ရခိုင်မြောက်ပိုင်းရှိ မြို့နယ်များတွင် ရွေးကောက်ပွဲများကျင်းပနိုင်ရေး ဒေသခံများ၏ မျှော်လင့်ချက်မြင့်မားလျက်ရှိသည်။ သို့သော် ရွေးကောက်ပွဲလက်တွေ့ကျင်းပရေးက စိန်ခေါ်မှုများရှိနေပြီး အစိုးရနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့အပေါ်တွင်လည်း မူတည်နေသည်။
ကောင်းဆက်နိုင်ရေးသားသည်။
၂၀၁၈နှောင်းပိုင်းမှစ၍ ရခိုင့်တပ်တော် (အေအေ)နှင့် တပ်မတော်တို့အကြားဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့များရှိ ဒေသခံများအဖို့ လက်နက်ကြီးကျသံများနှင့် သေနတ်သံများမှာ ပုံမှန် ကြားနေကျလိုပင်ဖြစ်သည်။
ကိုဗစ်-၁၉ဒုတိယလှိုင်းဖြစ်ပွားသည့်တိုင် ရောဂါကူးစက်မှုထက် သေနတ်သံကို ပိုမိုကြောက်ရွံခဲ့ရသည့် အဆိုပါဒေသများတွင် ယခုအခါ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိတော့ပေ။ ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ကျောက်တော်မြို့ရှိ ဒေသခံများကမူ ယခုကဲ့သို့ တိုက်ပွဲများ ယာယီရပ်ဆိုင်းသွားသည့်အပေါ် ကြိုဆိုကြသည်။
အေအေအဖွဲ့နှင့် တပ်မတော်တို့က နိုဝင်ဘာ၈ရက်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် ရခိုင်မြောက်ပိုင်းရှိ မြို့နယ်ကိုးခုတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြေညာချက်များ အပြန်အလှန် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားတော့ခြင်းမရှိကြောင်း ဒေသခံများကဆိုသည်။
သို့တိုင် ဒေသခံများက လွန်ခဲ့သည့်နှစ်ကစ၍ ယခုနှစ်၊ ရွေးကောက်ပွဲမတိုင်ခင်ကာလအထိ ပြင်းထန်စွာဖြစ်ပွားခဲ့သော တိုက်ပွဲများကို အပြီးတိုင်ရပ်ဆိုင်းစေချင်ကြသည်။
“တိုက်ပွဲတွေလည်းမဖြစ်ဘူး။ လက်နက်ကြီးကျသံလည်း မကြားရဘူး။ လူတွေတောင် ပုံမှန်လို ပြန်ထွက်နေကြပြီ”ဟု ကျောက်တော်မြို့နယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဦးထွန်းလှက ပြောသည်။
တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သော ဦးဦးထွန်းလှသည် ယခင်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ ကျောက်တော်မြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့သူဖြစ်သည်။
သို့သော် အောက်တိုဘာ၁၆ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျောက်တော်အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ကိုးခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း ကြေညာလိုက်သည်။ ယင်းသို့ကြေညာသောအခါ ဦးဦးထွန်းလှအပါအဝင် ထိုဒေသများတွင် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသည့် ကိုယ်စားလှယ်လောင်းများ၏ မျှော်လင့်ချက်များ ရေစုန်မျောခဲ့ရသည်။
ကော်မရှင်က ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဟု ကြေညာသည့်မြို့နယ်များတွင် ကျောက်တော်အပါအဝင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ပေါက်တောမြို့နယ်တို့လည်း ပါဝင်သည်။ အဓိကအကြောင်းပြချက်မှာ အေအေနှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်းမရှိဟူ၍ ဖြစ်သည်။
အဆိုပါဆုံးဖြတ်ချက်ကြောင့်ပင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကိုးခု၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ခုနှစ်ခုနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အခု၂၀တို့တွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ခဲ့ခြင်းမရှိပေ။ ထို့ပြင် ယင်းဆုံးဖြတ်ချက်ကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒေသခံ ၁ဒသမ၂သန်းကျော်ခန့် မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်။
ရွေးကောက်ပွဲ မကျင်းပခဲ့သည့် မဲဆန္ဒနယ်များသည် ရခိုင်အမျိုးသားပါတီ (အေအင်န်ပီပါတီ)၏ အမာခံနယ်မြေများဖြစ်သည်။ ၂၀၁၅ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရသည့် အမျိုးသားလွှတ်တော်တစ်နေရာနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်နှစ်နေရာကလွဲ၍ ကျန်မဲဆန္ဒနယ်အားလုံးနီးပါးကို အေအင်န်ပီပါတီက အနိုင်ရရှိခဲ့သည်။
၎င်းတို့ထပ်မံအနိုင်ရရန် အလားအလာကောင်းနေသော အမာခံမဲဆန္ဒနယ်များကို နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲတွင် ချန်လှပ်ထားခဲ့ခြင်းက အေအင်န်ပီပါတီကို အထိနာစေခဲ့ပြီး ဥပဒေပြုလွှတ်တော်အတွင်း ရခိုင်တိုင်းရင်းသားပါတီများ၏ ကိုယ်စားပြုမှုကို လျော့ကျစေခဲ့သည်။
သို့သော် ရွေးကောက်ပွဲအပြီး လေးရက်အကြာတွင် ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် ကိုးမြို့နယ်၏ ကံကြမ္မာမှာ တစ်မျိုးဖန်လာသည်။ အေအေအဖွဲ့က အဆိုပါမြို့နယ်များတွင် ဒီဇင်ဘာလကုန်နောက်ဆုံးထား၍ ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ရန် ၎င်းတို့ဘက်က အပစ်အခတ်ရပ်စဲထားမည်ဖြစ်ကြောင်း နိုဝင်ဘာ၁၂ရက်တွင်ကြေညာခဲ့သည်။ အစိုးရနှင့် တပ်မတော်ကိုလည်း အဆိုပါဒေသများတွင် ရွေးကောက်ပွဲကျင်းပပေးရန် အေအေအဖွဲ့က တောင်းဆိုခဲ့သည်။
တပ်မတော်ကလည်း အေအေအဖွဲ့၏ ထုတ်ပြန်ချက်ကို ကြိုဆိုခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု အဆိုပါနေ့တွင်ပင် ကြေညာခဲ့သည်။
နှစ်နှစ်နီးပါးအပြင်းအထန်ဖြစ်ပွားခဲ့သည့် အေအေနှင့် တပ်မတော်အကြား တိုက်ပွဲများမှာ ရွေးကောက်ပွဲနေ့ကစ၍ ရပ်တန့်သွားခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်မစ္စတာအီချီရို မာရူယာမာက ရွေးကောက်ပွဲကျင်းပခွင့်မရခဲ့သည့် နေရာများတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး အေအေအဖွဲ့နှင့် တပ်မတော်တို့အကြား ၎င်းတို့က စေ့စပ်ညှိနှိုင်းပေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
နိုဝင်ဘာ၁၂ရက်က တပ်မတော်နှင့် အေအေအဖွဲ့တို့၏ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အပြန်အလှန် ထုတ်ပြန်ကြေညာချက်များမှာ ၎င်းတို့၏ စေ့စပ်ညှိနှိုင်းမှုကြောင့်လည်း ဖြစ်သည်ဟု ဂျပန်သံအမတ်ကဆိုသည်။
နိုဝင်ဘာ၂၈ရက်တွင် ဂျပန်သံအမတ်သည် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရအထူးကိုယ်စားလှယ် မစ္စတာယိုဟေး ဆာဆာကာဝါနှင့် ကျောက်တော်နှင့် ဘူးသီးတောင်မြို့များသို့ သွားရောက်ခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။
သွားရောက်စဉ် ဒေသခံများ၏ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်းပြသော စိတ်ဆန္ဒကို တွေ့ရှိခဲ့ရကြောင်း မစ္စတာဆာဆာကာဝါက ခရီးစဉ်အပြီးတွင် ပြောသည်။ ၎င်းသည် ခရီးစဉ်အတွင်း စစ်တွေမြို့တွင် အေအင်န်ပီပါတီ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။
ထိုသို့သော အခြေအနေများနှင့် နှစ်ဘက်တပ်များ အပစ်ရပ်ထားခြင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်ကိုးခုတွင် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပနိုင်ရေး မျှော်လင့်ချက် ရောင်နီသန်းလာသည်။ ဒေသခံမဲဆန္ဒရှင်များနှင့် နိုင်ငံရေးပါတီများအကြားတွင်လည်း ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အခွင့်အရေးများ ပြန်လည်ရရှိတော့မည်ဟူသည့် မျှော်လင့်ချက် မြင့်တက်လာခဲ့သည်။
“ဖြစ်နိုင်ရင် ရွေးကောက်ပွဲ လုပ်ပေးစေချင်တယ်။ အစိုးရက လုပ်ပေးမယ်လို့ မျှော်လင့်နေတယ်”ဟု ဦးဦးထွန်းလှက ပြောသည်။
ပြည်သူများ စစ်ဘေးရှောင်ဘဝရောက်နေခြင်း၊ နှစ်ဘက်ပဋိပက္ခများအကြား အရပ်သားများ ဖမ်းဆီး၊ သတ်ဖြတ်ခံရခြင်း စသည့်အခြေအနေများနှင့်သက်ဆိုင်သော ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို လွှတ်တော်အတွင်းကိုယ်စားပြုပေးမည့် ကိုယ်စားလှယ်များ လိုအပ်သည်ဟု နိုင်ငံရေးပါတီများက တစ်ညီတစ်ညွတ်တည်းဆိုသည်။
“ရွေးကောက်ပွဲက ကျင်းပပေးဖို့ကို လိုအပ်နေတယ်”ဟု ဦးဦးထွန်းလှက ပြောသည်။
ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသာ ညွှန်ကြားလာပါက နိုဝင်ဘာ၈ရက်တွင် ချန်လှပ်ခဲ့သော မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ ကျင်းပရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဖရွန်းတီးယားမြန်မာသို့ ပြောသည်။
“ရွေးကောက်ပွဲလုပ်ဖို့က အကုန်အဆင်သင့်ပဲ။ မဲစာရင်းလည်း အဆင့်သင်ပဲ။ မဲရုံတွေ၊ မဲရုံစောင့်မဲ့သူတွေ အကုန်စီစဉ်ပြီးသားပဲ”ဟု ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးသူရိန်ထွဋ်က ပြောသည်။
အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)ပါတီတာဝန်ရှိသူများကမူ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဒီဇင်ဘာလကုန်မတိုင်မီ ရွေးကောက်ပွဲကျင်းပနိုင်ရန် လက်တွေ့ကျသည့် စိန်ခေါ်မှုများကို ဖြေရှင်းရမည်ဟုဆိုသည်။
အင်န်အယ်လ်ဒီပါတီသည် အဆိုပါဒေသများက ရခိုင်ပြည်သူများ မဲပေးခွင့်ပြန်လည်ရရှိရေးကို လိုလားကြောင်း၊ သို့သော် ကြားဖြတ်ရွေးကောက်ပွဲများကို ဥပဒေနှင့်အညီသာ ကျင်းပရမည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဆိုသည်။
“အထွေထွေရွေးကောက်ပွဲက ပြီးသွားပြီ။ ကြားဖြတ်ရွေးကောက်ပွဲတွေဆိုတာက ကျင်းပချင်တိုင်း ကျင်းပလို့မရဘူး။ ဥပဒေနဲ့အညီ ဆောင်ရွက်ရတာပါ”ဟု သူကပြောသည်။
လွှတ်တော်ရွေးကောက်ပွဲဥပဒေများ၏ ပုဒ်မ၈၉(ခ)တွင် ကြားဖြတ်ရွေးကောက်ပွဲများကို လွှတ်တော်သက်တမ်း၏ ပထမနှစ်နှင့် နောက်ဆုံးနှစ်များတွင် ကျင်းပခွင့်မရှိကြောင်း ပြဋ္ဌာန်းထားသည်။ နိုဝင်ဘာ၈ရက်တွင် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော တတိယအကြိမ်လွှတ်တော်သက်တမ်းသည် ၂၀၂၁၊ ဖေဖော်ဝါရီလတွင် စတင်မည်ဖြစ်သည်။ သို့ဖြစ်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ၈၉(ခ)အရဆိုလျှင် ကြားဖြတ်ရွေးကောက်ပွဲများကို လွှတ်တော်သက်တမ်းအသစ်၏ ပထမနှစ်အလွန်ဖြစ်သော ၂၀၂၂၊ ဖေဖော်ဝါရီနောက်ပိုင်းမှသာ ကျင်းပရနိုင်မည်ဖြစ်သည်။
သို့သော် ရခိုင်နိုင်ငံရေးပါတီများက ကိုယ်စားလှယ်လောင်းများကမူ နိုဝင်ဘာ၈ရက်တွင် ကျင်းပနိုင်ခဲ့ခြင်းမရှိသည့် ရွေးကောက်ပွဲများသည် ကြားဖြတ်ရွေးကောက်ပွဲတွင် အကျုံးဝင်ပြီး ဥပဒေအရ ၂၀၂၂အစပိုင်းမှသာ အစောဆုံးကျင်းပနိုင်မည်ဟူသည့် ယူဆချက်ကို ပယ်ချသည်။
“အခု ကြားဖြတ်လို့ပြောတာက အေအေနဲ့ တပ်မတော်ထုတ်ပြန်ချက်မှာ ကြားဖြတ်ရွေးကောက်ပွဲလို့ သုံးနှုန်းလိုက်လို့ပါ။ တကယ်က ကြားဖြတ်ရွေးကောက်ပွဲ မဟုတ်ဘူး။ နောက်ဆက်တွဲရွေးကောက်ပွဲပါ”ဟု မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
ဦးဖေသန်းသည် အေအင်န်ပီပါတီ၏ ဗဟိုမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိသော မြေပုံမြို့နယ်ရှိ ၎င်း၏လက်ရှိမဲဆန္ဒနယ်ဖြစ်သည့် ပြည်သူ့လွှတ်တော်နေရာအတွက် ထပ်မံယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့သူဖြစ်သည်။
ထို့ပြင် ရွေးကောက်ပွဲဥပဒေများ၏ ပုဒ်မ၃၄(က)ပါ ပြဋ္ဌာန်းချက်အရ နောက်ဆက်တွဲ ရွေးကောက်ပွဲများ ကျင်းပနိုင်သည်ဟုလည်း ရခိုင်နိုင်ငံရေးသမားများက ထောက်ပြသည်။ ပုဒ်မ၃၄(က)တွင် အထွေထွေရွေးကောက်ပွဲကို ဖြစ်နိုင်သရွေ့ တစ်ရက်တည်းတွင် ကျင်းပရမည်ဟု ဖော်ပြထားသည်။
“ဖြစ်နိုင်သရွေ့ တစ်ရက်တည်းလုပ်ရမယ်ပြောတယ်။ မဖြစ်နိုင်ရင် ရက်ခွဲလုပ်လို့ရတယ်။ ဖဆပလ အစိုးရလက်ထက်မှာလည်း ဒီလိုမျိုးခွဲပြီး ကျင်းပခဲ့တာတွေရှိတယ်”ဟု ဦးဖေသန်းက ထောက်ပြသည်။
မြန်မာ့သမိုင်းတွင်လည်း ရွေးကောက်ပွဲများကို ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြောင့် ရက်ခွဲ၍ ကျင်းပခဲ့ရသည့် သာဓကများရှိခဲ့ကြောင်း သမ္မတဟောင်းဦးသိန်းစိန် လက်ထက်က ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးရဲထွဋ်ကလည်း ၎င်း၏ အင်တာနက်စာမျက်နှာတွင် ရေးသားသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး၊ ဖဆပလအစိုးရလက်ထက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေရာများရှိ ရွေးကောက်ပွဲများကို ၁၉၅၁တွင် ဇွန်မှစတင်ကျင်းပခဲ့ပြီး ၁၉၅၂၊ ဖေဖော်ဝါရီအထိ အသုတ်လိုက်ခွဲ၍ ကျင်းပခဲ့ရသည်ဟု ဦးရဲထွဋ်ကဆိုသည်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၃)၏ လက်ရှိကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း လွှတ်တော်သက်တမ်းအသစ်စတင်မည့် ဖေဖော်ဝါရီမတိုင်မီ ရွေးကောက်ပွဲကျင်ပမည်ဆိုပါက ယင်းရွေးကောက်ပွဲများကို ကြားဖြတ်ရွေးကောက်ပွဲဟု မသတ်မှတ်ဘဲ နောက်ဆက်တွဲရွေးကောက်ပွဲဟု သတ်မှတ်ရမည်ဖြစ်ကြောင်း ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲများ လွှတ်တော်သက်တမ်း ပထမနှစ်နှင့် နောက်ဆုံးနှစ်တွင် ကျင်းပခွင့်မရှိဆိုသည့် အချက်မှာလည်း အင်န်အယ်လ်ဒီအစိုးရလက်ထက်၊ ၂၀၁၉အတွင်းက ရွေးကောက်ပွဲဥပဒေများကို ပြင်ဆင်ရာတွင် ထည့်သွင်းခဲ့သည့် ပြဋ္ဌာန်းချက်များဖြစ်သည်ဟု ၎င်းကဆိုသည်။
“အစိုးရက လုပ်ချင်လို့ ဥပဒေကြောင့်လုပ်မရဘူးဆိုရင်လည်း ကျွန်တော်တို့ ဥပဒေကို ပြင်လို့ရတယ်။ ဒီဥပဒေကိုလည်း အင်န်အယ်လ်ဒီကပဲ ပြင်ထားတာဟု”ဟု ဦးခင်မောင်လတ်က ပြောသည်။
ဦးခင်မောင်လတ်သည် ယခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ အမျိးသားလွှတ်တော် မဲဆန္ဒနယ်(၅)တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့သူဖြစ်သည်။ ၎င်းသည် အေအင်န်ပီပါတီက နုတ်ထွက်၍ ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီသို့ ဝင်ရောက်လိုသူဖြစ်သည်။ သို့သော် အေအင်န်ပီပါတီက ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်အချို့ကို ပါတီမှ နုတ်ထွက်ခွင့်မပြုသောအခါ ဦးခင်မောင်လတ်အပါအဝင် ပါတီဝင်အချို့သည် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့ကြသည်။
သို့ဖြစ်ရာ ရခိုင့်ဦးဆောင်ပါတီနှင့် ဦးခင်မောင်လတ်ကဲ့သို့သော ပါတီ၏ မိတ်ဘက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲမကျင်းပသည့် မြို့နယ်ကိုးခုရှိ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ငါးနေရာ၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ခုနှစ်နေရာနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်၁၄နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့ကြသည်။
တိုက်ပွဲရပ်ရုံ မလုံလောက်ပါ
ရခိုင်ပြည်နယ်တွင် အဆိုပါကိုးမြို့နယ်ရှိ မဲဆန္ဒနယ်များအတွက် ရွေးကောက်ပွဲကျင်းပမည် ဆိုပါက ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်ပါ ကန့်သတ်မှုအပြင် မြေပြင်ကအခြေအနေများကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု အင်န်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကဆိုသည်။
“အေအေနဲ့ တပ်မတော်အကြား တိုက်ပွဲတွေရပ်ဆိုင်းထားတာ ပြည်သူတွေအတွက် ဝမ်းသာဖို့ကောင်းပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေမဖြစ်ရုံနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အာမခံချက်မရှိသေးပါဘူး”ဟု ၎င်းကပြောသည်။
လွန်ခဲ့သော နှစ်များအတွင်း အရှိန်အဟုန်ပြင်းပြင်းတောက်လောင်ခဲ့သော ရခိုင်ပြည်နယ်အတွင်းက စစ်ရေးပဋိပက္ခမီးကြောင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားလက်တံများနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ကြီးမားစွာ ထိခိုက်မှုရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၉ နှင့် ၂၀၂၀နှစ်များအတွင်း ပဋိပက္ခအရှိန်ကောင်းစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးများကို နှစ်ဘက်လက်နက်ကိုင်အဖွဲ့အစည်းများက ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း စသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ ယင်းကြောင့်ပင် လွန်ခဲ့သည့် နှစ်နှစ်အတွင်း လုံခြုံမှုမရှိဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက် ရာထူးမှနုတ်ထွက်သည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။
အကျိုးဆက်အဖြစ် လက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာအများအပြားတွင် အုပ်ချုပ်ရေးမှူးများ လစ်လပ်လျက်ရှိနေသည်။ သို့ဖြစ်ရာ အုပ်ချုပ်ရေးမှူးမရှိသည့်ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲကျင်းပရေးနိုင်ရေးမှာလည်း စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။
အကြောင်းမှာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများသည် မဲစာရင်းပြုစုခြင်းအပါအဝင် ရွေးကောက်ပွဲလုပ်ငန်းစဉ် စီမံခန့်ခွဲရာတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အတူတကွလက်တွဲ လုပ်ဆောင်ရခြင်းကြောင့်ဖြစ်သည်။
ထို့ပြင် ပြင်းထန်သော တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာ၍ လုံခြုံရာသို့ ထွက်ပြေးရသူ စစ်ဘေးရှောင်အရေအတွက်သည် ၂၃၀,၀၀၀ကျော်အထိ ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံးက ထုတ်ပြန်ထားသည်။
၎င်းတို့အားလုံး မဲပေးခွင့်ရရှိရေး စီမံခန့်ခွဲရမည်ဆိုပါက မဲစာရင်းများပြုစုရမည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်ကို စီမံခန့်ခွဲရန် အောက်ခြေအဆင့်ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြန်လည်ခန့်အပ်ခြင်း စသည့်လုပ်ငန်းစဉ်များကို ဦးစွာဆောင်ရွက်ရမည်ဖြစ်သည်။
“မောင်တော၊ မင်းပြား၊ မြောက်ဦး အဲဒီမြို့နယ်တွေမှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ အများကြီး နုတ်ထွက်ထားတယ်။ အဲဒီလိုပြဿနာတွေက ရှိသေးတယ်”ဟု ဒေါက်တာမျိူးညွှန့်က ပြောသည်။
အထူးသဖြင့် ရွေးကောက်ပွဲအကြိုကာလ မဲစာရင်းများကြေညာခဲ့ရာတွင် စစ်ဘေးဒဏ်ကို အဓိကခံစားခဲ့ရသည့် ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် ဘူးသီးတောင် စသည့်မြို့နယ်များရှိ ကျေးရွာအုပ်စုများတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို တစ်ကြိမ်မျှ မကြေညာနိုင်ခဲ့ပေ။
“မဲစာရင်းတွေမှန်ကန်ဖို့ ရပ်/ကျေးကော်မရှင်တွေ ဖွဲ့စည်းနိုင်ဖို့၊ တရားမျှတစွာ မဲဆွယ်စည်းရုံးဖို့၊ မဲရုံစောင့်မဲ့ သူတွေရဲ့လုံခြုံရေး ဒါတွေကို အာမခံဖို့လိုပါတယ်။ အဲဒါတွေမရှိပဲနဲ့ လုပ်လို့မရဘူး” ဟု ဒေါက်တာမျိုးညွန့်ကပြောသည်။
ထို့ပြင် လက်ရှိတိုက်ပွဲများလျော့ကျသွားသည့် အခြေအနေမှာ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်းကို အာမခံနိုင်၊ မခံနိုင်မှာလည်း မေးခွန်းထုတ်စရာဖြစ်သည်။ အေအေအဖွဲ့ကမူ နိုဝင်ဘာ၁၂ရက် ထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲဖြစ်မြောက်ရေး တည်ငြိမ်သည့် အခြေအနေတစ်ခုကို ဖန်တီးနိုင်ရန် အစိုးရ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများကို ပံ့ပိုးသွားမည်ဟု ဆိုသည်။
ပြည်တွင်းငြိမ်းချမ်းရေးလေ့လာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Myanmar Institute for Peace and Security အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကမူ အဆိုပါမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပမည်ဆိုပါက တိုက်ပွဲများရပ်ဆိုင်းခြင်းအပြင် ဒေသခံများအပေါ် ခြိမ်းခြောက်မှုမရှိရန်လည်း လိုအပ်သည်ဟု ဆိုသည်။
“မဲထည့်မဲ့နေရာတွေမှာ ခြိမ်းခြောက်တာတွေပါ မရှိဖို့လိုတယ်။ ကျွန်တော်တို့ လေ့လာမိသလောက်က တိုက်ပွဲမရှိပေမဲ့ ခြိမ်းခြောက်တာတွေရှိရင် အဲဒီနေရာတွေမှာ ရွေးကောက်ပွဲကို မလုပ်ခဲ့တာတွေ တွေ့ရတယ်”ဟု ၎င်းက နိုဝင်ဘာ၂၂ရက်တွင် ဖရွန်းတီးယားမြန်မာသို့ ပြောသည်။
MIPSအဖွဲ့၏ အောက်တိုဘာအတွင်းက ထုတ်ပြန်သော အချက်အလက်များအရ ယခုနှစ်အတွင်း ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် တိုက်ပွဲအကြိမ်ရေ ၃၀၀ကျော် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေအများဆုံး မြို့နယ်နှစ်ခုမှာ ရသေ့တောင် (အကြိမ် ၈၀)နှင့် ကျောက်တော် (၆၇ကြိမ်)တို့ဖြစ်ကြသည်။
ကျောက်တော်နှင့် ရသေ့တောင်တို့မြို့နယ်များတွင် တိုက်ပွဲများရပ်စဲထားလျှင်ပင် ရွေးကောက်ပွဲကျင်းပရန် ခက်ခဲနိုင်ပြီး မြေပုံ၊ မြောက်ဦး၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် အခြားမြို့နယ်များတွင်မူ ရွေးကောက်ပွဲကျင်းပရန် လွယ်ကူကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး အတွင်းရေးမှူးကိုဇော်ဇော်ထွန်းက မှတ်ချက်ပြုသည်။
“တချို့မြို့နယ်ကျတော့ နှစ်ဘက်တပ်တွေ ရင်ဆိုင်တွေ့နေကြတဲ့ နေရာတွေရှိတယ်။ အဲဒီလိုနေရာတွေကျတော့ တပ်မတော်ဘက်ကလည်း လုံခြုံရေးပိုင်းဆိုင်ရာ စဉ်းစားနိုင်သေးတယ်လို့ထင်ပါတယ်”ဟု ၎င်းကပြောသည်။
ကျောက်တော်မြို့ခံတစ်ဦးဖြစ်သည့် ဦးဦးထွန်းလှကမူ ထို့သို့သောအခြေအနေများကြောင့် စိတ်မချရပါကလည်း မြို့ပေါ်ဧရိယာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာအုပ်စုများတွင်သာ ရွေးကောက်ပွဲကျင်းပနိုင်ကြောင်းဆိုသည်။
“ကျောက်တော်မှာဆိုရင် စိတ်မချလို့ရှိရင် တောင်တန်းတွေနဲ့နီးတဲ့ နေရာတွေကို ချန်ခဲ့ပေါ့။ အဲဒီနေရာတွေက တိုက်ပွဲအဖြစ်များခဲ့တဲ့နေရာတွေလေ”ဟု ၎င်းကပြောသည်။
သို့တိုင် အစိုးရသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပရန်ရှိ၊ မရှိ ဆုံးဖြတ်ရာတွင် အေအေအဖွဲ့က ဖမ်းဆီးထားသည့် အင်န်အယ်လ်ဒီအမတ်လောင်းသုံးဦးကိစ္စ ကိုလည်းထည့်သွင်းစဉ်းစားဖွယ်ရှိသည်။ အေအေအဖွဲ့သည် ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလတွင် တောင်ကုတ်ရှိ အင်န်အယ်လ်ဒီပါတီဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားရာ ယခုတိုင် ပြန်မလွှတ်သေးပေ။
ဖမ်းဆီးခံထားရသည့် ပါတီဝင်သုံးဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် နိုဝင်ဘာ၁၈ရက်တွင် အင်န်အယ်လ်ဒီပါတီက တောင်းဆိုထားသည်။ ထို့ပြင် အင်န်အယ်လ်ဒီပါတီ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူးဦးအောင်ရှင်က ၎င်းတို့၏ ပါတီဝင်သုံးဦးကို ဆက်လက်ဖမ်းဆီးထားခြင်းကြောင့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်သည်အထိ နယ်မြေအေးချမ်းသည်ဟု မဆိုနိုင်ကြောင်း အာရ်အက်ဖ်အေသတင်းဌာနသို့ ပြောဆိုခဲ့သည်။
အေအေအဖွဲ့ကမူ ဖမ်းဆီးခံထားရသည့် အင်န်အယ်လ်ဒီပါတီဝင်သုံးဦးကို ၎င်းတို့က နှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး နှစ်ဦးနှစ်ဘက် ညှိနှိုင်းအဆင်ပြေ၍ အပြန်အလှန်နားလည်မှုရှိသော အခြေအနေတွင် ပြန်လွှတ်ပေးမည်ဟု နိုဝင်ဘာ၂၁ရက်တွင် ကြေညာချက်ထုတ်၍ တုံ့ပြန်ခဲ့သည်။
ထို့ပြင် အချက်လေးချက်ကို လုပ်ဆောင်ပေးရန်လည်း အေအေအဖွဲ့က အာဏာရအင်န်အယ်လ်ဒီပါတီကို တောင်းဆိုခဲ့သည်။ ယင်းအချက်များတွင် အင်န်အယ်လ်ဒီအစိုးရက ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးထားသော ရခိုင်ပြည်သူများ၊ ထောင်သွင်းအကျဉ်းချခံနေရသော ရခိုင်ဒေသခံများနှင့် နိုင်ငံရေးသမားများ၊ ဖမ်းဆီးခံနေရသော အေအေအဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ ငြိမ်းချမ်းရေးအတွက် တောင်းဆိုဆန္ဒပြ၍ ဖမ်းဆီးခံရသည့် မြန်မာပြည်အနှံ့က တက္ကသိုလ်ကျောင်းသားများကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် စသည်တို့ ပါဝင်သည်။
သို့သော် ယင်းတောင်းဆိုချက်များကို အစိုးရက လိုက်လျောပေးဖွယ်ရှိ၊ မရှိကိုမူ မသိရှိရသေးပေ။
“ဖမ်းဆီးခံ အမတ်လောင်းသုံးယောက်ကိစ္စ မပြေလည်ရင်လည်း ရွေးကောက်ပွဲကို သွားထိခိုက်နိုင်တယ်”ဟု ဒေါက်တာမင်းဇော်ဦးက ပြောသည်။
ရွေးကောက်ပွဲဖြစ်နိုင်လား
ရခိုင်နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများကမူ အေအေအဖွဲ့နှင့် တပ်မတော်တို့ နိုဝင်ဘာ၁၂ရက် ကြေညာချက်တွင် သဘောတူညီသည့်အတိုင်း ရခိုင်ပြည်နယ်နေရာအချို့တွင် ရွေးကောက်ပွဲအောင်အောင်မြင်မြင် ကျင်းပနိုင်ပါက ယင်းကပင် ရခိုင်ပြည်နယ်အတွင်း ပို၍ကျယ်ပြန့်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ကြီးမားသည့် ခြေလှမ်းတစ်ရပ် ဖြစ်လာမည်ဟု ယုံကြည်နေကြသည်။
တစ်ချိန်တည်းတွင် ရွေးကောက်ပွဲများဖြစ်မလာပါက တပ်မတော်နှင့် အေအေအဖွဲ့တို့အကြား ယခင်ကကဲ့သို့ ပြင်းထန်သော တိုက်ပွဲများပြန်လည် စတင်လာမည်ကိုလည်း ၎င်းတို့က စိုးရိမ်သည်။
ယင်းကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ရည်ရွယ်၍ အစိုးရ၊ တပ်မတော်နှင့် အေအေအဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးရန် အရေးတကြီး လိုအပ်လာပြီဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
“ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့နေရာတွေကို အစိုးရရယ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရယ်၊ တပ်မတော်ရယ် အရင်ဆုံးညှိနှိုင်းရမယ်။ ဘယ်နေရာမှာ တပ်မတော်ရှိတယ်။ ဘယ်နေရာတွေမှာ အေအေအဖွဲ့အခြေချထားတယ်ဆိုတာတွေ ဆွေးနွေးဖို့လိုတယ်။ အေအေအဖွဲ့တပ်စွဲထားတဲ့ နေရာတွေအတွက်ဆိုရင်လည်း အေအေနဲ့ဆွေးနွေးဖို့လိုတယ်”ဟု ဒေါက်တာမင်းဇော်ဦးက ပြောသည်။
ထို့ပြင် အေအေအဖွဲ့နှင့် တပ်မတော်တို့အကြားတွင်လည်း ရွေးကောက်ပွဲအတွက် ကြေညာချက် ထုတ်ပြန်ရုံမျှဖြင့် မလုံလောက်သေးဘဲ အပစ်အခတ်ရပ်စဲရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်သင့်သည်ဟု အရပ်ဘက်အဖွဲ့များကဆိုသည်။
“နှစ်ဘက်တွေ့ဆုံပြီး ပူးတွဲကြေညာချက်ထုတ်မယ်။ ဒါမှမဟုတ်ရင်လည်း သတင်းစာရှင်းလင်းပွဲတွေကလည်း ပြောကြမယ်ဆိုရင် ပိုပြီးတော့ တရားဝင်တာပေါ့။ ထုတ်ပြန်ချက်တွေထဲမှာတော့ ရပ်ပြီး အောက်ခြေမှာပစ်နေရင်အဆင်မပြေဘူး”ဟု ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးခိုင်ကောင်းစံက ပြောသည်။
ဒေါက်တာမင်းဇော်ဦးက လက်ရှိအခြေအနေများကို ထောက်ရှုပါက အေအေအဖွဲ့က တောင်းဆိုသည့်အတိုင်း ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ကိုးခုတွင် ဒီဇင်ဘာလကုန်မီ ရွေးကောက်ပွဲကျင်းပရေးမှာ ခက်ခဲကြောင်း သုံးသပ်သည်။ အဘယ့်ကြောင့်ဆိုသော် ယခုလက်ရှိ အပစ်ရပ်ထားသည်မှာ စိတ်ချရသည့်အခြေအနေတွင် မရှိ၍ဟုဆိုသည်။
“တပ်မတော်ဘက်က သူ့တပ်တွေထည့်ထားတယ်။ လက်နက်ခဲယမ်းတွေလည်း ပုံထားတယ်။ ရွေးကောက်ပွဲပြီးရင် စစ်ဆင်ရေးလုပ်မယ်ဆိုတဲ့ အစီအစဉ်ရှိပုံရတယ်။ အကယ်၍ ဆွေးနွေးညှိနှိုင်းမှုတွေ အဆင်မပြေဘူးဆိုရင်တော့ တိုက်ပွဲတွေပြန်ဖြစ်မှာပဲ”ဟု ၎င်းကပြောသည်။
လက်ရှိ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကမူ နှစ်ဘက်အပစ်ရပ်ထားသည့် အခြေအနေကို ကြိုဆိုပြီး သက်ဆိုင်သူအားလုံး ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် တိုးတက်မှုတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။
“အားလုံး ကောင်းဖို့ဖြစ်နေတဲ့ အခြေအနေပါ။ ဒီလိုအခွင့်အရေးရဖို့က အရမ်းခဲယဉ်းတယ်။ အစိုးရက ရွေးကောက်ပွဲလုပ်ပေးမယ်လို့ မျှော်လင့်နေတယ်”ဟု ဦးဖေသန်းက ပြောသည်။
နိုဝင်ဘာ၂၅ရက်က အွန်လိုင်းကတစ်ဆင့် မိနစ်၃၀ခန့် တပ်မတော်နှင့် ဆွေးနွေးခဲ့ကြောင်း အေအေအဖွဲ့က ဒီဇင်ဘာလဆန်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲကျင်းပခွင့်မရခဲ့သည့် ဒေသများ ရွေးကောက်ပွဲများ အချိန်မီပြန်လည်ကျင်းပရန်၊ တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ အခြေခံစားသောက်ကုန်၊ ရိက္ခာနှင့် ဆေးဝါးများ အမြန်ဆုံး သယ်ယူပို့ဆောင်ရန်နှင့် ရရှိထားပြီးသော အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများကို ဆက်လက်ထိန်းသိမ်းသွားရန် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။
ထို့ပြင် ဒီဇင်ဘာ၉ရက်က အေအေအဖွဲ့သည် တပ်မတော်ကိုယ်စားလှယ်များနှင့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီဌာနချုပ် ပန်ဆန်းမြို့တွင် လူချင်းတွေ့ဆုံဆွေးနွေးခဲ့ပြီး မည်သည့်အကြောင်းအရာများ ပြောဆိုခဲ့သည်ကိုမူ နှစ်ဘက်စလုံးက ယခုအချိန်အထိ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပေ။
တပ်မတော်နှင့် အေအေအဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးရေး လှုပ်ရှားမှုများမှာ အားတက်စရာကောင်းသော်လည်း ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများ ပြန်လည်ကျင်းပရေးအတွက်မူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အစိုးရတို့၏ ဆုံးဖြတ်ချက်များကလည်း အခရာကျနေသည်။
ရခိုင်ပြည်နယ်သို့ သွားရောက်လည်ပတ်မှုအပြီး အပြန်ခရီးတွင် ဂျပန်အစိုးရကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နေပြည်တော်တွင် ဒီဇင်ဘာ၂ရက်က တွေ့ဆုံခဲ့သည်။
ယင်းတွေ့ဆုံမှုအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ပြုလုပ်လိုသည့် စိတ်မရှိသည်ကို လေ့လာတွေ့ရှိခဲ့ရကြောင်းနှင့် ယင်းအပေါ် စိတ်ပျက်မိကြောင်း ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံရာတွင် ဆာဆာကာဝါက အံ့အားသင့်ဖွယ် ထုတ်ဖော်ပြောဆိုခဲ့သည်။ သံသမန်တစ်ဦးထံမှ ယင်းသို့ထွက်ပေါ်လာည့်အတွက် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးမှာ နီးလျက်နှင့်ဝေးသည့် ခရီးလိုဖြစ်ရပြန်သည်။
အေအေအဖွဲ့နှင့် တပ်မတော်တို့က တွေ့ဆုံဆွေးနွေးမှုများ စတင်ခဲ့ပြီဖြစ်ရာ ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲများကျင်းပရေးမှာ အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်နေမည်ဖြစ်သည်။