အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းပြီးစီးမှုများအား ဝန်ကြီးဌာနအချို့က ထုတ်ပြန်ကြေညာခဲ့ရာတွင် ပြည်သူတို့၏ လက်ငင်းလိုအပ်ချက် ဖြည့်ဆည်းပေးမှုနှင့် မူဝါဒအပြောင်းအလဲ အနည်းငယ်သာပါဝင်ပြီး ဝန်ကြီးဌာနအလိုက် ပုံမှန်လုပ်ငန်း အကောင်အထည် ဖော်ဆောင်နိုင်မှု ရလဒ်များက အများစုဖြစ်နေသည်ကို တွေ့ရသည်။
နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ သြဂုတ် ၁၂ ရက်နှင့် ၁၆ ရက်တို့က ပြုလုပ်ခဲ့သော အစိုးရသစ်၏ ရက် ၁၀၀ ကာလ ဆောင်ရွက်ခဲ့မှုဆိုင်ရာ သတင်စာရှင်းလင်းပွဲများအတွင်း ဝန်ကြီးဌာန ခုနစ်ခုက ထုတ်ပြန်သော အချက်အလက်များအရ ထိုကဲ့သို့ ညွှန်းဆိုနေခြင်း ဖြစ်သည်။
အဆိုပါဝန်ကြီးဌာနများ၏ အသေးစိတ် ထုတ်ပြန်ချက်များထဲမှ သာမန်ဖော်ပြချက်များကို နှုတ်ပယ်ပြီး ပုံမှန်လုပ်ငန်း၊ မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်မှု၊ လက်ငင်း အကျိုးဖြစ်ထွန်းမှုဟူ၍ Frontier က ခွဲခြားရေတွက်ကြည့်ရာတွင် ပုံမှန် ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများက စုစုပေါင်း ၂၉ ခုဖြင့် အများဆုံးဖြစ်နေသည်။ ထို့နောက်တွင်မှ လက်ငင်း အကျိုးဖြစ်ထွန်းမှုက ၁၄ ခုဖြင့် ဒုတိယလိုက်ပြီး မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲမှာမူ ၁၃ ခုသာရှိသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် အစိုးရလက်ထက်ကတည်းက ဆောင်ရွက်နေသည့် လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော်မှုကို အစိုးရသစ်၏ ရက် ၁၀၀ ရလဒ်အဖြစ် ထည့်သွင်း ဖော်ပြထားသည့်အတွက် ၎င်းတို့အား ပုံမှန်လုပ်ငန်းများအဖြစ် သတ်မှတ်ရေတွက်ခဲ့ခြင်း ဖြစ်သည်။
ဥပမာ ယခင်တည်းက တည်ဆောက်နေသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးစီးခြင်း၊ မူလကတည်းက သွယ်တန်းလျှက်ရှိသည့် ဓာတ်အားလိုင်းပြီးစီး၍ ဓာတ်အားပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ လုပ်ငန်းနှင့် ယာဉ်မောင်းနှင်မှုဆိုင်ရာ လိုင်စင်များ ချထားပေးခြင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားများအား လေ့လာရေးခရီး ပို့ဆောင်ပေးခြင်းစသည်တို့ ဖြစ်သည်။
ထို့အတူ ဆိပ်ကမ်း၊ ရေလမ်းကြောင်းနှင့် မြစ်ကမ်းထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မိုးလေဝသစခန်းနှင့် စက်တပ်ဆင်ခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးခြင်း၊ မြေငှားဂရန် ထုတ်ပေးခြင်း၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခွင့်ပြုခြင်း၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့ အကျိုးပြုဆောင်ရွက်ရေးဟူ၍ ပြောဆိုရှင်းလင်းသော်လည်း မူဝါဒပိုင်းဆိုင်ရာအပြောင်းအလဲနှင့် လက်ငင်းအကျိုးရလဒ်ကို ထင်ရှားစွာ ရှင်းမပြခြင်းတို့ကို ပုံမှန်လုပ်ငန်းများစာရင်းတွင် ထည့်သွင်းတွက်ချက်ထားသည်။
လက်ငင်းအကျိုးဖြစ်ထွန်းမှု စာရင်းတွင် အကျဉ်းသားအချုပ်သား၊ ဧည့်တွေ့မှုနှင့် ဧည့်တွေ့ချိန်ကို တိုးမြှင့်ပေးခြင်း၊ နယ်စပ်ဒေသများတွင် ရေကန်တူးဖော်ပေးခြင်း၊ စီမံကိန်းများ စံနှုန်းမီမမှီ ပြန်လည်စစ်ဆေးခြင်း၊ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြင်ဆင်ခြင်း၊ ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို ထည့်သွင်း သတ်မှတ်ထားသည်။
ထို့ပြင် မြေပြိုဆည်များ ပြုပြင်ခြင်း၊ သဘာဝဘေးဆိုင်ရာ သတင်းအချက်အလက်များ ၂၄ နာရီ မေးမြန်းနိုင်ရန် စီစဉ်ခြင်း၊ တံတားအဝင်အထွက်လမ်းများ အနိမ့်အမြင့် ဖြေညှိခြင်း၊ လမ်းတံတားအသုံးပြုခ ကောက်ခံသည့် ဂိတ်အရေအတွက် လျော့ချခြင်း၊ အမြန်လမ်း မိုင် ၂၀ ကို အဆင့်မြှင့်တင်ခြင်းကဲ့သို့သော ကိစ္စများလည်း ပါဝင်သည်။
မူဝါဒများဆိုင်ရာ ပြောင်းလဲမှုအဖြစ် ပြည်သူ့အငှားအိမ်ရာနှင့် တန်ဖိုးနည်းအိမ်ရာများအတွက် အခြေခံမူနှင့် အိမ်ရာစံပြနမူနာပုံစံများ ပြုစုပြီးစီးခြင်း၊ မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများကို အတည်ပြုနိုင်ခြင်းနှင့် လူငယ်ဆိုင်ရာမူဝါဒနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး စီမံချက်များ ရေးဆွဲခြင်းတို့ကို ထည့်သွင်းရေတွက်ထားသည်။
ထို့အတူ ရွှေ့ပြောင်းဒုက္ခသည်များ နေရာချထားရေးအတွက် အသင့်ပြင်ဆင်ထားခြင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် အဂတိလိုက်စားမှုကင်းရှင်းရေး စီမံဆောင်ရွက်နေခြင်း၊ စီးပွားရေးအရ တွက်ခြေမကိုက်သော ရထားလမ်းပိုင်းများ ဖျက်သိမ်းခြင်းကဲ့သို့သော ကိစ္စရပ်များကို မူဝါဒပြောင်းလဲမှုများအဖြစ် Frontierက မှတ်သား ရေတွက်ခြင်းဖြစ်သည်။
ဝန်ကြီးဌာန ၂၂ ခုရှိသည့်အနက် ရက် ၁၀၀ စီမံကိန်းပြီးစီးမှု ထုတ်ပြန်ပြီးဖြစ်သည့် ပြည်ထဲရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ နယ်စပ်ရေးရာ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ ဖော်ပြချက်များအပေါ် အခြေခံသုံးသပ်ထားခြင်း ဖြစ်သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “ရုတ်တရက် အကောင်အထည်ဖော်ရမယ့် ကိစ္စရယ်၊ အရှိန်အဟုန် မြှင့်ရမှာရယ်၊ လိုအပ်နေတာတွေကို ဘယ်လို ဖြည့်စွက်မလဲ၊ ကောင်းတဲ့ အပြောင်းအလဲကို ဘယ်လိုဖြစ်အောင် လုပ်မလဲဆိုတာကို ရည်ရွယ်ပြီး လုပ်တာဖြစ်ပါတယ်”ဟု Frontier ကိုပြောသည်။
ဝန်ကြီးဌာနအသီးသီး၏ အဆိုပါ ရက် ၁၀၀ စီမံကိန်းကို ဧပြီ ၂၈ ရက်က ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၆)က အတည်ပြုပေးခဲ့ပြီး မေလမှစတင်၍ ဇူလိုင်လအထိ ဆောင်ရွက်ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကမူ “မူလလုပ်ငန်းတာဝန်အရ လုပ်ရတာတွေ ထည့်ထားတာတွေလည်း ပါတယ်။ အကုန်လုံးကတော့ ဝန်ကြီးဌာနတွေရဲ့ မူလ တာဝန်အရ လုပ်ရမှာတွေချည်းပဲ။ အဲဒါကိုမှ ရက် ၁၀၀ အတွင်း ပြီးပြတ်အောင်လုပ်ရမယ့်ကိစ္စ၊ ငါးနှစ်အတွင်းလုပ်ရမယ့်ကိစ္စ ခွဲလိုက်တာ။ ပြည်သူကို ဝန်ထုတ်ဝန်ပိုးဖြစ်နေတာတွေကို ဖြေလျော့ပေးတာမျိုးလဲပါတယ်” ဟု Frontier ကို ပြောသည်။
ကျန်ရှိသည့် ဝန်ကြီးဌာများ၏ စီမံကိန်းပြီးစီးမှု အခြေအနေများကို သြဂုတ် ၃၀ ရက်အထိ အလှည့်ကျ ထုတ်ပြန်သွားရန် အစိုးရက စီစဉ်ထားသည်။