ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့မှ အမေရိကန်သံတမန်ဟောင်း Richardson နုတ်ထွက်

ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပေးထားသည့် နိုင်ငံတကာ အကြံပေးအဖွဲ့မှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အမေရိကန်ဝါရင့် သံတမန်ဟောင်း Bill Richardson က ဇန်နဝါရီ ၂၄ ရက်နေ့တွင် ရိုက်တာသတင်းဌာနကို ပြောကြားသည်။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် ဖွဲ့စည်းခဲ့သည့် ကော်မတီအတွက် အကြံပေးအဖွဲ့သည့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ဖုံးဖိရန် ကြိုးစားနေသလို ဒေါ်အောင်ဆန်းစုကြည်မှာလည်း ကျင့်ဝတ်ပိုင်းအရ ခေါင်းဆောင်မှုကင်းမဲ့နေသည်ဟု ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီအား အကြံပြုမည့် ထိုင်း ဒုတိယဝန်ကြီးချုပ်ဟောင်း ဆူရာကီယာ့တ် ဦးဆောင်ကာ Richardson အပါဝင် ၁၀ ဦးပါဝင်သည့် ဘုတ်အဖွဲ့ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်နှစ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်နုတ်ထွက်ရတဲ့ အဓိက အကြောင်းရင်းကတော့ အကြံပေးအဖွဲ့ဟာ ဖုံးဖုံးဖိဖိလုပ်ဖို့ ကြိုးစားနေကြတယ်” ဟု နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းနှင့် သမ္မတ ဘီလ်ကလင်တန် လက်ထက်က ဝန်ကြီးတစ်ဦးအဖြစ် ထမ်းဆောင်ခဲ့သည့်အပြင် ကုလသမဂ္ဂ၏ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးဖြစ်ခဲ့သူ Richardson က ရိုက်တာနှင့် အင်တာဗျူးတွင် ပြောကြားသည်။

မြန်မာအစိုးရ၏ ထိုကဲ့သို့လုပ်ဆောင်မှုတွင် ၎င်းအနေဖြင့် ပါဝင်လိုခြင်းမရှိဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့က အခြားအဖွဲ့ဝင်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား ပထမဆုံးအကြိမ် တွေ့ဆုံရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မပြေမလည်ဖြစ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံထားရကာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေအား ချိုးဖောက်သည်ဟု စွပ်စွဲခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးကိစ္စနှင့် ပတ်သက်ပြီး ပြောကြားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က “အမျက်ထွက်ပြီး” တုန့်ပြန်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ သတင်းထောက်နှစ်ဦး၏ အမှုကိစ္စမှာ အကြံပေးအဖွဲ့၏ အလုပ်မဟုတ်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး ညစာစားပွဲအချိန်အထိ အဆိုပါမကျေလည်မှု ဆက်လက်ဖြစ်ပေါ်ခဲ့သည်ဟု Richardson က ဆက်လက်ပြောကြားသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးတို့ထံ ရိုက်တာက ဆက်လက်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်းမရှိဟု ရိုက်တာက ဆက်လက်ရေးသားထားသည်။

အကြံပေးအဖွဲ့က မြန်မာတာဝန်ရှိသူများနှင့် သုံးရက်ကြာဆွေးနွေးမှုများအတွင်း သတင်းမီဒီယာများ၊ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့များနှင့် နိုင်ငံတကာလူ့အဖွဲ့အစည်းများကို မြန်မာတာဝန်ရှိသူများက ပြစ်တင်ရှုံ့ချမှုတွေ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် အံ့အားသင့်မိကြောင်း Richardson က ဆက်လက်ပြောကြားသည်။

“သူ့အဖွဲ့ထံကနေ အကြံဉာဏ်ကောင်းတွေကို သူ (ဒေါ်အောင်ဆန်းစုကြည်) ရရှိနေခြင်းမရှိပါဘူး” ဟု ၎င်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ၁၉၈၀ ပြည့်နှစ်ကတည်းက စတင်သိကျွမ်းခဲ့ပြီး အလွန်သဘောကျ လေးစားမိသည်ဟု ၎င်းကပြောသည်။ သို့သော် ရခိုင်အရေးနှင့် ပတ်သက်သည့် စွပ်စွဲမှုများတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကျင့်ဝတ်သိက္ခာပိုင်းအရ ခေါင်းဆောင်မှု မရှိခဲ့သည်ကို တွေ့ရသည့်အတွက် ဝမ်းနည်းမိသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

အကြံပေးဘုတ်အဖွဲ့အား ရခိုင်ပြည်နယ်သို့ ခေါ်ဆောင်သွားသည့်ခရီးစဉ်အတွင်း Richardson လိုက်ပါခဲ့ခြင်းမရှိဟု အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ရိုက်တာကို ပြောကြားသည်။

“အခြေအနေနဲ့ ပတ်သက်ပြီး ဝမ်းနည်းတယ်လို့ သူက ပြောပါတယ်။ ဒါပေမယ့် ဘာကြောင့် သူဝမ်းနည်းနေရသလဲဆိုတာ ကျွန်တော်သေချာမသိပါဘူး” ဟု ဦးသောင်းထွန်းက ပြောကြားသည်။

“ဒါက အစပိုင်းပဲ ရှိပါသေးတယ်။ တစ်နှစ်လုံး လုပ်ရမှာတွေအတွက် အခုမှ အစပဲ ရှိပါသေးတယ်။ သူဒီလို ဘာကြောင့်ဖြစ်သွားလည်းဆိုတာကိုတော့ ကျွန်တော်မသိပါဘူး” ဟု ဦးသောင်းထွန်းက ဆက်လက်ပြောကြားသည်။

ပြည်တွင်းမှ အဖွဲ့ဝင်ငါးဦးနှင့် နိုင်ငံတကာမှ အဖွဲ့ဝင်ငါးဦး ပါဝင်သည့်အကြံပေးအဖွဲ့အား ဦးဆောင်သည့် ထိုင်း ဒုတိယဝန်ကြီးချုပ်ဟောင်း ဆူရာကီယာ့တ်ကိုလည်း Richardson က ဝေဖန်လိုက်သည်။

ရိုဟင်ဂျာများ၏ လုံခြုံရေး၊ နိုင်ငံသားဖြစ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ အကောင်အထည်ဖော်ရေးအတွက် အကြံပေးအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် “စစ်မှန်သည့် စေတနာ” မရှိကြောင်း Richardson က ပြောကြားသည်။

ဆူရာကီယာ့တ်ဟာ အခြားသောဘုတ်အဖွဲ့ဝင်များနှင့်အတူ ရခိုင်ပြည်နယ်သို့ သွားရောက်နေပြီး ရိုက်တာ၏ မေးမြန်းမှုကို တုန့်ပြန်ခဲ့ခြင်းမရှိပေ။

ပြန်လာကြမည့် ဒုက္ခသည်များအား လက်ခံရန် အသစ်ဆောက်လုပ်ထားသည့် စခန်းသစ်သို့ သွားရောက်မည့် ခရီးစဉ်တွင် လိုက်ပါရန် ငြင်းဆိုခဲ့ပြီး ရန်ကုန်သို့ ပြန်လာခဲ့သည်ဟု Richardson က ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar