ရခိုင်နယ်စပ်လုံခြုံရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေ

နေပြည်တော်၊ အောက်တိုဘာ ၉

ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်နေသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက မီဒီယာများကို ပြောကြားသည်။

မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းများ အောက်တိုဘာ ၉ ရက်နေ့၊ နံနက်ပိုင်းက တိုက်ခိုက်ခံရမှုနှင့် စပ်လျဉ်း၍ ထိုနေ့ ညပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခြင်း ဖြစ်သည်။

“ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပေါင်းစပ်ပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့ အစီအမံတွေ ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ရဲချုပ် ဇော်ဝင်းက ဆိုသည်။ ထို့ပြင် လတ်တလောတွင်လည်း တပ်မတော်နှင့် ပူးပေါင်းကာ ရဟတ်ယာဉ်များ အသုံးပြု၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် တပ်မတော်တပ်ဖွဲ့များ ရွေ့ပြောင်းခြင်း၊ အင်အားဖြည့်ခြင်းများ ဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။

မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်တပ်ဌာနချုပ်ဖြစ်သည့် ကျီးကန်းပြင်၊ ငခူရစခန်းနှင့် ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက် နယ်ခြားစောင့်စခန်းများအား အမည်မသိ လက်နက်ကိုင် ၉၀ ကျော်က နံနက် ၃ နာရီခန့်တွင် ဝင်ရောက်စီးနင်းမှု ဖြစ်ပွားပြီးနောက် အဆင့်မြင့်လုံခြုံရေး တာဝန်ရှိသူတစ်ဦးဖြစ်သည့် ၎င်းက ထိုသို့ ထုတ်ဖော် ပြောဆိုခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်များတွင် ရဲတပ်ဖွဲ့အရာရှိ တစ်ဦးအပါအဝင် စုစုပေါင်း ကိုးဦး ကျဆုံးခဲ့ရပြီး လေးဦး ဒဏ်ရာရကာ အရာရှိ တစ်ဦးပျောက်ဆုံးနေသည်ဟု အစိုးရက တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။ စီးနင်းမှုမှာ မည်သည့်အဖွဲ့လက်ချက်ဖြစ်သည်ကိုမူ ရဲတပ်ဖွဲ့က ထုတ်ဖော် မပြောသေးဘဲ တရားဥပဒေနည်းလမ်းများအရ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု ဆိုသည်။

“လိုအပ်တဲ့အချိန်မှာ အတည်ပြု ထုတ်ပြန်ပေးသွားမယ်” ဟု ရဲချုပ်ဇော်ဝင်းက ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်ကလည်း တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတွင် တည်ငြိမ်အေးချမ်းရေးသည် အလွန်အရေးကြီးသဖြင့် ယခုဖြစ်စဉ်ကို အစိုးရအဖွဲ့က အလေးအနက်ထား ဖြေရှင်းဆောင်ရွက်နေသည်ဟု ပြောကြားသည်။

အခင်းဖြစ်ရာနေရာသို့ ရောက်ရှိနေသည့် Frontier သတင်းထောက်က ရဲတပ်ဖွဲ့ထံမှ ရရှိထားသည့် အချက်အလက်များအရ စီးနင်းဝင်ရောက်သည့်တပ်ဖွဲ့သည် နယ်မြေ ကျွမ်းကျင်မှုရှိခြင်းနှင့် ဒေသခံများပါ ပူးပေါင်းပါဝင်သည်ဟု ယူဆရပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က ကျေးရွာများအတွင်း ဝင်ရောက်ရှာဖွေရာ ဘင်္ဂလီရွာများအတွင်း ရွာသူ၊ ရွာသားများ မရှိတော့ဟု ဆိုသည်။

Frontier သတင်းထောက်က အဆိုပါ ရှာဖွေမှုကို မျက်မြင်တွေ့ရှိရပြီး ရဲတပ်ဖွဲ့နှင့် ဘူးသီးတောင်မြို့နယ်မှ ရောက်ရှိလာသည့် တပ်မတော်သားများက အဆိုပါနယ်မြေအတွင်း လုံခြုံရေး ယူထားသည်ကိုလည်း တွေ့ရှိရသည်။

မောင်တောမြို့တွင် ၂၀၁၂ ခုနှစ်က စတင်ကာ ညမထွက်ရအမိန့်ကို ည ၁၁ နာရီမှ နံနက် ၄ နာရီထိ ထုတ်ပြန်ထားသော်လည်း ယနေ့ညနေတွင် ညမထွက်ရအမိန့်ကို ည ၇ နာရီမှ မနက် ၆ နာရီသို့ တိုးမြှင့်တင်းကြပ်ထားသည်။

တိုက်ခိုက်မှုများအပြီးတွင် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ရှစ်ဦး၏ ရုပ်အလောင်းများကို ရရှိခဲ့ပြီး နှစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်တွင် လက်နက်မျိုးစုံ ၅၁ လက်၊ ခဲယမ်း ၁၀,၁၄၀ တောင့်နှင့် စကားပြောစက် နှစ်လုံးတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆုံးရှုံးခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar