ကုလသမဂ္ဂကြီးကြပ်မှုအောက်မှာ ထားရှိမယ့် ဘေးကင်းဇုန်တစ်ခု ရခိုင်ပြည်နယ်မှာ ထူထောင်ဖို့ ဘင်္ဂလားဒေ့ရ်ှ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ထပ်မံပြောကြားခဲ့ပေမယ့် ဒီလိုထူထောင်မှုကို လက်ခံမှာမဟုတ်ဘူးဆိုတာကို မြန်မာအစိုးရက ပြီးခဲ့တဲ့ ရက်သတ္တပတ်တစ်ပတ်ကျော်ကတည်းက ပြောကြားထားပြီး ဖြစ်ပါတယ်။
“ဒီလူတွေ သူတို့နယ်မြေကို ဘေးကင်းစွာ၊ လုံခြုံစွာနဲ့ ဂုဏ်သိက္ခာစွာ ပြန်နိုင်ဖို့အတွက် လိုကို လိုအပ်ပါတယ်”လို့ ဝန်ကြီးချုပ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စက်တင်ဘာ ၂၂ ရက်နေ့က ပြောကြားခဲ့တယ်လို့ အေအက်ဖ်ပီက ရေးသားထားပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေးရောက်ရှိလာကြတဲ့ မူဆလင်တွေကို ရည်ညွှန်းပြီး သူက ပြောကြားခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ပြောကြားချက်အရ ရိုဟင်ဂျာ ၄၂၀,၀၀၀ ကျော်ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံထဲကို ထွက်ပြေးလာခဲ့ကြတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်တပ်က ဆောင်ရွက်နေတဲ့ စစ်ဆင်ရေးတွေအတွင်း သူတို့ဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့အဓမ္မပြုကျင့်မှု၊ နှိပ်စက်သတ်ဖြတ်မှုတွေကို ကြုံတွေ့ခဲ့ကြရပြီး သူတို့ရဲ့နေအိမ်ကျေးရွာတွေလည်း မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
မြန်မာအာဏာပိုင်တွေက နယ်စပ်တစ်လျောက် မြေမြှုပ်မိုင်းတွေ ထောင်ထားပြီး ရိုဟင်ဂျာတွေ မြန်မာနိုင်ငံထဲကို ပြန်မလာအောင် တားဆီးနေတယ်လို့ ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်က စွပ်စွဲခဲ့ပြီး ဒီအကြပ်အတည်းကို ဖြေရှင်းဖို့အတွက် ကုလသမဂ္ဂအနေနဲ့ ချက်ချင်းအဖြေရှာသင့်တယ်လို့ ပြောကြားပါတယ်။
ဒီအကြပ်အတည်းအတွက် အချက်ငါးချက်ပါဝင်တဲ့ အစီအစဉ်တစ်ခုကို ဝန်ကြီးချုပ်က ချပြခဲ့ရာမှာ ရိုဟင်ဂျာတွေကို ကာကွယ်ပေးရေးအတွက် “ကုလသမဂ္ဂရဲ့ ကွပ်ကွဲမှုအောက်မှာ ဘေးကင်းဇုန်တစ်ခုကို မြန်မာနိုင်ငံအတွင်း တည်ထောင်ရေး” ဆိုတာ ပါဝင်လာတာ ဖြစ်ပါတယ်။
မြန်မာအစိုးရဖက်ကတော့ ဘင်္ဂလားဒေ့ရ်ှဝန်ကြီးချုပ် မပြောကြားမီ ရက်သတ္တပတ်တစ်ပတ်ကျော်အလို စက်တင်ဘာ ၁၃ ရက်နေ့ကတည်းက ဒီလိုအစီအစဉ်မျိုးကို လက်ခံဖို့မရှိဖူးလို့ ထုတ်ပြောထားပြီး ဖြစ်ပါတယ်။
“အစိုးရက လုံးဝလက်မခံဘူး”လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ပြောထားတာပါ။
ဘင်္ဂလားဒေ့ရ်ှဖက်က အဆိုပြုတဲ့ ဘေးကင်းဇုန်ဆိုတာ ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုအောက်မှာပဲရှိပြီး ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့ အစည်းကမှ ဝင်ရောက်စွက်ဖက်ခွင့်၊ စီမံခွင့်ရှိမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ဘေးကင်းဇုန်ထူထောင်ဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့သဘောတူညီချက်ရရှိဖို့ လိုအပ်ပါတယ်။ ဒီကောင်စီထဲမှာ မြန်မာနိုင်ငံရဲ့အဓိက မိတ်ဆွေဖြစ်တဲ့ တရုတ်နိုင်ငံပါဝင်ပြီး သူ့မှာ အဆိုပြုချက်တွေကို ပယ်ချနိုင်တဲ့ဗီတိုအာဏာကို ပိုင်ဆိုင်ထားပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံက ပြန်လည်လက်ခံဖို့ နိုင်ငံတကာက ဖိအားပေးမှုတွေ ရှိနေပေမယ့် မြန်မာအစိုးရကတော့ ၁၉၉၃ ခုနှစ်က နှစ်နိုင်ငံချုပ်ဆိုထားတဲ့ စာချုပ်အတိုင်း ပြန်လည်စိစစ် လက်ခံမယ်လို့ ထုတ်ပြောထားပါတယ်။
ဒီစာချုပ်ထဲမှာတော့ ပြန်လာလိုသူတွေကို မြန်မာနိုင်ငံမှာနေထိုင်သူဖြစ်ရမယ်၊ မိမိသဘောဆန္ဒအရ ပြန်လာသူဖြစ်ရမယ်၊ ပြေးနေရင်း မွေးလာတဲ့ကလေးရဲ့ မိခင်ဖခင်တွေဟာ မြန်မာနိုင်ငံမှာ နေထိုင်သူဖြစ်ရမယ်၊ မြန်မာပြည်ထဲ ပြန်ဝင်လာတဲ့အခါ ကွဲနေတဲ့ သူ့မိသားစုပါဆိုပြီး လူပိုတွေ ထပ်ခေါ်လာရင် အဆင့်မြင့် တရားရုံးရဲ့ ထောက်ခံချက်လိုတယ်စတဲ့ အချက်တွေနဲ့ စိစစ်မှာ ဖြစ်ပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း