ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋ္ဋိပက္ခများကြောင့် လူပေါင်း ၃၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂက နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပြောကြားလိုက်သည်။ ထိုအထဲမှ ထက်ဝက်ခန့်မှာ ပြီးခဲ့သည့်ရက်သတ္တကုန်အတွင်း လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့သည့် စစ်တပ်နှင့် လက်နက်ကိုင်များအကြား တိုက်ခိုက်မှုများအတွင်း ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့်လက ရဲစခန်းများအား တစ်ချိန်တည်းတွင် ပူးပေါင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေရှ့်နယ်စပ်ရှိ မူဆလင်ရိုဟင်ဂျာများ နေထိုင်ကြသည့် နယ်မြေအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်လာခဲ့သည်။
တိုက်ခိုက်သူမျာအား လိုက်လံရှာဖွေ ဖမ်းဆီးစဉ် လူပေါင်း ၇၀ ခန့်သေဆုံးခဲ့သည်ဟု စစ်တပ်က ပြောကြားသော်လည်း လူ့အခွင့်အရေးလှုပ်ရှားသူများကမူ သေဆုံးသူအရေအတွက်မှာ ပိုမို များပြားနိုင်သည်ဟု ပြောကြားကြသည်။
ပြီးခဲ့သည့်ရက်သတ္တအတွင်း အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။ အစိုးရသတင်းဌာနများ၏ အဆိုအရ နှစ်ရက်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရုတ်တရက် ခြုံခိုတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ရာ ရဟတ်ယာဉ်များကိုပါ အသုံးပြုခဲ့ပြီး ပြန်လည်တိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်း ၃၀ ကျော်သေဆုံးခဲ့သည်ဟု ဆိုသည်။
အဆိုပါ ၄၈ နာရီအတွင်း လူပေါင်း ၁၅,၀၀၀ ခန့်မှာ နေအိမ်များကို စွန်ခွာထွက်ပြေးခဲ့ကြသည်ဟု ယုံကြည်ရကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN-OCHA) က ပြောကြားသည်။
“အောက်တိုဘာ ၉ ရက်နေ့က လက်နက်ကိုင် တိုက်ခိုက်မှုတွေအပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးတွေကြောင့် လူပေါင်း ၃၀,၀၀၀ ထွက်ပြေးနေရပြီး နောက်ထပ် ထောင်ပေါင်းများစွာကိုလည်း ထိခိုက်မှုတွေ ဖြစ်စေခဲ့တယ်လို့ ခန့်မှန်းရပါတယ်” ဟု UN OCHA ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
“အတည်မပြုနိုင်တဲ့ သတင်းအချက်အလက်တွေအရ နိုဝင်ဘာ ၁၂ နဲ့ ၁၃ ရက်နေ့တွေက စစ်တပ်နဲ့ လက်နက်ကိုင်ဆောင်ထားသူတွေအကြား ဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၁၅,၀၀၀ လောက်လည်း ပါဝင်နိုင်ပါတယ်” ဟု ၎င်းကပြောသည်။
အစိုးရတပ်ဖွဲ့ဝင်များက ဒေသခံများကို သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းနှင့် နေအိမ်များကို မီးရှို့ခြင်းများ ကျူးလွန်ခဲ့ကြသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက စွပ်စွဲထားသော်လည်း တပ်မတော်ကမူ ငြင်းဆိုထားသည်။
အဆိုပါဒေသတွင်းသို့ ဝင်ထွက်သွားလာခွင့်ကို အစိုးရက တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားသည့်အတွက် အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး စစ်ဆေး အတည်ပြုနိုင်ရန် အခက်အခဲများလည်း ရှိနေသည်။
သတင်း-အေအက်ဖ်ပီ