြစ်၍ ကျေနပ်ဖွယ်ကောင်းကြောင်း ရခိုင်အရေး အကြပ်အတည်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြံကို အကြံပေးရသည့်အဖွဲ့က ဧပြီ ၃ ရက်နေ့တွင် ပြောကြားသည်။ သို့သော်လည်း စွပ်စွဲခံနေရသည့် ရက်စက်မှုများကို ဖုံးကွယ်ရန် အကြံပေးအဖွဲ့ဝင်များ အသုံးချခံနေရသည်ဟု လူ့အခွင့်အရေးအုပ်စုများက သတိပေးထားသည်။
ဒေါ်အောင်ဆန်းစုကြည်က ခန့်အပ်ခဲ့သော နိုင်ငံတကာအကြံပေးအဖွဲ့သည် အမေရိကန် ဝါရင့်သံတမန် ဘီလ်ရစ်ချတ်ဆင်နှင့် လမ်းခွဲခဲ့ပြီးနောက် အငြင်းပွားမှုတွင် နစ်မွန်းနေပြီး ဘီလ်ကလည်း အကြပ်အတည်း ပြေပျောက်သွားရေးအတွက် ကူညီရန် ငြင်းဆိုခဲ့သည်ဟု အဖွဲ့က ဆိုသည်။
ဧပြီ ၃ ရက်နေ့တွင် စင်ကာပူတွင် ပြုလုပ်သော ဒုတိယမြောက်အစည်းအဝေးတွင် မြန်မာအစိုးရအတွက် ထောက်ခံ အကြံပြုချက်အချို့ကို အကြံပေးအဖွဲ့က ကမ်းလှမ်းခဲ့ပြီး တဆက်တည်းမှာပင် ကောင်းမွန်သည့် တိုးတက်မှုအချို့ ရှိနေပြီဟုလည်း ပြောကြားခဲ့သည်။ တိုးတက်မှုအချို့တွင် မြန်မာအစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းနှစ်ခုဖြစ်သည့် UNDP နှင့် UNHCR တို့အကြား သဘောတူညီချက်ရရှိရန် နီးကပ်နေပြီဖြစ်သည်။
သဘောတူညီချက်ကို မကြာမီ လက်မှတ်ရးထိုးမည်ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးလည်း မကြာမီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ဖွယ်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုသို့သွားရောက်မှုမှာ နောက်ဆုံးအကြိမ် အကြပ်အတည်းဖြစ်ပေါ်ပြီးနောက် ထိုစခန်းများသို့ အကြီးတန်း မြန်မာတာဝန်ရှိသူတစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။ အကြံပြုတိုက်တွန်းချက်တစ်ခုတွင် ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး မဟာဗျူဟာတစ်ခု ချမှတ်ဖော်ဆောင်ရန်နှင့် ကျန်းမာရေးအဆောက်အအုံများ တိုးတက်မှုရှိစေရေးအတွက် ကော်မတီတစ်ခုဖွဲ့စည်းရန် အကြံပေးအဖွဲ့က မြန်မာအစိုးရကို တိုက်တွန်းထားသည်။
သို့သော်လည်း လူ့အခွင့်အရေးအုပ်စုများက ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ သို့မဟုတ် လူမျိုးစုရှင်းလင်းမှု စစ်ဆင်ရေးကို ဆင်နွှဲခဲ့သည်ဟု စွပ်စွဲခံနေရသည့် တပ်ဖွဲ့များကို ရှုတ်ချရန် ငြင်းဆိုနေသည့် အစိုးရတစ်ရပ်အတွက် ကာကွယ်ပေးရမည့်တာဝန်ကို အဖွဲ့က ထမ်းဆောင်ရမည့် အန္တရာယ်ရှိနေသည်ဟု ပြောကြားသည်။
“ရခိုင်ပြည်နယ်အကြံပေးဘုတ်အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ပေးဖို့ ဒိုင်းတစ်ခုအဖြစ် အသုံးချခွင့် မပြုရပါဘူး” ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အရှေ့တောင်အာရှဒါရိုက်တာ ဂျိမ်းမ်စ်ဂိုမက်က ပြောသည်။
အကြံပေးဘုတ်အဖွဲ့သည် မြန်မာအစိုးရက ပယ်ချထားသည့် “ရိုဟင်ဂျာ” ဟူသည့် အသုံးအနှုန်းကို အသုံးမပြုခဲ့ပေ။ ထို့ပြင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေသူများ၊ အထူးကိုယ်စားလှယ်တစ်ဦးတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လည်း မြန်မာအစိုးရကို ထောက်ခံတိုက်တွန်းခြင်း မပြုလုပ်မထားပေ။
“ဒါကတော့ တော်တော်လေးကို တာဝန်မဲ့တာပါ။ အဲဒီချဉ်းကပ်မှုနဲ့ ပတ်သက်လို့ လက်တွေ့ကျတာ၊ နားလည်မှုရှိတာ မပါဘူး။ ပြည်သူတွေရဲ့ဘဝတွေကို လောင်းကြေးတင်လိုက်သလိုပါပဲ” ဟု Fortify Rights မှ မက်သယူးစမစ်က ပြောသည်။ “ဒီမှာ အဖတ်ဆည်နိုင်တဲ့ ထောက်ခံတိုက်တွန်းချက်တွေရှိပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ဟာ (မြန်မာအစိုးရကို) ဦးဆောင် အားပေးတဲ့အဖွဲ့ ဖြစ်လာလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ တဖြည်းဖြည်းပေါ်လာတာ ပိုပြီး ကြောင်းကျိုးဆီလျော်ဟန်ရှိပါတယ်” ဟု ၎င်းကထပ်မံပြောကြားသည်။