ရန်ကုန်၊ ဇွန် ၁၆
ယခုလအစောပိုင်းက စတင်ကာ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ငါးခုတွင် ရေကြီးမှုများကြောင့် ၁၄ ဦးသေဆုံးပြီး အနည်းဆုံး ၂၆,၀၀၀ ဦး ဒုက္ခကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂက ဇွန် ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယခုတစ်ကြိမ် ရေကြီးမှု ဖြစ်ပေါ်ခဲ့သည့် ဒေသများမှာ ပြီးခဲ့သည့်နှစ် ဇူလိုင်နှင့် သြဂုတ်လများက ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ကာ ထိခိုက် ပျက်စီးမှု များစွာဖြစ်ပေါ်ခဲ့သည့် ဒေသများပင် ဖြစ်သည်ဟု ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် ရေကြီးမှုနှင့် ပတ်သက်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဂျဲနက်ဂျက်ဆင်က ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ရရှိသည့် ကနဦးသတင်းများအရ ဧရာဝတီ၊ ပဲခူးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့အပြင် ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၆,၀၀၀ ခန့် ထိခိုက်ခဲ့ရသည်ဟု ဖော်ပြထားသည်။
ထို့အပြင် သေဆုံးသူ ၁၄ ဦးရှိသည်ဟုလည်း ပြည်ထောင်စုအဆင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဌာန၊ သတင်းဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရတို့ထံမှ ရရှိသည့် သတင်းအချက်အလက်များကို ကိုးကားကာ ဖော်ပြထားသည်။
ကနဦးရရှိသည့် သတင်းအချက်အလက်များအရ ရေလွှမ်းဒေသများတွင် အိမ်အလုံးရေ ၅,၀၀၀ ကျော် ရေနစ်မြုတ်ခဲ့ကာ ၂၈၀ ကျော် ပျက်စီးခဲ့သည်ဟု ဆိုသည်။
ရေကြီးမှုများကြောင့် လမ်း၊တံတား၊ ရေတွင်းရေကန်များ အပါအဝင် အခြေခံ အဆောက်အဦးများ ပျက်စီးခဲ့ပြီး ပျက်စီးမှု အခြေအနေကို တာဝန်ရှိသူများက စိစစ်နေဆဲဖြစ်သည်ဟု ဂျဲနက်ဂျက်ဆင်က ပြောသည်။
သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ပေးကာ အစားအစာနှင့် ထောက်ပံ့ရေးပစ္စည်းများ ဝေငှပေးရေးကို ဦးစီးလုပ်ဆောင်ပေးနေသည်ကို တွေ့ရသည်ဟုလည်း ၎င်းက ပြောကြားသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်နှင့် သြဂုတ်လများက ဖြစ်ပေါ်ခဲ့သည့် ရေကြီးမြေပြိုမှုများကြောင့် လူဦးရေ ၁ ဒသမ ၆ သန်းခန့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပြီး ၁၃၂ ဦး သေဆုံးခဲ့သည်။ စီးပွားရေးအရ ထိခိုက်နစ်နာမှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံဖိုးခန့်ရှိကာ ထိုပမာဏမှာ တိုင်းပြည်ဂျီဒီပီ၏ သုံးရာခိုင်နှုန်းနှင့် ညီမ ျှသည်။
သတင်း- Frontier