“ရခိုင်ဝန်ကြီးချုပ်ဟာ ခိုင်းတာလုပ်တဲ့ ပုံစံမျိုးပဲ သမားရိုးကျ သွားမယ်ဆိုရင်တော့ ရခိုင်လူထုနဲ့ ပြဿနာဖြစ်နိုင်တယ်”

ဓာတ်ပုံ-အန်းဝမ်

ဓာတ်ပုံ-အန်းဝမ်

ဦးမောင်မောင်အုန်းသည် တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် အဓိကရုဏ်းများ ဖြစ်ပွားချိန်တွင် ဝန်ကြီးချုပ်ဦးလှမောင်တင်၏ နေရာအား အစားထိုးဝင်ရောက်၍ ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ထို့နောက် ၂၀၁၅ ရွေးကောက်ပွဲတွင် အမ်းမြို့နယ် မဲဆန္ဒနယ်မှ ရခိုင်ပြည်နယ်လွှတ်တော်အတွက် ဝင်ရာက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သည်။ 

Frontier မှ အကြီးတန်းသတင်းထောက် မြတ်ကျော်သူက ရန်ကုန်မြို့ရှိ ဦးမောင်မောင်အုန်း၏ နေအိမ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်က သွားရောက် တွေ့ဆုံမေးမြန်းထားသည်။

လက်ရှိအစိုးရသစ်ရဲ့ ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ အာဏာခွဲဝေမှုတွေကို ဘယ်လိုမြင်ပါသလဲ။

ပွင့်ပွင့်လင်းလင်း၊ ပါတီနိုင်ငံရေးတွေ မပါဘဲ ဘေးကနေကြည့်ပြီး အကြံပြုချင်တယ်။ ယနေ့ရခိုင်ပြည်နယ်ကိစ္စက အရမ်းထိလွယ်ရှလွယ် ဖြစ်တယ်။ ရခိုင်ပြည်နယ်ကို အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေလို သဘောမထားစေချင်ဘူး။ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ကိစ္စတွေက ပြည်တွင်းမှာ ဖြေရှင်းလို့ရတဲ့ကိစ္စတွေပဲ ရှိကြတာ။ ရခိုင်ပြည်နယ်မှာတော့ ဒီဘင်္ဂါလီကိစ္စကြီးနဲ့ ဘင်္ဂါလီပြဿနာက ပြည်တွင်းမှာထက် နိုင်ငံတကာနဲ့ ဆက်စပ်တဲ့အတွက် ရခိုင်ပြည်နယ်အစိုးရကို ဖွဲ့တဲ့အခါ တခြားနဲ့ မတူဘူး။ ဘင်္ဂါလီအသိုင်းအဝန်းရှိတယ်။ ရခိုင်အသိုင်းအဝန်းရှိတယ်။ နိုင်ငံတကာ ရှိတယ်။ ဗဟိုအစိုးရရှိမယ်။ ပြီးရင် ရခိုင်တပ်မတော်(AA) လို အဖွ့ဲမျိုးတွေရှိမယ်။ ဒါတွေနဲ့ အားလုံးထိန်းထိန်းသိမ်းသိမ်းနဲ့ ပေါင်းစည်းပြီး လုပ်နိုင်တာမျိုး ဖြစ်ဖို့လိုတယ်။ တည့်တည့်ပြောရရင် ယနေ့ အစိုးရဖွဲ့တဲ့အခါမှာ ပါတီနိုင်ငံရေးတွေနဲ့ တခြားဟာတွေထက် ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ဒါကိုရှေးရှုပြီးတော့၊ အားလုံးပေါင်းစည်းနိုင်တဲ့ သူတွေနဲ့ အစိုးရကို ဖွဲ့စေချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ခန့်အပ်တဲ့ ဝန်ကြီးချုပ်အပေါ် ဘယ်လိုသဘောထားရှိပါသလဲ။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းတစ်ယောက်ဖြစ်တော့ (ဒါကို) အကြံပြုချင်ပါတယ်။ ဒါပေမယ့် သိပ်နက်နက်နဲနဲကြီးတော့လည်း မပြောချင်ပါဘူး။ အဓိကကတော့ ရခိုင်မှာ အသိုက်အဝန်း နှစ်ခုရှိတယ်။ တစ်ဖက်က ရခိုင်၊ တဖက်က ဘင်္ဂါလီပေါ့။ ဒီနှစ်ခုကို အစိုးရအဖွဲ့က ထိတွေ့ပြီးတော့ သူတို့ရဲ့ ဆန္ဒတွေကို ဘောင်အတွင်းက နားလည်ပြီးတော့ လူအခွင့်အရေးနဲ့ နိုင်ငံတကာအမြင်ပေါ့။ တဖက်ကလည်း အစိုးရနဲ့ ရပ်တည်ပြီးတော့ မိမိရဲ့ အမျိုးဘာသာ၊ သာသနာအတွက်ပေါ့။ ဒါတွေကို အစိုးရဖက်က ထဲထဲဝင်ဝင် သိဖို့လိုတယ်။ ဒီနေရာမှာ တစ်ခု ပြောချင်တာက ရခိုင်ပြည်နယ်မှာ အမိန့်ပေး အုပ်ချုပ်ဖို့ ခက်ပါတယ်။ ရခိုင်ပြည်နယ်ကို အမိန့်နဲ့ သွားတာထက် နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ သွားတာက ပိုကောင်းပါလိမ့်မယ်။ အရေးကြီးတာကတော့ ၂၀၁၂ ခုနှစ်ကလို ပြဿနာ ထပ်မဖြစ်ဖို့ပါပဲ။

နောက်တစ်ခုက ကမ္ဘာကြီးက ရခိုင်ပြည်နယ်ကို ခြိမ်းခြောက်နေတယ်။ ဒါတွေဟာ ဘာသာရေးကြောင့် မဟုတ်ဘူး။ ရခိုင်ပြည်နယ်မှာလည်း ဘာသာရေးကြောင့် မဟုတ်ဘူး။ သို့သော် ဘာသာရေးကြောင့်ဆန်ဆန် တွန်းအားပေးနေတဲ့ နိုင်ငံတကာအဖွ့ဲအစည်းတွေ ပြည်တွင်းမှာ ရှိနေတယ်။ ဆိုတော့ ဘာသာရေးဆန်ဆန် သွားဖြစ်နေတယ်။ နာကြည်းမှုတွေ၊ ခံစားမှုတွေ ရှိနေတဲ့ ဒီအသိုင်းအဝန်းနှစ်ခုကို စိတ်ပိုင်းဆိုင်ရာတွေကို ဆန္ဒတွေကို နားလည်ပြီးတော့ စိတ်ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့ပုံစံနဲ့ သွားရမယ်။

အမိန့်နဲ့ လုပ်မယ်ဆိုရင် မရဘူးလားဆိုတော့ ရပါတယ်။ ဒါပေမယ့် မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာတော့ ကျန်တဲ့ဒေသနဲ့ မတူဘူး။ ကျန်တဲ့ဒေသ ဖြစ်ရင် ထိန်းလို့ရပေမယ့် ရခိုင်ပြည်နယ်မှာ ဖြစ်တာနဲ့တပြိုင်တည်း ပွ သွားတာပေါ့။ ပြီးခဲ့တဲ့ ဖြစ်စဉ်တွေမျိုုးပြန်ဖြစ်မှာ စိုးရိမ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ တည်ငြိမ်နေတဲ့ ရေကန်ထဲကို ခဲလုံးပစ်မချလိုက်ပါနဲ့။ (ခဲလုံးက) ကြီးရင်ကြီးသလိုပဲ၊ သေးရင်သေးသလို ကြာရင်ပျောက်သွားမယ်။ ဘာမှပစ်မချဘူးဆိုရင်လည်း ငြိမ်နေမှာပေါ့။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်ဒီပါတီရော၊ ရခိုင်ပါတီရော၊ ရခိုင်လူထုရော၊ အားလုံးပါဝင်ပူးပေါင်းပြီး သွားစေချင်ပါတယ်။

အင်န်အယ်လ်ဒီဖက်က အန်ကယ့်ကို ပြည်နယ်မှာ ဝန်ကြီးနေရာတစ်ခုခုများ ကမ်းလှမ်းထားတာ ရှိပါသလား။

မရှိပါဘူး။ သူတို့ဖက်က ကမ်းလှမ်းမယ်လည်း မထင်ပါဘူး။ ဘာလို့လဲဆို တဖက်မှာ ကိုယ်နဲ့ပတ်သက်လို့ အမြင်တမျိုး ရှိနေမှာပေါ့။ ကိုယ်ကတော့ ဘာမှလည်း မမေ ျှာ်ဘူး။ ကိုယ်ကတော့ ဘာမှ ပါဝင်ပတ်သက်မှု မရှိတော့ပါဘူး။

လက်ရှိ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဝန်ကြီးဌာနတွေထဲမှာ လုပ်ခွင့်ရမယ်ဆို ဘယ်ဌာနမှာ အလုပ်ချင်ဆုံးလဲ။

ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့်ဆိုပြီး ခွဲပြောချင်တယ်။ ပြည်ထောင်စုအဆင့်မှာဆို နယ်စပ်ရေးရာဝန်ကြီးဌာနလို နေရာမျိုးပေါ့။ နယ်စပ်ရေးရာဆိုတာ လုံခြုံရေးနဲ့လည်း ဆိုင်တယ်။ တိုင်းရင်းသားတွေရဲ့  ဖွံ့ဖြိုးတိုးတက်မှု၊ ထဲထဲဝင်ဝင်လုပ်ပေးနိုင်မယ်။ ယနေ့သွားနေတဲ့ အခြေအနေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေကိစ္စဟာ နံပါတ် (၁) လို့ ဆိုချင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဆိုရင်တော့ (ပြည်ထောင်စုအဆင့်နဲ့) မတူတော့ဘူးပေါ့။ ဒီမှာက တိုင်းရင်းသားကလည်း ရခိုင်တိုင်းရင်းသားဖြစ်တယ်။ ဒီမှာ လူမျိုးစုငယ်တွေကလည်း အများကြီးပေါ့။ အခုမှသာ ရခိုင်တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတာ အရင်က ရခိုင်ပြည်နယ်ဟာ အဖြူရောင်နယ်မြေပါ။ ရခိုင်ပြည်နယ်ဟာ အခုအချိန်မှာ တိုင်းရင်းသားတွေနဲ့ ဆိုင်တဲ့ကိစ္စထက်၊ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်နိုင်တဲ့ ဝန်ကြီးဌာနလိုမျိုးပေါ့။ ဒါတွေ လိုပါတယ်။

အခုလာမယ့် ဝန်ကြီးချုပ်အသစ်အတွက် ပထမဆုံးကြုံရမယ့်အခက်အခဲက ဘာဖြစ်မလဲ။

ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒကို ပစ်ပယ်လို့မရဘူး။ အမိန့်နဲ့ လုပ်မယ်ဆိုရင်တော့လည်း နိုင်ငံတော်မှာ တပ်မတော်ရှိတယ်။ ပြီးတော့ အမိန့်နဲ့ ရနိုင်တယ်ဆိုသော်ငြားလည်း ရေရှည်မှာတော့ မလွယ်ဘူး။ ယနေ့လာမယ့် ဝန်ကြီးချုပ်က ပြည်သူတွေရဲ့ ဆန္ဒနဲ့ ကိုက်ညီဖို့လိုတယ်။ သူတို့ဖြစ်စေချင်တဲ့အရည်အချင်း၊ အိုင်ဒီယာမျိုးရှိတဲ့လူမျိုး ဖြစ်ဖို့လိုတယ်။ ပြည်သူတွေရဲ့ ဆန္ဒကိုထိန်းကျောင်းနိုင်တဲ့သူ ဖြစ်ဖို့လိုတယ်။ အခက်အခဲတွေကတော့ အများကြီးပဲ။ ပြည်သူတွေဖက်၊ နောက်ပြီး ဒီ ဘင်္ဂါလီတွေဖက်၊ ရခိုင်တိုင်းရင်းသားတွေဖက်နဲ့ ဗဟိုအစိုးရနဲ့ကြား ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ကြဖို့ လိုတယ်။ အဲ့လိုမှ မဟုတ်ရင်တော့ ထိပ်တိုက်တွေ့တဲ့ပုံစံပေါ့ အဲ့လိုတွေဖြစ်နိုင်တယ်။

ဝန်ကြီးချုပ်သစ်ရဲ့ ပြောဆိုစည်းရုံး ဆောင်ရွက်နိုင်မှုအပေါ်မှာ မူတည်တယ်။
ပြည်သူတွေကို ဘယ်လောက် စည်းရုံးနိုင်မလဲ။ ဘယ်လောက်တာဝန်ခံနိုင်မလဲ။
ကိုယ်ဝန်ကြီးချုပ်လုပ်တုန်းကလည်း တာဝန်ခံမှုတွေ အများကြီး လုပ်ခဲ့ရတာပဲ။
ဒီလိုမှ မဟုတ်ဘဲ ကိုယ်ဟာ ရုပ်သေးရုပ်ကြီးလို နေမယ်ဆိုရင်တော့ မရဘူးလေ။

ဓာတ်ပုံ- အန်းဝမ်

ဓာတ်ပုံ- အန်းဝမ်

တပ်မတော်မှာလည်း ရာထူးမြင့်တဲ့နေရာမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတော့ ရခိုင်ပြည်နယ်မှာပေါ့ တပ်မတော်နဲ့ဆိုင်တဲ့ ကိစ္စတွေအတွက် ဘယ်လိုနေရာက ပါဝင်မယ်လို့ မေ ျှာ်မှန်းထားလဲ။

ရခိုင်ပြည်နယ်မှာ ကိုယ်ဝန်ကြီးချုပ်တုန်းက စေ့စပ်ညှိနှိုင်းရေးမူနဲ့ သွားခဲ့တယ်။ အစီအစဉ်တွေ ရှိသေးတယ်။ သို့သော် အစိုးရ၊ ပါတီ၊ မူဝါဒအပြောင်းအလဲမှာ ကိုယ်ရဲ့ လုပ်ရပ်များသည် စေတနာဟာ ဝေဒနာ ဖြစ်တတ်တယ်။ အစိုးရသစ်က ကိုယ့်အပေါ်မှာ ကြိုက်ချင်လည်း ကြိုက်မယ်။ မကြိုက်ချင်လည်း မကြိုက်ဘူး။ သူတို့လုပ်နေတဲ့မူထဲမှာ ကိုက်ချင်လည်း ကိုက်မယ်၊ မကိုက်ချင်လည်း မကိုက်ဘူး။ ပြီးတော့ တို့လုပ်နိုင်ရဲ့သားနဲ့ သူက ဘာဖြစ်လို့လုပ်မှာလဲဆိုပြီး ဖြစ်လာနိုင်တယ်။

ရခိုင်တပ်မတော်နဲ့ ဆက်နွယ်သူတွေကို ဖမ်းဆီးနေတယ်။ တချိန်တည်းမှာပဲ  ရခိုင်တပ်မတော်စစ်ဦးစီးချုပ်ရဲ့ ယောက္ခမကို လွှတ်တော်ဥက္ကဋ္ဌ ခန့်လိုက်တယ်။ ဒါကိုတပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက မကန့်ကွက်ခန့်ဘူး။ အန်ကယ် ဘယ်လိုမြင်ပါသလဲ။

ဖြစ်သွားတာက လွှတ်တော်ဥက္ကဌနေရာအတွက် ရခိုင်ပါတီက တင်တဲ့သူပဲရှိခဲ့တယ်။ အပြိုင်အဆိုင်တင်တဲ့သူ မရှိခဲ့ပါဘူး။ အမျိုးသားဒီမိုကရေစီကလည်း မတင်ဘူး။ ကိုယ်တို့ပြည်ခိုင်ဖြိုးပါတီကလည်း မတင်ဘူး။ နှစ်ယောက်တက်မှ မဲခွဲပြီး ဆုံးဖြတ်ရတာ။ တယောက်တည်းဆိုတော့ ကန့်ကွက်ရန်မရှိဘူးဆိုတော့ သူ ဖြစ်သွားတာပေါ့။ ပြိုင်ဘက်မရှိဖြစ်သွားတာပေါ့။ ဒုတိယက သူ (ဦးစံကျော်လှ) ဟာ ရွေးကောက်ပွဲတုန်းကလည်း ဝင်ပြိုင်ခဲ့တယ်။ အဲ့ဒီမှာ ဒီရခိုင်တပ်မတော်နဲ့ ဆက်စပ်မှုမရှိဘူး။ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ဝန်ခံထားတယ်။ အဲ့ကတည်းက သူဟာ ရွေးကောက်ပွဲကော်မရှင်က အတည်ပြုခဲ့ပြီးသားပေါ့။ နောက်ဆုံး သူ ဥက္ကဋ္ဌဖြစ်လာတယ်။ ဒီအခြေအနေကတော့ ကိုယ်တို့အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး။ နိုင်ငံတော်အပိုင်းကနေပဲ ဒါ ဥပဒေကြောင်းအရပဲ စဉ်းစားသွားမှာပေါ့။

ရခိုင်တပ်မတော်နဲ့က တိုက်ပွဲတွေက ဆက်ရှိနေဆဲပဲ။ ဆိုတော့ လာမယ့်အစိုးရလက်ထက်မှာ ဒီကိစ္စက ဘယ်လို ဆက်ရှိနိုင်မလဲ။

ကိုယ်တို့အနာဂတ်မှာ သွားနေတဲ့လမ်းကြောင်းက ထာဝရငြိမ်းချမ်းရေးကိုသွားတာ။ ဖြစ်နေတာက ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုတဲ့ တိုက်ပွဲတွေကို ဆက်တိုက်ဖြစ်စေနိုင်မယ့် လက်နက်တွေစု၊ လူတွေစု၊ နေရာသစ်တစ်ခု အဖွဲ့အစည်းတစ်ခုကို ပိုမိုခိုင်မာအောင် တပ်မတော်နဲ့ အမြဲတမ်း ထိတွေ့မှု ဖြစ်နေအောင် တောင့်တင်းအောင် လုပ်နေတဲ့ အဖွဲ့လိုမျိုး အဲ့လိုဖြစ်နေတယ်။ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်ဘူး။ ကိုယ့်ပြည်နယ် ကိုယ့်အစိုးရနဲ့ သီးသန့်နေချင်တယ်ဆိုတာမျိုးက ဒီနေ့အချိန်မှာ မလွယ်ဘူး။ ဒီနေ့မြန်မာနိုင်ငံဟာ ဗမာလူမျိုးအများစုရှိလို့ မြန်မာနိုင်ငံဖြစ်နေတာ။ ရခိုင်လူမျိုးသာ ဒီနိုင်ငံဒီဒေသကြီးမှာ အများစုရှိရင်လည်း ရခိုင်သမ္မတနိုင်ငံ ဖြစ်သွားနိုင်တယ်။ အများစုရှိတဲ့လူမျိုးကပဲ ဒါကတော့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ သူတို့ကပဲ ဦးဆောင်ပြီး၊ အားလုံးလက်တွဲပြီး နိုင်ငံကလည်း အများစုက အုပ်စိုးတဲ့နိုင်ငံ ဖြစ်သွားတာပေါ့။ ဆိုတော့ ရုရှားလိုမျိုး ပြိုကွဲချင်တာလား။ ဆိုတော့ နွားကွဲရင်တော့ ကျားဆွဲမှာပဲ။ လူမျိုးကြီးဝါဒနဲ့သွားတဲ့ သဘောမျိုးလည်း မဟုတ်ပါဘူး။ ဆိုတော့ အေအေ(ရခိုင်တပ်မတော်) တို့ဆိုတာလည်း ရန်သူတွေ မဟုတ်ပါဘူး၊ တိုင်းရင်းသားတွေပဲ။ နေရာတစ်ခုရဖို့အတွက်တော့ မလုပ်ကြပါနဲ့။ စားပွဲပေါ်မှာ ဆွေးနွေးပါ။ လက်နက်ကိုင်လို့ရလို့ ကိုင်မယ်ဆိုရင်လည်း မင်းလည်းကိုင်မှာပဲ၊ ငါလည်း ကိုင်မှာပဲ။ ရိုးရိုးလေးပဲ၊ ကိုယ်ဖြစ်ကိုယ်ခံပဲ။

ရခိုင်တိုင်းရင်းသားတွေ မကြိုက်ခဲ့တဲ့ အင်န်အယ်လ်ဒီက ဒုတိယအများဆုံးနိုင်ပြီး ခုဝန်ကြီးချုပ်နေရာမှာလည်း အင်န်အယ်ဒီပဲဆိုတော့ ရခိုင်တိုင်းရင်းသားတွေနဲ့ အင်န်အယ်ဒီဝန်ကြီးချုပ်ဟာ ရေရှည်မှာ ဘယ်လိုအခြေအနေမျိုးတွေ ဆက်ရှိနိုင်သလဲ။

ဝန်ကြီးချုပ်သစ်ရဲ့ ပြောဆိုစည်းရုံးဆောင်ရွက်နိုင်မှုအပေါ်မှာ မူတည်တယ်။ ပြည်သူတွေကို ဘယ်လောက် စည်းရုံးနိုင်မလဲ။ ဘယ်လောက်တာဝန်ခံနိုင်မလဲ။ ကိုယ်ဝန်ကြီးချုပ်လုပ်တုန်းကလည်း တာဝန်ခံမှုတွေ အများကြီး လုပ်ခဲ့ရတာပဲ။ ဒီလိုမှ မဟုတ်ဘဲ ကိုယ်ဟာ ရုပ်သေးရုပ်ကြီးလို နေမယ်ဆိုရင်တော့ မရဘူးလေ။ ဒီမှာက ဒီဖက်လိုက်ရင် ဟိုဖက်က ပြဿနာရှာမယ်၊ ဟိုဖက်လိုက်ရင် ဒီဖက်က ပြဿနာရှာမယ်။ ဦးညီပုက အသက်အရွယ်အရရော၊ အတွေ့အကြုံအရရော ကြည့်ရင် လုပ်နိုင်မယ်လို့ မေ ျှာ်လင့်ပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟာ သူ မထိန်းနိုင်တာနဲ့ ပြဿနာတွေက ပြည်ထောင်စုအစိုးရကို သွားထိမယ်။  ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟာ အပေါ်(ပြည်ထောင်စုအစိုးရ)နဲ့ အောက် (လူထု) ထိန်းကျောင်းပေးမယ့် လူမျိုးဖြစ်ဖို့လိုတယ်။ ဒီလိုမဟုတ်ဘဲ ခိုင်းတာလုပ်တဲ့ပုံစံမျိုးပဲ သမရိုးကျ သွားမယ်ဆိုရင်တော့ ရခိုင်လူထုနဲ့ ပြဿနာဖြစ်နိုင်တယ်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar