ရခိုင်ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့ရသည့် တိုက်ခိုက်ဖြစ်ပွားပြီး နောက်တစ်နေ့တွင် နောက်ထပ် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးနေသည်ဟု အစိုးရက သတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုမှာ မတ် ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရသေ့တောင်မြို့နယ်၊ ကာဒီချောင်းအတွင်း စက်လှေဖြင့် လှုပ်ရှားသွားလာနေသည့် ရဲတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး စက်လှေအကြီးဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
အုတ်ဖိုရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးသည် ညောင်ချောင်းနယ်မြေရုံးသို့ စက်လှေဖြင့် သွားလာစဉ် ညနေ ၆ နာရီ မိနစ် ၂၀ ခန့်တွင် မေယုမြစ်နှင့် ကာဒီချောင်းဆုံရာအနီး ရောက်ရှိချိန်တွင် စက်လှေအကြီးဖြင့် ရောက်ရှိလာသည့် လက်နက်ကိုင်အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ရဲတပ်ဖွဲ့ဝင်များ၏ စက်လှေကို ဝင်တိုက်ခဲ့သဖြင့် စက်လှေ ရေထဲနစ်မြုပ်သွားခဲ့သည်ဟု ဆိုသည်။
ထိုဖြစ်စဉ်တွင် ရဲတပ်သားတစ်ဦး သေနတ်ဒဏ်ရာရရှိပြီး ရေနှင့်အတူ မျောပါသွားခဲ့ကြောင်းနှင့် ရေထဲသို့ နစ်မြုပ်သွားသည့် စက်လှေအတွင်း လက်နက်ငယ်သုံးလက်ပါရှိသွားကာ ကျန်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်လှေဖြင့် ဝင်ရောက်တိုက်ခိုက်သူများမှာ အေအေအဖွဲ့ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတ် ၉ ရက်နေ့ ညကလည်း ပုဏ္ဍားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာရှိ ရဲကင်းစခန်း တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးကာ တစ်ဦးပျောက်ဆုံးလျှက်ရှိသည်။
အဆိုပါကင်းစခန်းကို အေအေအဖွဲ့ အင်အား ၆၀ ခန့်က နာရီဝက်ခန့်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။