ရန်ကုန်၊ ဇွန် ၂၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရခိုင်ကျေးရွာအချို့မှ တိုင်းရင်းသားများသည် လွန်ခဲ့သည့်ရက်ပိုင်းက ထွက်ပေါ်ခဲ့သော လုံခြုံရေးဆိုင်ရာ ကောလာဟလများကြောင့် မိမိတို့အိုးအိမ်များကို ခေတ္တစွန့်ခွာကာ အခြားလုံခြုံရာနေရာများသို့ တိမ်းရှောင်နေကြသည်။
မောင်တောမြို့နယ်၏ မြောက်ဘက်ပိုင်း ကျေးရွာအချို့မှ ရခိုင်တိုင်းရင်းသား အများစုနှင့် မောင်တော တောင်ဘက်ပိုင်း ကျေးရွာအချို့မှ တိုင်းရင်းသားများသည်လည်း အခြားလုံခြုံရာ နေရာများသို့ တိမ်းရှောင်နေကြခြင်းဖြစ်သည်။
“ထွက်ပြေးတာမျိုးတော့ မဟုတ်ပါဘူး။ ကလေးတွေနဲ့ မိန်းမတွေကို မြို့ပေါ်က လုံခြုံတဲ့နေရာတွေကို ခဏပြောင်းရွှေ့ထားတာမျိုးတော့ တွေ့ရတယ်” ဟု မောင်တောမြို့နယ် ရဲမှူးဦးကျော်မြဝင်းက Frontier ကို ပြောသည်။
ယခုလ ၂၀ ရက်က မောင်တောမြို့နယ်၊ မေယုတောင်ကြောအနီး စစ်သွေးကြွအုပ်စု တစ်စု၏ သင်တန်းလေ့ကျင့်ရာ နေရာတစ်ခုကို တပ်မတော်က တွေ့ရှိခဲ့ပြီးနောက် မောင်တောမြောက်ပိုင်းတွင် ကောလာဟလ ပျံ့နှံ့မှု မြင့်မားလာခဲ့ခြင်းဖြစ်သည်။
may_yu_cave.jpg
title=
ထို့ပြင် မောင်တောမြို့နှင့် ၂၈ မိုင်ခန့် ကွာဝေးသည့် တာရိန်းကျေးရွာတွင်လည်း ဇွန် ၂၄ ရက်က ရခိုင်တိုင်းရင်းသားနှစ်ဦး သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့သေးသည်။
မောင်တောကို နောက်တကြိမ် ထပ်မံတိုက်ခိုက်ခံရနိုင်သည်ဟု ရခိုင်တိုင်းရင်းသားကျေးရွာများတွင် ကောလာဟလများ ပြန့်ပွားနေခြင်းဖြစ်သည်။
“ကောလာဟလတွေကတော့ ထွက်နေတာပဲ။ ဟိုနား ရုတ်ရုတ်၊ ဒီနား ရုတ်ရုတ်နဲ့။ လူတွေက ဘာမှ တရားဝင်ကြေညာမှုတွေ မသိရတော့ တခုခုဆို လန့်နေကြတာ” ဟု မောင်တောဒေသခံ ကိုလှမိုးက ဆိုသည်။ ကိုလှမိုး၏ မြင်တွေ့မှုအရ မောင်တောမြောက်ပိုင်း ကျေးရွာအချို့မှ ပြောင်းရွှေ့လာသူများကို လိုက်ထရပ်ကား နှစ်စီးခန့်ဖြင့် ဇွန် ၂၅ ရက်က တေ့ွရှိခဲ့သည်ဟု ဆိုသည်။
ရက်ပိုင်းအတွင်း ပြဿနာအများစု ဖြစ်ပွားခဲ့ခြင်းသည် မောင်တောမြောက်ပိုင်းတွင် ဖြစ်သော်လည်း ၂၀၁၆ အောက်တိုဘာက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်နေရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် မောင်တော တောင်ပိုင်း၊ ကိုးတန်ကောက်ကျေးရွာအနီး၊ အင်းဒင်ကျေးရွာမှ တိုင်းရင်းသားအချို့မှာလည်း ရသေ့တောင်မြို့နယ်နှင့် စစ်တွေမြို့နယ်များသို့ တိမ်းရှောင်မှုများ ရှိနေသည်။
“ဘုရားဖူးသွားမယ်၊ ခရီးထွက်မယ် အဲ့ဒီလိုမျိုးပြောပြီး မိသားစုလိုက် ခရီးထွက်ကြတာတွေ များတယ်။ ခဏရှောင်နေတဲ့သဘောပေါ့။ ပိုက်ဆံရှိတဲ့သူတွေက ကလေးတွေ၊ မိန်းမတွေကို ရန်ကုန်တို့၊ စစ်တွေတို့ကို ပို့ထားကြတယ်” ဟု မောင်တောရှိ နယ်ခြားစောင့်တပ်မှ အမည်မဖော်လိုသူတဦးက ဆိုသည်။
ယခုလ ၂၇ ရက်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုသည် မောင်တောတောင်ပိုင်းမှအစပြုကာ မြောက်ပိုင်းအဆုံးနယ်စပ်မြို့ဖြစ်သည့် တောင်ပြိုအထိ သွားရောက်ခဲ့ပြီး ဒေသခံ တိုင်းရင်းသားများကို တွေ့ဆုံခဲ့ကာ အားပေးစကားပြောကြားခဲ့သည်ဟု ဝန်ကြီးချုပ်ခရီးစဉ်တွင် ပါဝင်သူတဦးက Frontier ကို ပြောသည်။
“အဓိကကတော့ မကြောက်ကြဖို့ပေါ့၊ ထွက်မပြေးကြဖို့ ပြောတာ။ ကြိမ်ချောင်း (မူဆလင်ဘာသာဝင် အများစု နေထိုင်သည့်ရွာကြီး) မှာတော့ မူဆလင်ကျောင်းဆရာတွေက တွေ့ခွင့်တောင်းလို့ ဝန်ကြီးချုပ် တွေ့ခဲ့ပါတယ်။ သူတို့ လိုအပ်ချက်တွေကို ပြောကြတယ်။ သူတို့လည်း ကြောက်နေကြတယ်။ မီဒီယာတွေကိုလည်း ဖြေကြတာ မတေ့ွဘူး” ဟု ခရီးစဉ်တွင် ပါဝင်ခဲ့သူက ဆိုသည်။
လွန်ခဲ့သည့်လများက အစိုးရက စီစဉ်သည့် ခရီးစဉ်တွင် မီဒီယာကို ဖြေကြားခဲ့သည့် မူဆလင်နှစ်ဦး သတ်ဖြတ်ခံခဲ့ရသည်။
ဒေသခံ တိုင်းရင်းသားများမှာ မောင်တောမြို့ပေါ်တွင် တိမ်းရှောင်နေကြသည်များ ရှိသကဲ့သို့ စစ်တွေမြို့ပေါ်သို့လည်း မိသားစုများ ရောက်ရှိလာနေသည်ဟု စစ်တွေဒေသခံ ဦးသန်းထွန်းက Frontier ကို ပြောသည်။
တိမ်းရှောင်နေမှုများ ရှိသော်လည်း မည်သည့်ရွာမှ လူဦးရေ မည်မျှတိမ်းရှောင်နေကြသည်ကိုမူ Frontier က အတည်မပြုနိုင်သေးချေ။
သတင်း – မြတ်ကျော်သူ