ရခိုင်လွှတ်တော်ကိုယ်စားလှယ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သတိပေး

နေပြည်တော်၊ မေ ၁၁

ရခိုင်စစ်ပွဲများအရေးနှင့် စပ်လျဉ်းပြီး အရေးကြီးအဆို တင်ခွင့်မရဟုဆိုကာ ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာ (ဖေ့စ်ဘွတ်ခ်)တွင် ရေးသားခြင်း၊ သတင်းမီဒီယာများကို အသိပေးခြင်းများ ပြုလုပ်ခဲ့သည့် ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က မေ ၁၁ တွင် ပြုလုပ်သောအစည်းအဝေး၌ သတိပေးလိုက်သည်။

“ပြည်သူများ နားလည်မှုလွဲစေခြင်း၊ လွှတ်တော်ကို အထင်အမြင်လွဲစေခြင်း ဖြစ်စေပါတယ်။ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် နိုင်ငံတော်က မကူညီစေလို၍ မဟုတ်ပါ။ စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီပေးရန်လို့ ခေါင်းစဉ်တပ်ပြီး အေအေလက်နက်ကိုင်အဖွဲ့ကို ပါဝင်ခွင့်ရဖို့ ဦးတည်တဲ့ ဆွေးနွေးချက်ကို တွေ့ရှိရခြင်း၊ အဆိုနှင့်စပ်လျဉ်းသော ဆွေးနွေးချက်များနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရှိရလို့ဖြစ်ပါတယ်” ဟု ဦးဝင်းမြင့်က ပြောသည်။

ယမန်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမတိုင်မီ ဒေါ်ခင်စောဝေက “ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ အေအေလက်နက်ကိုင်တပ်ဖွဲ့တို့အကြား ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများကြောင့် မိမိနေရပ်အား စွန့်ခွာတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် ဒုက္ခသည်များအား ပြည်နယ်အစိုးရ၊ ပြည်ထောင်စု အစိုးရများအနေဖြင့် လိုအပ်သော အကူအညီအထောက်အပံ့များ ရရှိနိုင်ရေးအတွက် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းကြောင်း အရေးကြီးအဆို” ကို တင်သွင်းခွင့်မရကြောင်း သတင်းမီဒီယာများကို ထုတ်ဖော်ပြောကြားခြင်း၊ ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာ (ဖေ့စ်ဘွတ်ခ်)တွင် ယင်းကိစ္စကို ပြည်ထောင်စုလွှတ်တော်ရှိ ရခိုင်အမျိုးသားပါတီဝင် ကိုယ်စားလှယ်များနှင့် တိုင်ပင်ပြီး ဆက်လက်အရေးဆိုသွားမည်ဟု ရေးသားထားခြင်းတို့ကို ရည်ညွှန်း၍ ဦးဝင်းမြင့်က ပြောကြားခြင်းဖြစ်သည်။ ထိုသို့ရေးသား ပြောဆိုချက်များသည် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်း မရှိကြောင်းလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သတိပေးခဲ့သည်။

လွှတ်တော်ဆိုင်ရာဥပဒေများတွင် ပြဋ္ဌာန်းထားသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မထိခိုက်စေရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေမည့် ကိစ္စမဖြစ်စေရ၊ လွှတ်တော်တစ်ရပ်တွင် ဆုံးဖြတ်ပြီးသောကိစ္စနှင့် စပ်လျဉ်း၍ သဘောခြင်းတူညီသည့် ကိစ္စမဖြစ်စေရ၊ ဥက္ကဋ္ဌက ခွင့်မပြုရသေးမီ မည်သည့်အဆိုကိုမျှ ထုတ်ပြန် ကြေညာခြင်းမပြုရ ဟူသော အချက်များကို ထောက်ချင့်၍ ဦးဝင်းမြင့်က ပြောကြားခြင်းဖြစ်သည်။

“လက်နက်ကိုင်တိုက်ပွဲဖြစ်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရအောင် လက်နက်ကိုင်အဖွဲ့တခုကို လွှတ်တော်က ဆုံးဖြတ်ပေးရမည်ဆိုပါက အခြားလက်နက်ကိုင်အဖွဲ့များကလည်း ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားပြီး လွှတ်တော်သို့ အဆိုတင်သွင်း တောင်းဆိုလာပါလျှင် ပြည်ထောင်စုအရေးက ရင်လေးဖွယ်ရာ ဖြစ်ပါတယ်”ဟု ဦးဝင်းမြင့်က ရှင်းပြသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်သတ္တပတ်က အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့ပြီး မှတ်တမ်းတင်ရန်သာ ဆုံးဖြတ်ခဲ့သည့် ““မြန်မာ့တပ်မတော်နှင့် အေအေလက်နက်ကိုင်အဖွဲ့တို့အကြား ရခိုင်ပြည်နယ်အတွင်း ယခုတလော တစ်ကျော့ပြန် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ချက်ခြင်းရပ်စဲပြီး အေအေလက်နက်ကိုင်အဖွ့ဲကို နိုင်ငံရေးအရ ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း” အဆို နှင့် အနှစ်သာရခြင်းတူညီနေ၍ လွှတ်တော်တစ်ရပ်ရပ်တွင် ဆုံးဖြတ်ခဲ့ပြီး ကိစ္စဖြစ်လျှင် ဆွေးနွေးခွင့်မရှိစေရန်ပြဋ္ဌာန်းထားသော ဥပဒေများအရ လိုက်နာဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

“ဘေး ဒုက္ခကယ်ဆယ်ရေးအပြင် စစ်ပြေငြိမ်းရေးကိစ္စတွေ ကျွန်မအဆိုမှာ ထည့်ရေးထားတာရှိပါတယ်” ဟု ပြောကြားခဲ့သည့် ဒေါ်ခင်စောဝေက စစ်ဘေးရှောင်ပြည်သူများကို ကူညီကယ်ဆယ်ရေး သီးသန့် ပြန်လည်ပြင်ဆင် တင်သွင်းမည်ဟု တင်ပြခဲ့သော်လည်း ဦးဝင်းမြင့်က ခွင့်မပြုခဲ့ဟု ပြောကြားသည်။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ရှိ ရခိုင်အမျိုးသားပါတီ (ANP) ပါတီဝင် ၂၂ ဦး၏ လက်မှတ်ဖြင့် စစ်ဘေးရှောင်ပြည်သူများအရေး ပြည်ထောင်စုအစိုးရက တာဝန်ယူပေးရေးနှင့် စပ်လျဉ်းသည့် မေတ္တာရပ်ခံစာတစ်စောင်ကို နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ မကြာမီပေးပို့မည်ဟုလည်း ဒေါ်ခင်စောဝေက ပြောကြားထားသည်။

ANP ပါတီကိုယ်စားလှယ်များသည် ရခိုင်စစ်ပွဲများနှင့် စပ်လျဉ်း၍ အဆိုတင်သွင်းခြင်းကို အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ရခိုင်ပြည်နယ်လွှတ်တော်တို့တွင် ယခုရက်သတ္တပတ်အတွင်း တစ်ပြိုင်နက် ဆောင်ရွက်နေကြခြင်းဖြစ်သည်။ အမျိုးသားလွှတ်တော်တွင် ဆွေးနွေးစဉ်ကမူ ၂၀၁၅ ခုနှစ်ကတည်းက စတင်နေသည့် အေအေနှင့်တိုက်ပွဲများကို အကြောင်းပြု၍ ယခုကာလတွင်မှ ဆန္ဒပြပွဲများ၊ လွှတ်တော်တွင်း အရေးဆိုမှုများပြုလုပ်ခြင်းသည် အစိုးရသစ်ကို နိုင်ငံရေးအရ အကြပ်တွေ့အောင်လုပ်ခြင်းသာဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက မှတ်ချက်ပြုခဲ့သည်။

၂၀၁၅ ခုနှစ်မတ်လမှစ၍ တိုက်ပွဲ ၄၂ ကြိမ်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည် ၁,၇၀၀ မှ ၂,၀၀၀ ဦးအကြားရှိမည်ဟု ဒေါ်ခင်စောဝေက ခန့်မှန်းထားသည်။

သတင်း- ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar