မငြိမ်သက်မှုများ ဖြစ်ပွားနေသည့် အိမ်နီးချင်း ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် မြန်မာနိုင်ငံမှ တိုင်းရင်းသားမျိုးနွယ်စုများမှ လူဦးရေ ၁,၃၀၀ အတွက် မီဇိုရမ်အစိုးရက နေရာထိုင်ခင်းများ စီစဉ်ပေးထားသည်ဟု အိန္ဒိယ သတင်းစာတစ်စောင်က ရေးသားထားသည်။
၎င်းတို့သည် မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် အိန္ဒိယပြည်နယ်တစ်ခုဖြစ်သော မီဇိုရမ်ပြည်နယ် တောင်ပိုင်းသို့ လာရောက်ခိုလှုံကြသူများဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားကြောင်း The Hindu သတင်းစာက နိုဝင်ဘာ ၂၈ ရက်နေ့တွင် ရေးသားထားသည်။
“အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း ၁,၃၀၀ လောက်ဟာ ရခိုင်ပြည်နယ်က ထွက်ပြေးလာပြီး Lawngtlai ခရိုင် (မီဇိုရိမ်တောင်ပိုင်း) က ကျေးရွာလေးခုမှာ ပြီးခဲ့တဲ့ စနေနေ့က လာရောက်ခိုလှုံနေကြပါတယ်” ဟု ခရိုင်ရဲမှူး Lalsanglura က သတင်းစာကို ပြောကြားသည်။
“ပြီးခဲ့တဲ့ ရက်သတ္တပတ် စစ်တပ်နဲ့ ရခိုင်တပ်ဖွဲ့(အေအေ) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာတွေဟာ သူတို့အိမ်တွေကို စွန့်ခွာထွက်ပြေးလာကြပါတယ်။ တိုက်ပွဲတွေက ဆက်ဖြစ်နေသေးတဲ့အတွက် လူသားချင်း စာနာထောက်ထားမှုအရ သူတို့ကို ပြန်လည်မောင်းထုတ်မှာ မဟုတ်ပါဘူး” ဟု ၎င်းကပြောကြားသည်။
ထွက်ပြေးရောက်ရှိလာသူအများစုမှာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်များ ဖြစ်ကြပြီး မီဇိုရမ်မှ ဒေသခံများနှင့် ဘာသာစကားတူညီသည်ဟု သတင်းစာက ရေးသားထားသည်။
ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဒုက္ခသည်များအတွက် ယာယီစခန်းများ တည်ဆောက်ပေးထားသည်ဟု ၎င်းကို ကိုးကားပြီး သတင်းတွင် ရေးသားထားသည်။ ထို့ပြင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ ဒုက္ခသည်များ ထပ်မံ ရောက်ရှိလာနိုင်သည်ဟုလည်း ဆက်လက် ရေးသားထားသည်။
ဒေသတွင်း လုံခြုံရေးအတွက် အာသံရိုင်ဖယ်တပ်ဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့ကို ဖြန့်ကျက် ချထားသည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံတွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ယခုကဲ့သို့ ထွက်ပြေးခိုလှုံလာမှုမှာ လေးကြိမ်မြောက်ဖြစ်သည်ဟုလည်း ဆိုသည်။
မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံကြား ၅၁၀ ကီလိုမီတာ ရှည်လျားသည့် နယ်နိမိတ်ထိစပ်နေသည်။