ယခုအစိုးရလက်ထက်တွင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် သိသိသာသာ ကျဆင်းလာ

မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်မှာ လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် သိသိသာသာ ကျဆင်းလာသည်ဟု ပဲန်မြန်မာနှင့် မိတ်ဖက်အဖွဲ့အစည်းများက ၎င်းတို့၏ တတိယကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ဝေဖန်ပြောကြားလိုက်သည်။

ပဲန်မြန်မာ၏ ဥက္ကဋ္ဌအဖြစ် အသစ်ခန့်အပ်ခံရသော ဦးမျိုးမြင့်ညိမ်းက လက်ရှိ ဒီမိုကရေစီအစိုးရဖြစ်သည့် NLD ပါတီသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာန မရှိရန် တောင်းဆိုခဲ့သော်လည်း လက်ရှိ ၎င်းတို့လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်လက်ထားရှိဆဲဖြစ်သည်ဟု ဒီဇင်ဘာ ၃ ရက်နေ့ကကျင်းပသည့် အစည်းအဝေးတွင် ၎င်းက ပြောကြားသည်။

“NLD အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာနသည် အလုပ်လုပ်နေဆဲ၊ ပြီးတော့ မိမိကိုယ်တိုင် တောင်းဆိုခဲ့သားနဲ့ အစိုးရဖြစ်သွားသောအခါ အဲဒါတွေကို လှည့်မကြည့်တော့ဘူးဆိုတာသည် မတိုးတက်ဘူးဆိုတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမ (ဒေါ်အောင်ဆန်းစုကြည်) အနေနဲ့ ကျွန်မတို့အစိုးရသည် ဘာကြောင့် ပြန်ကြားရေးဝန်ကြီးဌာနကို လိုအပ်တယ်ဆိုတာကိုလည်း ပြောကြားထားတာ ကျွန်တော်တို့ မကြားဘူးသေးပါဘူး” ဟု ၎င်းကပြောကြားသည်။

“ပြောင်းလဲချိန်တန်ပြီလို့ NLD က ပြောခဲ့သော်ငြားလည်း အခုချိန်ထဲ မပြောင်းလဲသေးပါဘူး။ ပြောင်းလဲစရာတွေ အများကြီး ယခင်ကလိုပဲ ကျန်ပါသေးတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဖိအားပေးနေသည့် ရခိုင်ကိစ္စနှင့် ကချင်ပြည်နယ် စစ်ပွဲပြဿနာများသည် တစ်ဖက်သတ်ပြောဆို ကောက်ချချက်မှုများ ဖြစ်နေသော်လည်း အစိုးရက ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် အခင်းဖြစ်ပွားရာနေရာများတွင် သတင်းရယူခွင့်များကို ထိန်းချုပ်ထားခြင်းများကြောင့် ပြန်လည်တုန့်ပြန်ရန် ခက်ခဲနေရခြင်းဖြစ်သည်ဟု ရွှေအမြုတေမဂ္ဂဇင်းနှင့် Info Digest ဂျာနယ်များ၏ အယ်ဒီတာချုပ်လည်းဖြစ်သူ ဦးမျိုးမြင့်ညိမ်းက ပြောကြားသည်။

“တကယ်လို့ အစိုးရကသာ မီဒီယာများကို သတင်းရယူပိုင်ခွင့် ပေးခဲ့မယ်ဆိုရင် ထိုကိစ္စရပ်များအတွက် နိုင်ငံတကာကို ကျွန်တော်တို့အနေနဲ့ မှားတယ်၊ မှန်တယ်ဆိုတာကို ခုခံပြောဆိုနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် အစိုးရက မီဒီယာများကို သံသယဖြင့်ကြည့်ကာ တားဆီးမှုများကလည်း မီဒီယာကို အသုံးမချတတ်ရာရောက်ကြောင်း၊ အကယ်၍ အစိုးရသာ မီဒီယာကို အသုံးချတတ်မည်ဆိုပါက ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် အများကြီး အထောက်အကူပြုကြောင်း ၎င်းကပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်သူလူထုကလည်း အစိုးရကို ဝေဖန်ရန် တွန့်ဆုတ်လာကြသည်ဟု ဦးမျိုးမြင့်ညိမ်းက ပြောကြားလိုက်သည်။

လူထုကိုယ်တိုင်က အစိုးရနဲ့ပတ်သက်လို့ ဝေဖန်မှုများ ပြုလုပ်မှုအပေါ်တွင် မိမိတို့ကိုယ်တိုင် ဆင်ဆာလုပ်လေ့ရှိကြောင်း၊ ဝေဖန်မှုများ ပြုလုပ်ရန် တွန့်ဆိုင်းလေ့ရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် အစိုးရကိုယ်တိုင်က ပြည်သူလူထု ထောက်ခံမှုအပြည့်အဝရထားသဖြင့် အစိုးရကို ဝေဖန်ပါက အစိုးရငြိုငြင်မှုရှိမည်လားနှင့် ဝေဖန်မိပါက NLD အဖွဲ့ဝင်များက ဆဲဆိုမည်လားဆိုပြီး အရင်စဉ်းစားလာကြကြောင်း ၎င်းကပြောကြားသည်။

“ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်ဘူးဆိုရင်ပဲဖြစ်ဖြစ်၊ သူပြောလိုက်တဲ့စကားကို မကြိုက်ဘူးဆိုရင်ပဲဖြစ်ဖြစ် တကယ့်အခြေအနေက လူထုထောက်ခံမှုရှိတဲ့ ပါတီတစ်ခုကို ဝေဖန်ဖို့အတွက် လူတွေက တွန့်ဆုတ်ကြတယ်”ဟု ဦးမျိုးမြင့်ညိမ်းက ပြောကြားသည်။

Info Digest ဂျာနယ်၏ အယ်ဒီတာတစ်ဦးလည်းဖြစ်ကာ ပဲန်မြန်မာ၏ အတွင်းရေးမှုးသစ်အဖြစ်လည်း ခန့်အပ်ခံရသူ ဦးဟန်ဇော်ကလည်း ပြန်ကြားရေးဝန်ကြီးဌာန ရှိနေခြင်းသည် ဒီမိုကရေစီနိုင်ငံတစ်ခု၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု မရှိကြောင်း ပြောကြားသည်။

“အစိုးရအနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ထားရှိဖို့ရန် စဉ်းစားတယ်ဆိုရင်လည်း တိုင်းရင်းသား မီဒီယာများ၊ တိုင်းရင်းသားစာပေများ၊ ပုဂ္ဂလိက မီဒီယာများနဲ့ မြန်မာစာပေတိုးတက်ဖို့အတွက် လုပ်ဆောင်ပေးသင့်ပါတယ်” ဟု ၎င်းကပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ တကယ့်အခြေအနေမှန်ကို နိုင်ငံတကာက မသိနိုင်ခြင်းသည် အစိုးရပိုင်းဆိုင်ရာရဲ့ သတင်းထုတ်ပြန်ချက်များ အားနည်းမှုကြောင်းဖြစ်ပြီး၊ လက်ရှိ ပြဿနာများတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အသေအချာကို ကွဲလွဲမှုတွေရှိနေပါတယ်” ဟု ၎င်းကပြောသည်

“ဒါကြောင့်မို့လို့ Rights to Informatin Act လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် မီဒီယာလွတ်လပ်ခွင့်အတွက် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) က အတားအဆီး ဖြစ်နေသဖြင့် ထိုပုဒ်မကို ပယ်ဖျက်ရန် လိုအပ်သည်ဟုလည်း ဦးဟန်ဇော်က ပြောကြားသည်။

“ကျွန်တော် အမြင်အရတော့ ဥပဒေပြင်ဆင်ရေးနဲ့ တရားဥပဒေစိုးမိုးမှုသည် မီဒီယာ လွတ်လပ်ခွင့်ရှိဖို့ရန် အဓိကအကြီးဆုံး အခက်အခဲ နှစ်ချက်ဖြစ်တယ်လို့ မြင်ပြီး ထိုသို့မှ မပြင်ဆင်ရင်တော့ ဒီအတိုင်းဖြစ်နေမှာပဲ” ဟု ၎င်းကပြောကြားသည်။

“ဒါ့အပြင် အစိုးရပိုင်းရဲ့ အုပ်ချုပ်ရေးပိုင်းက တစ်ချို့သော သူတွေဟာ အာဏာကို တစ်လွဲသုံးချင်ကြပြီး ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ မီဒီယာကဏ္ဍတို့မှာ ဝင်စွက်ဖက်ချင်သယောင် တွေ့ရပါတယ်” ဟု ၎င်းက ပြောကြားသည်။

ပဲန်မြန်မာ (Pen Myanmar) ကို စာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် စာရေးဆရာများက ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ Pen International ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။ ပဲန်မြန်မာက စာပေဖွံ့ဖြိုးရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် လုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်ခဲ့သည်။

သတင်း-ဆုမြတ်မွန်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.