ကရင်တိုင်းရင်းသားပါတီများ ရွေးကောက်ပွဲတွင် ထင်သလောက်မနိုင်ခဲ့ခြင်းကြောင့် မဲမကွဲအောင် “ပါတီများပေါင်းစည်းသည့် မဟာဗျူဟာကအလုပ်ဖြစ်ရဲ့လား”ဟူသော မေးခွန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့တိုင် ယင်းမဟာဗျူဟာကို ကျင့်သုံးခဲ့သည့် မွန်ညီညွတ်ရေးပါတီသည် နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲတွင် နေရာအချို့အနိုင်ရရှိခဲ့သည်။
နော်ဘတ်တီဟန်၊ လဝီဝမ်နှင့် ဘန်ဒူးနန့် ရေးသားသည်။
“ကျွန်တော်တို့ မျှော်လင့်ထားသလို ဖြစ်မလာဘူးပေါ့ဗျာ။ သူတို့ နေရာအားလုံးမှာ ရှုံးပါတယ်”
ယင်းသို့ဆိုလာသူက ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ကေအင်န်ဒီပီ)ဥက္ကဋ္ဌ မန်းအောင်ပြည်စိုး ဖြစ်သည်။ ကေအင်အန်ဒီပါတီသည် ၂၀၁၈တွင် ကရင်နိုင်ငံရေးပါတီများ စုပေါင်း၍ ကရင်လူထုထံမှ မဲများတစ်စည်းတစ်လုံးတည်း ရယူနိုင်အောင် တည်ထောင်ခဲ့သည့် နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။
သို့သော် ယင်းနည်းဗျူဟာက နိုဝင်ဘာ၈ရက်တွင် ကျင်းပသည့် ရွေးကောက်ပွဲ၌ အလုပ်မဖြစ်ခဲ့ကြောင်း မန်းအောင်ပြည်စိုးက ဝန်ခံသည်။
“ရွေးကောက်ပွဲမှာ ၁၀၀ရာခိုင်နှုန်းအနိုင်မရရင်တောင် နေရာတစ်ချို့တော့ နိုင်လိမ့်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ကျွန်တော်တို့ မဲဆန္ဒနယ်တိုင်းမှာ ရှုံးပါတယ်”ဟု ၎င်းက ပြောသည်။ မန်းအောင်ပြည်စိုးကိုယ်တိုင် ကရင်ပြည်နယ်လွှတ်တော်မဲဆန္ဒယ် (လှိုင်းဘွဲ့-၂)တွင် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။
“ကျွန်တော်တို့ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပါဘူး။ ကျွန်တော်တို့ရဲ့ အားနည်းချက်လို့ပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့ စည်းလုံးဖို့လိုတယ်။ နောက်ပြီး ကျွန်တော်တို့အတွက် ရွေးကောက်ပွဲပြင်ဆင်ချိန်က နည်းလွန်းတယ်”ဟု ၎င်းက ပြောသည်။ ကေအင်န်အ်ဒီပီသည် စတင်တည်ထောင်ခဲ့သည်မှာ သုံးနှစ်သာရှိသေးသည်ကို ရည်ညွှန်း၍ ပြောဆိုခြင်းဖြစ်သည်။
“ပါတီကြီးတွေနဲ့ယှဉ်ရင် ကျွန်တော်တို့ဆီမှာ လိုအပ်ချက်တွေ အများကြီးတော့ ရှိသေးတာပေါ့”ဟု ၎င်းကပြောသည်။
၎င်းပြောသည့် “ပါတီကြီး”ဆိုသည်မှာ အင်န်အယ်လ်ဒီပါတီဖြစ်သည်။ နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီသည် ကရင်ပြည်နယ်အတွင်း ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်လွှတ်တော်တို့အတွက် ၃၆နေရာရှိသည့်အနက် နေရာ၃၀တွင် အနိုင်ရရှိခဲ့သည်။ ယင်းသို့အနိုင်ရရှိသည့် နေရာများတွင် ပြည်နယ်အစိုးရအဖွဲ့အတွက် ဗမာနှင့် ပအိုးဝ်တိုင်းရင်းသားရေးရာဝန်ကြီး နေရာများလည်းပါဝင်သည်။ ယင်းပမာဏမှာ လွန်ခဲ့သည့် ၂၀၁၅ကနှင့်စာလျှင် တစ်နေရာတိုးလာခဲ့ခြင်းဖြစ်သည်။
ကေအင်န်ဒီပီသည် ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသားများပါတီနှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီတို့ ပေါင်းစည်းတည်ထောင်ခဲ့သည့် နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ယင်းသို့ပေါင်းစည်းခြင်းမှာ ၂၀၁၅က ကရင်ပါတီများ ကြုံတွေ့ခဲ့ရသော ရွေးကောက်ပွဲရှုံးနိမ့်မှုကို တစ်ကျော့မပြန်စေရန်ဖြစ်သည်။ ၂၀၁၅တွင် ကရင်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(သံတောင်ကြီး-၂)တွင် အနိုင်ရရှိခဲ့သည့် ကရင်ပြည်သူ့ပါတီကလွဲ၍ ကျန်ကရင်ခြောက်ပါတီလုံးသည် ယှဉ်ပြိုင်ရာ ပြည်ထောင်စု၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အားလုံးတွင် ရှုံးနိမ့်ခဲ့သည်။
