ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
ရခိုင်ကမ်းလွန်တွင် လှေတစ်စင်းဖြင့် တွေ့ရှိခဲ့သည့် လူ ၁၀ ဦးမှာ မည်သည့်အရပ်မှ ဖြစ်သည်နှင့် မည်သူမည်ဝါများ ဖြစ်သည်ကို မသိရှိရသေးဟု ရခိုင်ပြည်နယ်မှ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဂွမြို့မှ ကီလိုမီတာ ၂၀ ခန့် ကွာဝေးသည့် ဇီးကုန်းကျေးရွာအနီးတွင် လှေတစ်စင်း မေ ျှာပါနေသည်ကို ဒေသခံများက ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် တွေ့ရှိခဲ့ကြသည်။ ထို့နောက် စက်ပျက်နေသည့် အဆိုပါ လှေပေါ်မှ လူ ၁၀ ဦးကို ကယ်ဆယ်ခဲ့ကြသည်။ ထို့ပြင်လှေပေါ်တွင် သေဆုံးနေသူတစ်ဦး၏ အလောင်းကိုလည်း တွေ့ရှိခဲ့ကြသည်။ သေဆုံးရသည့် အကြောင်းရင်းကိုမူ မသိရှိကြသေးပေ။
“တစ်ယောက်က လှေပေါ်မှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်း သေဆုံးခဲ့တာ ဖြစ်နိုင်တယ်” ဟု ဂွမြို့နယ်၊ ရဲစခန်းမှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
လှေပေါ်ပါသူများမှာ အင်္ဂလိပ်စကား မပြောတတ်သလို မြန်မာစကားလည်း မတတ်ကြဟု အဆိုပါအရာရှိက ပြောကြားသည်။ ၎င်းတို့အား လက်ရှိအချိန်တွင် ဂွမြို့နယ်ရဲစခန်း၌ ခေတ္တ ခေါ်ယူထားသည်ဟု ဆိုသည်။
“ကျွန်တော်သူတို့ကို အင်္ဂလိပ်လို What is your name? (မင်းတို့နာမည် ဘယ်လိုခေါ်လဲ) လို့ မေးတယ်။ သူတို့က နားမလည်ဘူး” ဟု ၎င်းကပြောသည်။ ထို့ကြောင့် ၎င်းလူများနှင့် ဆက်သွယ်နိုင်ရန်အတွက် စကားပြန်တစ်ဦးကို ရှာဖွေနေသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ရဲများက လှေပေါ်တွင် ငါးဖမ်းပိုက်များကိုလည်း တွေ့ရှိထားသည့်အတွက် ငါးဖမ်းလှေဖြစ်နိုင်သည်ဟု ထင်ကြေးပေးထားကြသည်။
သတင်း-ထွန်းခိုင်