ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
ယခုဘဏ္ဍာနှစ်အတွင်း တရားမဝင်သစ်များကို စံချိန်တင်ဖမ်းဆီးရမိခဲ့သည်ဟု အဆင့်မြင့်တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ အေအက်ဖ်ပီက ရေးသားထားသည်။
သစ်ထုတ်လုပ်မှုကို အစိုးရက တစ်နိုင်ငံလုံးတွင် တားမြစ်မှု မစတင်မီ ၂၀၁၆ ခုနှစ်၊ ဧပြီလက စတင်ကာ သစ်တန်ချိန် ၄၀,၀၀၀ ကို အာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်ဟု သစ်တောရေးရာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းက ပြောကြားသည်။
“အရင်စစ်အစိုးရခေတ်က စတင်ပြီး လက်ရှိအချိန်အထိ တရားမဝင် သစ်ကုန်သွယ် ရောင်းဝယ်မှုတွေ ရှိနေတာမို့ ဒီနှစ်မှာ တရားမဝင် ရောင်းဝယ်မှုပမာဏ ထိုးတက်သွားတယ်လို့တော့ ပြောလို့မရပါဘူး” ဟု ၎င်းကအေအက်ဖ်ပီကို ပြောကြားသည်။
“ဒါပေမယ့် တန်ချိန်အရဆိုရင်တော့ ယခုဘဏ္ဍာနှစ်မှာ သစ်တွေ အများဆုံးဖမ်းမိတယ်လို့တော့ ကျွန်တော်တို့ ပြောနိုင်ပါတယ်” ဟု ၎င်းကပြောသည်။
တရားမဝင်သစ်များကို တရုတ်နိုင်ငံနှင့် နယ်နိမိတ်ဆက်စပ်နေသည့် ကချင်ပြည်နယ်တွင် အများဆုံး ဖမ်းဆီးရမိခြင်းဖြစ်သည်။
လန်ဒန်အခြေစိုက် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဆိုင်ရာ Environmental Investigation Agency ၏ ခန့်မှန်းချက်အရ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံတန်ဖိုးရှိသည့် သစ်များကို နယ်စပ်ဖြတ်ကျော် တင်ပို့ခဲ့သည်ဟုဆိုသည်။
ကမ္ဘာပေါ်တွင် သစ်တောများ အလျင်အမြန် ကွယ်ပျောက်နေသည့် နိုင်ငံများတွင် မြန်မာနိုင်ငံက ဘရာဇီးနှင့် အင်ဒိုနီးရှားတို့နောက် တတိယနေရာတွင် ရှိနေသည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ပြောကြားသည်။
၁၉၉၀ မှ ၂၀၁၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံသည် ၎င်း၏ သစ်တော ၂၀ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။
၂၀၁၁ ခုနှစ်တွင် စစ်အစိုးရက အာဏာလွှဲပြောင်းပေးခဲ့ပြီးချိန်က စတင်ကာ တရားမဝင် သစ်ရောင်းဝယ်မှုများကို နှိမ်နင်းရန် အာဏာပိုင်များက ဆောင်ရွက်လာကြသည်။
အရပ်သားတစ်ပိုင်းအစိုးရက သစ်တင်ပို့မှုများကို ပိတ်ပင်ခဲ့သလို ကချင်ပြည်နယ်တွင် သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား ၁၅၅ ဦးအား ဖမ်းဆီးပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည့်အချိန်တွင် သံတမန်ရေးရာ တင်းမာမှုလည်း ပေါ်ပေါက်ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက အာဏာရရှိပြီး မကြာမီမှာပင် တစ်နိုင်ငံလုံးတွင် သစ်ခုတ်မှုများကို တစ်နှစ်ကြာပိတ်ပင်လိုက်သလို သစ်တောပြုန်းတီးမှုများကို ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေရသည့် ပဲခူးရိုးမဒေသတွင် ၁၀ နှစ်ကြာ သစ်မခုတ်ရန် တားမြစ်လိုက်သည်။
ဧပြီလတွင် စတင်မည့် ဘဏ္ဍာနှစ်တွင် ကျွန်းသစ် တန်ချိန် ၁၅,၀၀၀ နှင့် အခြားသစ်မျိုးစုံ တန်ချိန် ၃၅၀,၀၀၀ ကို ခုတ်ယူရန် အစိုးရက စီစဉ်ထားသည်ဟု သစ်တောရေးရာဝန်ကြီးဌာနမှ ဒု အထွေထွေမန်နေဂျာ ဦးအေးချိုသောင်းက ပြောကြားသည်။
၂၀၁၁ ခုနှစ်မှ ၂၁၀၄ ခုနှစ်အတွင်း ခုတ်ယူခဲ့သည့် ကျွန်းသစ်တန်ချိန် နှစ်သိန်းနှင့် အခြားသစ်တန်ချိန် ၁ ဒသမ ၂ သန်းနှင့် နှိုင်းယှဉ်ပါက ယခုပမာဏသည် အစွန်းထွက်ခန့်သာရှိသည်။
“အရင်ကတော့ သစ်တွေ၊ သစ်လုံးတွေကို ကျွန်တော်တို့ အများကြီး ထုတ်လုပ်ခဲ့တယ်။ အခုတော့ ဝန်ကြီးဌာနအနေနဲ့ သစ်တောပြုန်းတီးမှုကို ကာကွယ်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
သတင်း-အေအက်ဖ်ပီ