ပါတီများကိုပေါင်းစည်းလိုက်သည်ဟုဆိုသော်လည်း ပါတီများအမှန်တကယ် စုစည်းညီညွတ်၍ စည်းလုံးသွားသည်တော့ မဟုတ်ပေ။ ကရင်ပြည်သူ့ပါတီနှင့် ကရင်အမျိုးသားပါတီတို့သည် ကေအင်န်ဒီပီကို တည်ထောင်ပြီးသည့်တိုင် သီးခြားနိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ကြသည်။ ၂၀၁၉တွင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီဝင်အချို့သည် မဟာမိတ်ဖွဲ့ထားသော ကေအင်န်ဒီပီက နုတ်ထွက်၍ ၎င်းတို့၏ မူလပါတီကို မူလအမည်ဖြင့်ပင် ပြန်လည်အသက်သွင်း တည်ထောင်ခဲ့သည်။
ထိုကရင်ပါတီအားလုံးသည် နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲအတွက် “အချင်းချင်းမယှဉ်ပြိုင်ရ”ဟူသည့် မူဝါဒကိုလက်ကိုင်၍ ကိုယ်စားလှယ်လောင်းများကို အမည်စာရင်း တင်သွင်းခဲ့ကြသည်။ ယင်းသို့ညှိနှိုင်းထားမှုကြောင့် ကေအင်န်ဒီပီက ပြည်နယ်လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့အတွက် နေရာအချို့ကလွဲ၍ ကျန်နေရာအားလုံးတွင် ယှဉ်ပြိုင်ခဲ့သည်။ ကေအင်န်ဒီပီမပြိုင်ခဲ့သည့် နေရာအချို့မှာ ကရင်ပြည်သူ့ပါတီဝင်ပြိုင်သည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်နှစ်ခု၊ သံတောင်ကြီးမြို့နယ်ရှိ ပြည်ထောင်စုလွှတ်တော် မဲဆန္ဒနယ်နှစ်ခုတို့ဖြစ်သည်။
ထို့ပြင် ကေအင်န်ဒီပီသည် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(ကော့ကရိတ်-၂)၊ မွန်နှင့် ပအိုးဝ်တိုင်းရင်းသားရေးရာဝန်ကြီး နှစ်နေရာတို့တွင်လည်း မယှဉ်ပြိုင်ခဲ့ပေ။ ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီနှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီတို့သည် ကရင်တိုင်းရင်းသားများ ပျံ့နှံ့နေထိုင်ရာ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိ မဲဆန္ဒနယ်များတွင်လည်း ယှဉ်ပြိုင်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ နိုင်သူအကုန်ယူရွေးကောက်ပွဲစနစ်နှင့် ကရင်တိုင်းရင်းသားများ ပြည်နယ်ပြင်ပတွင် ပြန့်ကျဲနေထိုင်မှုကြောင့် ကရင်နိုင်ငံရေးပါတီများသာ အနိုင်ရလိမ့်မည်ဟု မှန်းဆချက်များရှိခဲ့သည်။ သို့သော် ကရင်ပါတီများအနက် ကရင်ပြည်သူ့ပါတီကသာ ယခင်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (သံတောင်ကြီး-၁)တစ်နေရာ၌သာ အနိုင်ရရှိခဲ့သည်။
ရုပ်ပုံကားချပ်များကို Thibi အဖွဲ့က ရေးဆွဲသည်။
နိုဝင်ဘာ၈ရက်ရွေးကောက်ပွဲတွင် ကေအင်န်ဒီပီကိုယ်စားလှယ်လောင်းများ ရရှိခဲ့သည့် မဲရလဒ်အရ ၎င်းတို့သည် နောင်ရွေးကောက်ပွဲများတွင် အလားအလာကောင်းရှိနိုင်သည်ဟု ဆိုရမည်ဖြစ်သည်။ အင်န်အယ်လ်ဒီကိုယ်စားလှယ်လောင်းများပြီးလျှင် ကေအင်န်ဒီပီ ပါတီဝင်များရရှိသည့် မဲပမာဏသည် ဒုတိယအများဆုံးဖြစ်ပြီး ၎င်းတို့အကြား မဲကွာဟချက်မှာ အနည်းဆုံး၁၅ရာခိုင်နှုန်းမှ အများဆုံး၄၅ရာခိုင်နှုန်းအထိ ရှိခဲ့သည်။
