ယခုနှစ် နှောင်းပိုင်းတွင် ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက် ပြန်လည် မြင့်တက်လာနိုင်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဧပြီ ၁ ရက်မှာ အစိုးရသစ် ဖွဲ့စည်းတာဝန်ယူပြီးနောက် ၂၀၁၆ ခုနှစ် နှောင်းပိုင်းမှာ မြန်မာနိုင်ငံရဲ့အိမ်ခြံမြေဈေးကွက်အခြေအနေ ပြန်လည်မြင့်တက်လာနိုင်တယ်လို့ Colliers International Group က ဇန်နဝါရီ ၁၃ ရက်က ခန့်မှန်းပြောကြားခဲ့ပါတယ်။

“အစိုးရဖွဲ့ပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ လက်ရှိ အိမ်ခြံမြေဈေးကွက်နဲ့ ဈေးကွက်အတွင်း အသစ်ဝင်ရောက်လာမယ့် လုပ်ငန်းတွေ မြင့်တက်လာနိုင်ပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေးကဏ္ဍတွေလည်း ၂၀၁၆ ခုနှစ်အတွင်း ပြန်လည်ကောင်းမွန်လာနိုင်တယ်” လို့ Collier ကုမ္ပဏီရဲ့ မြန်မာနိုင်ငံရုံးခွဲကမန်နေဂျင်းဒါရိုက်တာ Tony Picon က ပြောကြားခဲ့ပါတယ။်

မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေငှားရမ်းမှုဈေးကွက်ဟာ နိုဝင်ဘာ ရွေးကောက်ပွဲအခြေအနေများကြောင့်၂၀၁၅ နှစ် နှစ်လယ်ပိုင်းမှာကျဆင်းခဲ့တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံပါတီ NLD က ၈၀ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အတိုက်အခံပါတီ NLD ထံ လက်ရှိအစိုးရက အာဏာလွှဲပြောင်းပေးပြီးနောက် ဧပြီ ၁ ရက်နေ့မှာ အစိုးရသစ် စတင် အုပ်ချုပ်မှာ ဖြစ်ပါတယ်။

ဒီမိုကရေစီလိုလားသော နိုင်ငံရေးလှုပ်ရှားသူများ အများစုပါဝင်နေတဲ့ NLD အနေနဲ့ နိုင်ငံရဲ့ စီးပွားရေးကိုကိုင်တွယ်နိုင်မယ့်အတွေ့အကြုံအပေါ်အများက မေးခွန်းထုတ်လျက်ရှိနေကြပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ၆ ဒသမ ၅ ရာခိုင်နှုန်းမျှော်မှန်းထားကြပါတယ်။

သို့သော်လည်း အစိုးရသစ်အနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေမယ့်အရာတွေ လုပ်ဆောင်မှာ မဟုတ်ကြောင်း Picon က ဆိုခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ အရမ်းကောင်းတဲ့ အစိုးရကို မမျှော်မှန်းပါဘူး။ သင့်တင့်မျှတတဲ့ အစိုးရပဲ အလိုရှိပါတယ်”လို့ Picon ကဆိုပြီး “အခုအချိန်မှာ ကျွန်တော်တို့အားလုံးက သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ် လုပ်ခွင့်ပေးတဲ့ သင့်တင့်မျှတတဲ့အစိုးရကိုပဲ မျှော်လင့်ပါတယ်”လို့ Frontier ကို သူက ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့ရဲ့ ဆောက်လုပ်ရေးကဏ္ဍဟာ ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အတွင်း အနည်းငယ် တိုးတက်ခဲ့တယ်ဆိုသော်လည်း ဈေးနှုန်းကြီးမြင့်သော ကွန်ဒိုများ၊ ပိုင်ဆိုင်မှုမသေချာသော မြေနေရာများ၊ ရွေးကောက်ပွဲ ရလဒ်အပေါ် စိုးရိမ်မှုများကြောင့် ဈေးကွက်ပြန်လည် ထိုးကျခဲ့ပါတယ်။

ရန်ကုန်မြို့ဟာ လက်ရှိအချိန်မှာ အရှေ့တောင်အာရှနိုင်ငံများအတွင်း တိုက်ခန်းနဲ့ ရုံးခန်းငှားရမ်း စရိတ်အမြင့်ဆုံး နိုင်ငံများထဲ ပါဝင်နေပါတယ်။

“ဈေးနှုန်းတွေကို ပြန်ညှိသွားပါမယ်၊ အခုတော့ မဖြစ်သေးပါဘူး”လို့ Picon က ပြောကြားခဲ့ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar