ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်မည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဆန့်ကျင်မှုများတွင် နိုင်ငံရေး ရည်ရွယ်ချက်များ ပါဝင်နေသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
“ဒီ ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ကျမကတော့ ဒါ ပွင့်ပွင့်လင်းလင်း ပြောချင်တယ်။ ကျမတို့ ကိုဖီအာနန် ကော်မရှင်ကို ဆန့်ကျင်တဲ့ဟာက လူမျိုးရေး၊ ဘာသာရေးတောင်မဟုတ်ဘဲနဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါနေတယ်လို့ ကျမကတော့ မြင်ပါတယ်” ဟု ၎င်းက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ မြန်မာသံရုံးတွင် စက်တင်ဘာ ၁၇ ရက်နေ့က မြန်မာနိုင်ငံသားအချို့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု ဗီအိုအေသတင်းဌာနက ရေးသားထားသည်။
အဆိုပါ ကော်မရှင်ဖွဲ့စည်းမှုကို ရခိုင်ပြည်နယ်လွှတ်တော်တွင် စက်တင်ဘာ ၁၄ ရက်နေ့က အဆိုတင်သွင်းကန့်ကွက်ခဲ့သည်။ ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်ကာ ပါတီ ၁၁ ခုပူးပေါင်း၍ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ကော်မရှင်ကို မထောက်ခံဘဲ ကော်မရှင်၏ ဆုံးဖြတ်ချက်များ၊ ရပ်တည်ချက်များကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲပြဿနာများကို “စိုးရိမ်သည်” ဟု စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်။
“အဲဒါ အင်မတန်မှ ဝမ်းနည်းစရာ ကောင်းပါတယ်။ ကိုယ့်နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ အကျိုးကို ကြည့်ပြီးတော့ ကျမတို့ တနိုင်ငံလုံးအတွက် လုပ်နေတဲ့ကိစ္စကို မအောင်မြင်စေချင်တဲ့ စေတနာတွေထားတယ်ဆိုတာကတော့ မဖြစ်သင့်ပါဘူး။ အဲဒါကြောင့်မို့လို့ ကူညီတယ်ဆိုတာဟာ ကိုယ့်အချင်းချင်းလည်း နားလည်အောင် ပြောရမယ်။ ဒီလိုကော်မရှင်ဖွဲ့ခြင်းဟာ ကျမတို့အတွက် ဘာမှ အကျိုးယုတ်မှု မရှိဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အဆိုပါ ကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော် အတိုင်ပင်ခံရုံးက ဖွဲ့စည်းပေးလိုက်ခြင်းဖြစ်ကာ ကိုဖီအာနန်အပါအဝင် နိုင်ငံခြားသား သုံးဦးပါဝင်သည့် အဖွဲ့ဝင် ကိုးဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုသို့ ကော်မရှင်တွင် နိုင်ငံခြားသားများ ပါဝင်နေမှုကို ရခိုင်အမျိုးသားပါတီ အပါအဝင် ကန့်ကွက်သူများက ထောက်ပြနေကြခြင်းဖြစ်ကာ ပြည်တွင်းရေးကို နိုင်ငံခြားသားများ ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေး ပေးလိုက်ခြင်းဖြစ်သည်ဟု ဝေဖန်နေကြသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်က ကော်မရှင်ကြောင့် လက်တွေ့အကျိုးကျေးဇူးများ ရရှိနေပြီဟု ပြောကြားခဲ့သည်။
“ပြောရမယ်ဆိုရင် ဒီကော်မရှင်ဖွဲ့လိုက်လို့လည်း ကျမတို့ကို OIC (အပြည်ပြည်ဆိုင်ရာ အစ္စလမ်ကောင်စီ) ကနေပြီးတော့ Human Rights (လူ့အခွင့်အရေး) နဲ့ ပတ်သက်လို့ Resolution မတင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာ ပါပါတယ်။ ဒီအပြင်မှာလည်း ကျမတို့အခု Third Committee မှာ နှစ်တိုင်းနှစ်တိုင်း ရုန်းကန်နေရတဲ့ကိစ္စ အခု ဒီနှစ်တော့ သက်သာသွားပြီဆိုတာ။ ဒါတွေဟာ ကျမတို့ရဲ့ ကြိုးပမ်းမှုတွေထဲမှာ ဒီကော်မရှင်ဖွဲ့တဲ့ ကြိုးပမ်းမှုကလည်း အင်မတန် ထိထိရောက်ရောက်နဲ့ ကူညီပေးခဲ့လို့ ဖြစ်ပေါ်လာတဲ့ကိစ္စ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဟု ဗီအိုအေက ရေးသားထားသည်။
ရခိုင်ကော်မရှင်သည် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ လေ့လာဆန်းစစ်ရန် အချိန် ၁၂ လ ရရှိမည်ဖြစ်ပြီး ကော်မရှင်၏ တွေ့ရှိချက်၊ အကြံပြုချက်များကို အစိုးရထံ တင်သွင်းရမည် ဖြစ်သည်။
အဆိုပါကော်မရှင်ဖွဲ့စည်းမှုကို ဝေဖန်ကန့်ကွက်မှုများ ရှိနေသလို ယခုလစောပိုင်းက ကိုဖီအာနန်နှင့် ကော်မရှင်အဖွဲ့ဝင်များ၏ ပထမဆုံး ရခိုင်ပြည်နယ်ခရီးတွင် ကန့်ကွက်ဆန္ဒပြမှုများနှင့် ကြုံတွေ့ခဲ့ကြရသည်။