ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် မြန်မာအစိုးရက ကော်မရှင်သစ် ဖွဲ့စည်းမှုကို လွှတ်တော်ကိုယ်စားလှယ်အချို့က “ရေးကြီးခွင်ကျယ်”လုပ်ခြင်းသာဖြစ်ပြီး “တစ်ဖက်သတ်ဆန်လွန်းသည်” ဟု ဝေဖန်လိုက်သည်။
“လွတ်လပ်သည့်” စုံစမ်းစစ်ဆေးရေး ကော်မရှင်အား ဖွဲ့စည်းလိုက်ကြောင်းကို ဇူလိုင် ၃၀ ရက်နေ့ညတွင် သမ္မတက ကြေညာလိုက်သည်။ ကော်မရှင်အနေဖြင့် ARSA အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့ကြောင်း စွပ်စွဲမှုများအပြင် ယင်းနှင့် ဆက်နွယ်သည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးသွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ သို့သော် ၎င်းကော်မရှင်၏ လုပ်ပိုင်ခွင့်၊ အာဏာနှင့် အစီရင်ခံစာအား အပြီးသတ်ရမည့် အချိန်ကာလတို့နှင့် ပတ်သက်သည့် အသေးစိတ်ကိုမူ ဖော်ပြမထားပေ။
အာရကန် ရိုဟင်ဂျာ လွတ်မြောက်ရေးတပ် (ARSA) ၏ တိုက်ခိုက်မှုအပြီး ပြီးခဲ့သည့် သြဂုတ်လတွင် စတင်ခဲ့သည့် စစ်ဆင်ရေးများတွင် မြန်မာစစ်တပ်က ရိုဟင်ဂျာကျေးရွာများကို ချေမွခဲ့ပြီး လူပေါင်း ခုနစ်သိန်းခန့်အား နယ်စပ် ဖြတ်ကျော်ကာ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ပြေးသွားစေခဲ့သည်ဟု စွပ်စွဲထားကြသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ရခိုင်များက လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ နှိပ်စက်မှုများနှင့် မီးရှို့များကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ကြသည်ဟု စွပ်စွဲထားသလို ကုလသမဂ္ဂကလည်း လူမျိုးစုအလိုက် ရှင်းလင်းမှုဟု အမည်တပ်ခဲ့သည်။
မြန်မာအစိုးရနှင့် စစ်တပ်ကမူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားပြီး တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ပွဲဆိုင်ရာ စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာခဲ့သလို လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိဟု ငြင်းဆိုထားသည်။ သို့သော် ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေးကော်မရှင်အား လက်ခံရန်ကိုမူ မြန်မာအစိုးရက ငြင်းဆိုထားသည်။
ယခု ဖွဲ့စည်းခဲ့သည့် ကော်မရှင်တွင် ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ ရိုဆာရီယို မယ်နာလို၊ ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်းကိုယ်စားလှယ်ဟောင်း ကင်ဇိုအိုရှီးမား၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနှင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ခေါင်းဆောင် ဒေါက်တာအောင်ထွန်းသက်တို့ ပါဝင်သည်။
ထိုကော်မရှင်ဖွဲ့စည်းမှုမှာ အစိုးရအနေဖြင့် မလိုလားအပ်သည့် ကိစ္စရပ်တစ်ခုအား “ရေးကြီးခွင်ကျယ်” လုပ်ကာ “ကြီးကြီးကျယ်ကျယ်” လုပ်နေသည်ဟု မြင်ကြောင်း ရခိုင်အမျိုးသားပါတီ၏ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။
“ကျွန်တော်တို့ မြင်တာကတော့ သူတို့ တိုင်ပတ်နေတယ်ပဲ မြင်တယ်” ဟု ၎င်းက အစိုးရကို ရည်ညွှန်းပြောကြားသည်။
“ဒါပေမယ့် ဘာပဲ လုပ်လုပ် အဓိကပြောချင်တာက ဒေသခံ Stake holder ဖြစ်တဲ့ ရခိုင်လူထုရယ်၊ ရခိုင်ပါတီရယ်၊ ရခိုင်ကိုယ်စားလှယ်တွေလည်း ရှိတယ်။ ဘာမှလည်း သူတို့ ဂရုမစိုက်ခဲ့ဘူး။ သူတို့ လုပ်ချင်သလို လုပ်လာတာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ကိုဖီအာနန်ကတည်းက ကျွန်တော်တို့က ကန့်ကွက်ပြီးတော့ လာခဲ့တဲ့လူတွေဆိုတော့ အခုက လုပ်နေတာက ကိုဖီအာနန် ကော်မရှင်ရဲ့ အစီရင်ခံစာပေါ်မှာ မူတည်ပြီးတော့ နောက်ဆက်တွဲတွေ ဖြစ်လာတဲ့ ကိစ္စတွေ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က ဒါတွေကို အသိအမှတ်မပြုဘူး” ဟုလည်း ဦးအောင်သောင်းရွှေက ပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကလည်း ကော်မရှင်ဖွဲ့စည်းမှုမှာ “တစ်ဖက်သတ်ဆန်လွန်းသည်” ဟု ပြောကြားသည်။
