နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရေးမှာ စိန်ခေါ်မှု လေးခုအောက်မနည်း ကြုံတွေ့ကျော်လွှားရမယ့်သဘောရှိပါတယ်။
စည်သူအောင်မြင့် ရေးသားသည်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ပထမဦးဆုံးအကြိမ် ခရီးစဉ်အဖြစ် ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောဘက် သွားပါတယ်။ မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဒဏ်ခတ် အရေးယူဖို့အထိ ဖြစ်လာနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြဿနာကို ဖြေရှင်းဖို့ သူ ဘယ်လောက် ကြိုးစားနေတယ်ဆိုတာ ပြသတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ဆိုတာကိုဖွဲ့ပြီး သူကိုယ်တိုင် ဦးဆောင်ပါတယ်။ အဲဒီစီမံကိန်းအတွက် ပြည်တွင်းက သူဌေးကြီးများ လှူဒါန်းတဲ့ အမေရိကန် ဒေါ်လာ ၁၃ သန်းလောက်ရှိမယ့် အလှူငွေကို လက်ခံပါတယ်။ ပြည်တွင်း ပြည်ပမှာလည်း နောက်ထပ် အကူအညီ ထပ်တောင်းပါတယ်။ UEHRD စီမံကိန်းအတွက် နောက်ထပ် ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းအဖွဲ့ ၉ ဖွဲ့ ဖွဲ့စည်းပြီး လုပ်ငန်းတွေ အမြန်အဆန် အကောင်အထည်ဖော်စေပါတယ်။
ဒါပေမဲ့ မေးစရာ မေးခွန်းရှိတာက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို အကြီးအကျယ် ကြိုးစားအားထုတ်နေပေမဲ့ နိုင်ငံတကာက အထူးအာရုံစိုက်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက အဲဒီပြဿနာကြီးကို တကယ်ပဲ ပြေလည်အောင် ဖြေရှင်းပေးနိုင်မလား ဆိုတာပါ။ သူ့အနေနဲ့ ဘယ်လို အခက်အခဲ စိန်ခေါ်မှုတွေ ကြုံရနိုင်သလဲ၊ လေ့လာကြည့်ကြရအောင်ပါ။
ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ မူဆလင် ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ရက်ပိုင်း ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။ ဆွေးနွေးပွဲတွေကနေ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ အချက် ၁၀ ချက်ပါ သဘောတူညီချက် ရခဲ့ကြပေမဲ့ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ပြန်ပြီးလက်ခံရေးနဲ့ပတ်သက်ပြီး အပြီးသတ် သဘောတူညီချက်တော့ မရခဲ့ကြပါဘူး။
ဒါတင်မက ဒုက္ခသည် လက်ခံရေးနဲ့ပတ်သက်ပြီး မြန်မာဘက်က အဆင်သင့်ဖြစ်နေပြီ၊ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုမှုတချို့ကြောင့် ကြန့်ကြာနေရတာကို စိုးရိမ်မိတယ်ဆိုပြီး အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ပြောစကားနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က သဘောမကျ၊ ကန့်ကွက်မှု ဖြစ်ပေါ်စေပါတယ်။
ပြောရရင် ဒုက္ခသည် ပြဿနာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံး ရင်ဆိုင်ရမယ့် စိန်ခေါ်မှုဟာ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပြေလည်အောင် ညှိနှိုင်းနိုင်ရေးပါ။ ဒုက္ခသည် အရေအတွက်ပြဿနာ၊ မြန်မာဘက်က လက်ခံမယ့်ပုံစံ၊ လက်ခံမယ့် အချိန်ဇယား သတ်မှတ်ချက်စတာတွေမှာ သဘောကွဲလွဲမှုတွေ ရှိနေတာမို့ အများကြီး ညှိနှိုင်းကြရဦးမယ့် အခြေအနေ ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက် ဒုတိယ စိန်ခေါ်မှု ပြဿနာကြီးက ဘဏ္ဍာငွေကြေး အခက်အခဲ ပြဿနာ ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ မူဆလင် ဒုက္ခသည်တွေအတွက် နိုင်ငံတကာ ရန်ပုံငွေ ရှာဖွေရေး ညီလာခံတစ်ခု ဂျီနီဗာမှာ လုပ်ပါတယ်။ အဲဒီ ဒုက္ခသည်တွေကို ထောက်ပံ့ပေးဖို့အတွက် လာမယ့် ၂၀၁၈ ဖေဖော်ဝါရီလအထိ ဒေါ်လာ ၄၃၄ သန်း လိုမယ်လို့ ကုလသမဂ္ဂဘက်က ခန့်မှန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်ပေးမယ်ဆိုရင် တပ်မတော်နဲ့ ပြည်ထဲရေးဘက်ကလည်း အရင်သဘောထားတွေကို ပြောင်းလဲပြီး စိတ်ပါလက်ပါ ဝိုင်းဝန်း အကူအညီပေးဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ တပ်မတော်နဲ့ ပြည်ထဲရေးရဲ့ အဲဒီဒေသက မူဆလင်တွေအပေါ် သဘောထားဟာ ဒေါ်အောင်ဆန်းစုကြည် အကောင်အထည်ဖော်မယ့် စီမံကိန်းကြီးအတွက် စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။
အဲဒီညီလာခံမှာတော့ နိုင်ငံတကာ အလှူရှင်တွေဘက်ကနေ ဒေါ်လာ ၃၃၅ သန်း အကူအညီပေးမယ်ဆိုတဲ့ ကတိကဝတ်တွေ ရခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့ ကုလသမဂ္ဂက လိုတယ်လို့ပြောတဲ့ အဲဒီငွေပမာဏဟာ ၄ လစာလောက်အတွက် ဒုက္ခသည်တွေ စားသောက်နေထိုင်၊ ကျန်းမာရေးကိစ္စတွေအတွက် အဓိက ဖြစ်ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် အကောင်အထည်ဖော်မယ့် စီမံကိန်းကြီးကတော့ ပြန်လာမယ့် ဒုက္ခသည်တွေကို ယာယီ ကျွေးမွေးထားတာလောက်တင်မကဘဲ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးတွေပါ ပါဝင်တဲ့ စီမံကိန်းကြီး ဖြစ်လေတော့ အဲဒီထက်မကတဲ့ ငွေပမာဏ လိုမယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး။
အခုလက်ရှိ မြန်မာသူဌေးကြီးတွေ အစွမ်းကုန် လှူဒါန်းမှုတောင် ဒေါ်လာ ၁၃ သန်းလောက်ပဲ ရှိတာမို့ နောက်ထပ် ငွေကြေး ပမာဏ များများစားစား လိုအပ်မယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ အဲဒီငွေတွေ ဘယ်က ရမှာပါလဲ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာ မိသားစုကနေ အကူအညီ အမြောက်အမြား မရဘူး၊ ရခဲ့ရင်တောင် လက်ခံလို့ မဖြစ်နိုင်ဘူးဆိုရင်တော့ အခက်အခဲတွေ အများကြီး ကြုံရနိုင်ပါတယ်။
နောက်အရေးကြီးတဲ့ စိန်ခေါ်မှု တစ်ခုက ရခိုင်ပြည်နယ် မြောက်ပိုင်းက မူဆလင်တွေရဲ့ ပြဿနာနဲ့ပတ်သက်ပြီး တပ်မတော်ခေါင်းဆောင်တွေရဲ့ သဘောထား ခံယူချက်ပါ။ လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကို အဓိက တာဝန်ယူထားတာ တပ်မတော်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနပါ။ တပ်မတော် ခေါင်းဆောင် အဆက်ဆက်ရဲ့ အဲဒီမူဆလင်တွေအပေါ် ထားတဲ့သဘောထားဟာ ကိုလိုနီနယ်ချဲ့တွေက ခေါ်သွင်းလာတဲ့သူတွေ ဖြစ်တယ်၊ နိုင်ငံသားတွေ မဟုတ်ဘူးဆိုတာပါပဲ။
အဲဒီခံယူချက်ကနေ ဆက်ပြီး ပေါက်ပွားလာတာကတော့ အဲဒီလူတွေဟာ နိုင်ငံသား မဟုတ်တဲ့အတွက် သူတို့ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့ တာဝန်မရှိဘူး၊ သူတို့နေထိုင်ရာ နေရာကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့ မလိုဘူးဆိုတဲ့ သဘောထားမျိုးပါ။ အဲဒီ သဘောထားမျိုးနဲ့ အကောင်အထည်ဖော်ခဲ့လို့လည်း မူဆလင် ၉၅ ရာခိုင်နှုန်း နေထိုင်တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောခရိုင်ဟာ အဖက်ဖက်က နိမ့်ကျ ဆင်းရဲနေတာပါ။
အဲဒီဒဏ်ကို အဲဒီဒေသမှာ နေထိုင်တဲ့ ၅ ရာခိုင်နှုန်းသော ရခိုင်နဲ့ တိုင်းရင်းသားတွေလည်း ခံစားရပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်ပေးမယ်ဆိုရင် တပ်မတော်နဲ့ ပြည်ထဲရေးဘက်ကလည်း အရင်သဘောထားတွေကို ပြောင်းလဲပြီး စိတ်ပါလက်ပါ ဝိုင်းဝန်း အကူအညီပေးဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ တပ်မတော်နဲ့ ပြည်ထဲရေးရဲ့ အဲဒီဒေသက မူဆလင်တွေအပေါ် သဘောထားဟာ ဒေါ်အောင်ဆန်းစုကြည် အကောင်အထည်ဖော်မယ့် စီမံကိန်းကြီးအတွက် စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သေချာပေါက် ကြုံရဦးမယ့် နောက်ထပ် စိန်ခေါ်မှုကြီး တစ်ခုကတော့ ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေရဲ့ သဘောထားနဲ့ သူတို့က ဦးဆောင်နေတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ လုပ်ရပ်ပါ။ သူတို့ကလည်း အဲဒီဒေသက မူဆလင်တွေကို ခိုးဝင်တွေ၊ အကြမ်းဖက်သမားတွေ၊ သူတို့နဲ့ အတူတူ မနေနိုင်ဘူး၊ မူဆလင်တွေကိုလည်း အကူအညီ မပေးရဘူးဆိုပြီး ဆန္ဒပြပွဲတွေ တခြိမ်းခြိမ်း ကျင်းပ၊ အကူအညီပေးသူတွေကို အမျိုးမျိုး ဟန့်တားမှုတွေ လုပ်နေတာပါ။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ သဘောထားကို ပြောင်းလဲအောင် မလုပ်နိုင်ရင် အဲဒီပြဿနာဟာလည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။
အားလုံးကို ခြုံငုံသုံးသပ်ရရင် ဒေါ်အောင်ဆန်းစုကြည် အကောင်အထည်ဖော်မယ့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ဆိုတာ စိန်ခေါ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒီကြားထဲ အဲဒီမူဆလင်တွေထဲက အကြမ်းဖက်သမားတွေ၊ အကြမ်းဖက်လုပ်ရပ်တွေ ထပ်ပြီးပေါ်ပေါက်လာဦးမယ်ဆိုရင်တော့ ရခိုင်ပြည်နယ်က ပဋိပက္ခပြဿနာ ပိုပြီး နက်ရှိုင်းသွားဖို့ ရှိနေပြီး နိုင်ငံတကာရဲ့ စွက်ဖက်မှုကိုလည်း ဒီထက် ပို ရင်ဆိုင်ရဖွယ် ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။