အာဆီယံနိုင်ငံများအနေဖြင့် ရခိုင်ပြည်နယ်သို့ အကူအညီများပေးပို့ရာတွင် သံတမန်လမ်းကြောင်းမှတစ်ဆင့် အကြောင်းကြားပြီးမှသာ ဆောင်ရွက်ရမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက ဇန်နဝါရီ ၄ ရက်နေ့တွင် သတိပေးလိုက်သည်။
မလေးရှားနိုင်ငံမှ အဖွဲ့အစည်းတစ်ခုက ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များအတွက် အကူအညီများကို သင်္ဘောဖြင့် သယ်ဆောင်လာကာ တိုက်ရိုက်သွားရောက်ပေးပို့မည်ဟု ကြေညာထားပြီးနောက်ပိုင်း အစိုးရက ယခုကဲ့သို့ တရားဝင် ကြေညာချက်ထုတ်ပြန်ကာ တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
မလေးရှားနိုင်ငံမှ အစ္စလာမ်အတိုင်ပင်ခံကောင်စီ၏ စီစဉ်မှုဖြင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောဒေသရှိ မွတ်ဆလင်များအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာမည့် Food Flotilla ဟု အမည်ပေးထားသည့် သင်္ဘောသည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၁၀ ရက်နေ့တွင် စတင်ထွက်ခွာလာမည်ဟု ၎င်းအဖွဲ့က ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ကြေညာခဲ့သည်။
ထိုသို့ လာရောက်ပို့ဆောင်ချိန်တွင် မြန်မာအာဏာပိုင်များ၏ အတင်းအကြပ် တားမြစ်မှုမျိုးကိုလည်း ကြုံတွေ့ရနိုင်သည်ဟု ၎င်းတို့က ကြေညာချက်တွင် ဖော်ပြထားသည်။
သို့သော် ထိုကဲ့သို့ ကူညီထောက်ပံ့မှုများကို သင်္ဘောဖြင့် လာရောက်ပေးအပ်မည့် အစီအစဉ်ကို မြန်မာအစိုးရထံ တရားဝင်အသိပေး ခွင့်ပြုချက် တောင်းခံထားခြင်း မရှိသေးဟု နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီဗီဘီသတင်းဌာနကို ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်သို့ အာဆီယံနိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရာတွင် လိုက်နာရန်အချက်များ ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁ ရက်နေ့ ရက်စွဲဖြင့် အာဆီယံနိုင်ငံများ၏ သံရုံးများအား အကြောင်းကြားခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ပေးပို့သည့် အကူအညီများ ရောက်ရှိချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။
အကူအညီများကို ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်းနှစ်ခုလုံးအား ခွဲခြားမှုမရှိဘဲပေးရန် လိုအပ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အစိုးရက ထိုအကူအညီများကို အသိုင်းအဝိုင်း နှစ်ခုလုံးထံသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်သော်လည်း အလှုရှင်နိုင်ငံအနေဖြင့် ဒေသတစ်ခု၊ သို့မဟုတ် ရွာတစ်ရွာသို့ အလှုပစ္စည်းများဖြန့်ဖြူးပေးလိုပါက ထိုနေရာများသို့ ရောက်ရှိရေးအတွက် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။ အကူအညီပစ္စည်များ ပေးအပ်နိုင်မှုအခြေအနေကိုလည်း ပွင့်လင်းမြင်သာစွာဖြင့် သက်ဆိုင်ရာသံရုံးများထံ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားပေးမည်ဖြစ်သည်။
မြန်မာအစိုးရ၏ မူဝါဒနှင့်အညီ အင်ဒိုနီးရှားနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများ ပေးအပ်ရန် တရားဝင် အဆိုပြုကမ်းလှမ်းထားပြီး လိုအပ်သလို ဖြန့်ခွဲပို့ဆောင်နိုင်ရေး နှစ်နိုင်ငံ ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးသွားမည်ဟု သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။