“ဘာကြောင့်လည်းဆိုတော့ ရခိုင်အရေးပြဿနာမှာ တကယ်ဖြစ်သွားတာက အချုပ်အခြာအာဏာဖြစ်တဲ့ လုံခြုံရေးစခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခံရတာ။ တို့ရဲ့လူနည်းစုတွေကို အကြမ်းဖက်သတ်ဖြတ်၊ လူမျိုးတုန်း သတ်ဖြတ်ခံခဲ့ရတာ။ အဲတော့ အဲဒီကိစ္စကို သေသေချာချာ စိစစ်ဖော်ထုတ်ဖို့ အလုပ်ကိုတော့ မလုပ်ပဲနဲ့ ARSA ရဲ့ အကြမ်းဖက်မှုပြီးတဲ့နောက်မှ ခုန လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးမယ်ဆိုတော့ တဖက်သတ်သိပ်ပြီးတော့ ဆန်လွန်းအားကြီးတယ်။ မမျှတဘူးပေါ့နော်” ဟု ၎င်းကပြောသည်။
“အစိုးရရဲ့ဆောင်ရွက်ချက်က ဒီအတွက်ကိုလည်း ပြည်သူလူထုက လုံးဝအားမရဘူး။ သို့သော်လည်းပဲ တို့တွေ လုပ်ပိုင်ခွင့်ရှိတဲ့ ဘောင်ထဲကနေပြီးတော့ ပြည်သူလူထုလည်းသိအောင်၊ နိုင်ငံတော်လည်း သိအောင်၊ တရားဝင်ကို လွှတ်တော်ကြီးကနေ အဆိုတင်သွင်းပြီးတော့ ကန့်ကွက်ခဲ့တာ၊ အကြံပြုခဲ့တာ။ သို့သော်လည်းပဲ ဒီအစိုးရအနေနဲ့က ပြည်သူ့အသံကိုလည်း သိပ်ပြီးလက်မခံတဲ့သဘောလို့ မြင်ရမှာပါ။ သူလုပ်ချင်တာကိုပဲ လုပ်သွားတဲ့သဘောရှိတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ကြောင့် ထိုဖြစ်စဉ်၊ ဆောင်ရွက်ချက်အပေါ် ဖြစ်ပေါ်လာသည့် အခြေအနေမှာ ဆောင်ရွက်သည့် အစိုးရ၏ မှတ်တမ်းသာ ဖြစ်လိမ့်မည်ဟု ဦးသောင်းအေးက ပြောသည်။
ထို့ပြင် “ဖြစ်ပျက်လာတဲ့ ကိစ္စအားလုံးကိုလည်း ဒီအစိုးရကပဲတာဝန်ယူရပါလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ကော်မရှင်သစ်၏ လုပ်ဆောင်ချက်များကို ပြည်သူတစ်ရပ်လုံးက စောင့်ကြည့်ရမည်ဟုလည်း ၎င်းက ပြောကြားသည်။
အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိခဲ့ဟု အစိုးရက ပြသလိုသည့် သဘောမျိုးဖြစ်မည်ဟု သုံးသပ်နိုင်သည်ဟုလည်း ဦးသောင်းအေးက ပြောသည်။
“သို့သော်လည်းပဲ နိုင်ငံရေးက ဒီလောက် မရိုးစင်းဘူး။ အဲဒီပေါ်မှာ ဘာတွေဖြစ်လာနိုင်လဲ၊ အဲဒီဟာကို အစိုးရက ဘယ်လောက်ခုခံကာကွယ်ပေးနိုင်မလဲ၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နိုင်ငံသူ နိုင်ငံသားတွေ၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှာရှိနေတဲ့ လူထုရဲ့၊ ဒေသခံပြည်သူတွေရဲ့ ဘဝကို ဘယ်လောက် အကာအကွယ် ပေးနိုင်မလဲဆိုတာ ဒီအခြေအနေပေါ် စောင့်ကြည့်ရမှာတော့ ကိုယ်တို့ ပါတီတင်မကဘူး၊ နိုင်ငံသားတိုင်းရဲ့ တာဝန်ပဲဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကမူ ကော်မရှင်၏ လုပ်ဆောင်ချက်များအား စောင့်ကြည့်ပြီးမှ ဝေဖန်ရန် ပြောကြားသည်။
“ဒီအဖွဲ့တွေရဲ့ လုပ်ငန်းဆောင်ရွက်ချက် လုပ်ငန်းကို ကြည့်ပြီးတဲ့နောက်မှာမှ၊ အစီရင်ခံစာတွေ ထွက်လာပြီးတဲ့ နောက်ကျမှပဲ ဝေဖန်တာတွေ လုပ်သင့်တယ်။ ခုလောလောဆယ်တော့ ဒီပုဂ္ဂိုလ်နှစ်ယောက်ရဲ့ ဆောင်ရွက်ချက်ကို မသိရသေးပဲနဲ့ ဘာမှ ပြောစရာမလိုဘူး” ဟု ၎င်းကပြောသည်။
“သို့သော် ဒီနေ့ရွေးလိုက်တဲ့ ဒီပုဂ္ဂိုလ်များရဲ့ Biography ကို ဖတ်ရခြင်းအားဖြင့် ဒီပုဂ္ဂိုလ်တွေဟာ နိုင်ငံတကာရဲ့ အလယ်မှာ အင်မတန် ဂုဏ်သိက္ခာရှိတဲ့ လူတွေဖြစ်တယ်ဆိုတဲ့အတွက်တော့ ကျွန်မတို့ဘက်က ဒါကိုတော့ ယုံကြည်ပြီးတော့ ထားရမှာပေါ့” ဟု ၎င်းကပြောသည်။
ရန်ကုန်အခြေစိုက် လေ့လာဆန်းစစ်သူ David Mathieson က အဆိုပါကော်မရှင်သစ်အား “နိုင်ငံရေးအရ ဗန်းပြမှု” တစ်ခုသာဖြစ်သည်ဟု အမည်တပ်လိုက်သည်။ ကော်မရှင်အနေဖြင့် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖုံးကွယ်ရန်သာဖြစ်ပြီး စစ်မှန်သည့် စုံစမ်းစစ်ဆေးမှုမဖြစ်နိုင်ဟုလည်း ၎င်းကပြောသည်။