ရဲမွန်
မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် ပုဂံအား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရန်အတွက် မြန်မာအစိုးရက အမည်စာရင်း တင်သွင်းထားရာ နယ်မြေအခြေအနေ စစ်ဆေးရန်အတွက် ယူနက်စကိုက စက်တင်ဘာ ၁၅ ရက်နေ့တွင် သွားရောက် စစ်ဆေးမည်ဖြစ်သည်။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ဗံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)အနေဖြင့် ပုဂံသို့ သွားရောက်စစ်ဆေးရာတွင် အဖွဲ့လိုက် စစ်ဆေးမည်မဟုတ်ဘဲ သြစတြေးလျနိုင်ငံမှ ကျွမ်းကျင်ပညာရှင်တစ်ဦးတည်းသာ သွားရောက်မည်ဖြစ်ပြီး မြန်မာအစိုးရဘက်က ပြင်ဆင်ထားသည့် အခြေအနေများကို လိုက်လံစစ်ဆေး ကြည့်ရှုသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ယူနက်စကို စီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးက Frontier ကို ပြောသည်။
”စက်တင်ဘာ ၁၅ ကနေ ၂၅ ရက်နေ့အတွင်း ပုဂံကို လာမှာပါ။ အစိုးရဘက်က ပြတာတွေ လိုက်ကြည့်မယ်။ ပြီးရင် သူကြည့်ချင်တာလည်း ရှိရင်ရှိမယ်”ဟု ၎င်းကပြောသည်။
ပုဂံအား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရန်အတွက် အဆိုပြုစာတမ်းကို ယခုလအစောပိုင်းတွင် မြန်မာအစိုးရက ယူနက်စကိုထံ တင်သွင်းခဲ့သည်။ အမွေအနှစ်စာရင်း၌ ထည့်သွင်း၊ မသွင်းကိုမူ ၂ဝ၁၉ ခုနှစ်၌ အာဇာဘာဂျန်နိုင်ငံတွင် ပြုလုပ်မည့် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံ ၂၁ နိုင်ငံက မဲခွဲ ဆုံးဖြတ်ပေးသွားမည် ဖြစ်သည်။
ယင်းကော်မတီတွင် အစ္စလာမ်နိုင်ငံ ၁၂ နိုင်ငံအထိ ပါဝင်နေပြီး နိုင်ငံရေး ပြဿနာဖြစ်သည့် ရခိုင်အရေးကြောင့် အဆိုပါနိုင်ငံများမှ မဲများ မရရှိမည်ကို မြန်မာအစိုးရက စိုးရိမ်နေသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက Frontier နှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားသည်။
“ဝင်ဖို့က ၉ဝ ရာခိုင်နှုန်းလောက် သေချာပါတယ်။ နိုင်ငံရေးပြဿနာ မဝင်ဘူးဆိုရင်ပေါ့နော်။ ယူနက်စကိုမှာ ၂၁ နိုင်ငံ ရှိတယ်။ ၂၁ နိုင်ငံမှာ အာဖရိကမြောက်ပိုင်းက အစ္စလာမ်နိုင်ငံက ၁၂ နိုင်ငံလောက် ပါတယ်။ အဲဒီနိုင်ငံတွေက မဲတွေရဖို့ အရေးကြီးပါတယ်” ဟု သူရဦးအောင်ကိုက ပြောသည်။
ရှေးဟောင်းသုတေသနဦးစီးဌာန (ပုဂံ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ယူနက်စကိုအနေဖြင့် ပုဂံအား လက်ခံ၊ မခံ ဆုံးဖြတ်ရာတွင် နိုင်ငံရေးပြဿနာကိုပါ ထည့်သွင်းစဉ်းစားပါက သန့်ရှင်းသည့်အဖွဲ့အစည်းဖြစ်မည် မဟုတ်တော့ကြောင်း ပြောသည်။
“ယူနက်စကိုဆိုတဲ့ အဖွဲ့အစည်းက နိုင်ငံရေးနဲ့ ဆက်နွယ်မှုမရှိဘူးဆိုတာကိုတော့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ယူနက်စကို စီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးကမူ နိုင်ငံရေးကဏ္ဍက အရေးကြီးသည့်အပိုင်းတွင် ပါဝင်နေသည့်အတွက် မြန်မာအစိုးရ စိုးရိမ်နေသည့်အချက်မှာ ရှိကောင်းရှိလာနိုင်သည်ဟု သူ့အမြင်ကို ပြောကြားသည်။
ထို့ပြင် လက်ရှိတွင် မြန်မာနိုင်ငံက တင်သွင်းထားသည့် အဆိုပြုစာတမ်းတွင် ပါဝင်သော စီမံခန့်ခွဲမှုကဏ္ဍပါ အချက်အလက်များကို အစိုးရဘက်က လိုက်နာဆောင်ရွက်ခြင်း မရှိသေးသည့်အတွက် ဝေဖန်မှုများလည်း ကြုံတွေ့နေရသည်။
မြန်မာဗိသုကာပညာရှင်များအသင်း (AMA) က ယမန်နှစ်တွင် ပြုလုပ်ခဲ့သည့် စစ်တမ်းအရ ပုဂံဒေသတွင် ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံပေါင်း ၃,၈၂၂ ခု ကျန်ရှိနေသေးကြောင်း သိရသည်။ ထိုအဆောက်အအုံများတွင် ဘုန်းကြီးကျောင်းများ၊ ဂူကျောင်းများ၊ ထူပါစေတီများနှင့် အခြားသော မြင်တွေ့နိုင်သည့် သမိုင်းဝင်နေရာများ အားလုံးပါဝင်သည်။
၂၀၁၆ ခုနှစ်၊ သြဂုတ်လက ဖြစ်ပွားခဲ့သော ငလျင်ကြောင့် ပုဂံဒေသရှိ ဘုရားပုထိုးများအား ထိခိုက်မှုများ ရှိခဲ့ရာ ပုဂဒေသ၏ အနာဂတ်နှင့် ပတ်သက်ပြီး ပြည်သူများအကြား စိုးရိမ်မှု မြင့်တက်လာခဲ့သည်။ ထိုသဘာဝဘေးဒဏ် ဖြစ်ပွားပြီး မကြာမီမှာပင် ငလျင်ကြောင့် အရေးပေါ်ပြင်ဆင်ရန် လိုအပ်သည့် ရှေးဟောင်းအဆောက်အအုံ ၃၀၀ ကျော်ရှိကြောင်း ရှေးဟောင်းသုတေသန ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။