ကေအင်န်ဒီပီအမတ်လောင်း မန်းအောင်ပြည်စိုးက ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (လှိုင်းဘွဲ့-၂)တွင် အင်န်အယ်လ်ဒီအမတ်လောင်း ဦးစောချစ်ခင်ကို မဲ ၂ဒသမ၅ ရာခိုင်နှုန်းဖြင့်သာ ရှုံးနိမ့်ခဲ့ပြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (ကရင်-၉)တွင် ကေအင်န်ဒီပီပါတီဝင် စောမြင့်ဟန်က အင်န်အယ်လ်ဒီပါတီဝင် နန်းမိုးမိုးထွေးကို မဲကွာဟချက် သုညဒသမ၀၁ ရာခိုင်နှုန်းဖြင့်သာ ရှုံးနိမ့်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကမူ ဖာပွန်မြို့နယ်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(ကရင်-၅)နှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် နှစ်နေရာတို့တွင် အနိုင်ရရှိခဲ့သည်။ ဖာပွန်မြို့နယ်သည် ၂၀၁၅တွင်သာမက ယခုနှစ်တွင်ပါ ပြည်ခိုင်ဖြိုးပါတီ၏ အမာခံနယ်မြေအဖြစ် ဆက်လက်တည်ရှိနေသည်။
ဖာပွန်တွင် ၂၀၁၅နှင့် ယခုနှစ် ရွေးကောက်ပွဲနှစ်ခုလုံးတွင် ကျေးလက်မဲဆန္ဒနယ် အများအပြား၌ နယ်မြေလုံခြုံရေးမတည်ငြိမ်သဖြင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပေ။ ရွေးကောက်ပွဲကျင်းပသည့် မြို့ပေါ်လူနေရပ်ကွက်များမှာလည်း တပ်မတော်တပ်ရင်းများ အလုံးအရင်းရှိသည်ဖြစ်ရာ တပ်မတော်နှင့် မဟာမိတ်သဖွယ်ဆက်ဆံရေးရှိသည့် ပြည်ခိုင်ဖြိုးကသာ အနိုင်ရရှိခဲ့သည်မှာ အံ့ဩစရာမရှိသည့် ရွေးကောက်ပွဲရလဒ်ဖြစ်သည်။
ကရင်ပြည်နယ်တွင် နေရာတစ်ခုအနိုင်ရရှိသော အခြားပါတီတစ်ခုမှာ မွန်ညီညွတ်ရေးပါတီ ဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွင် အနိုင်ရရှိခဲ့သည်။
သို့ဖြစ်ရာ လာမည့်သက်တမ်း၌ ကရင်ပြည်နယ်လွှတ်တော်တွင် အင်န်အယ်လ်ဒီပါတီကသာ ရွေးကောက်ခံအမတ် ၁၇နေရာအနက် ၁၃နေရာဖြင့် အဓိကကြီးစိုးမည်ဖြစ်သည်။ ကရင်ပြည်နယ်လွှတ်တော်တွင် အခြေခံဥပဒေအရ ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံဖြစ်သော တပ်မတော်သားကိုယ်စားလှယ် ခြောက်ဦးပါဝင်မည်ဖြစ်သည်။
ယင်းအခင်းအကျင်းအရဆိုလျှင် ကရင်ပြည်နယ်လွှတ်တော်သည် အာဏာရပါတီ လွှမ်းမိုးသည့် လွှတ်တော်ဖြစ်နေဦးမည်ဖြစ်သည်။ ခြုံငုံ၍ဆိုရမည်ဆိုလျှင် အင်န်အယ်လ်ဒီပါတီသည် တိုင်းရင်းသားမဲဆန္ဒနယ်မြေများ၊ ပြည်နယ်များတွင် အများမျှော်မှန်းထားသည်ထက်ပို၍ အနိုင်ရရှိခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆိုလျှင် အင်န်အယ်လ်ဒီပါတီသည် မဲဆန္ဒနယ်စုစုပေါင်း၏ ၈၀ရာခိုင်နှုန်းတွင် အနိုင်ရရှိခဲ့သည်။ ယင်းသို့အနိုင်ရရှိခဲ့ခြင်းက နိုင်ငံရေးလေ့လာသုံးသပ်သူ အများအပြားကို အံ့အားသင့်စေခဲ့သည်။
ရွေးကောက်ပွဲတွင် မဲမကွဲအောင် တိုင်းရင်းသားပါတီများ ပေါင်းစည်း၍ ပါတီတစ်ခုတည်းအဖြစ် ရပ်တည်ခြင်းနှင့် တိုင်းရင်းသားတို့၏ အရေးကိစ္စရပ်များကို ဗမာအများစုပါဝင်သည့် အာဏာရအင်န်အယ်လ်ဒီပါတီက အလေးမထားဟူသည့် အများပြည်သူအကြား ရေပန်းစားသည့်ယူဆချက်တို့ကြောင့် တိုင်းရင်းသားပါတီများသည် ယခုနှစ်ရွေးကောက်ပွဲတွင် ယခင်ကထက် ပိုမိုအနိုင်ရလိမ့်မည်ဟု လေ့လာသုံးသပ်သူများက ထင်မြင်ယူဆခဲ့ကြသည်။ သို့သော် ယင်းယူဆချက်များနှင့် ဆန့်ကျင်လျက် အင်န်အယ်လ်ဒီပါတီသည် နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲတွင် ချင်း၊ ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်များတွင် ၂၀၁၅ရွေးကောက်ပွဲကထက် ပို၍များသောမဲဆန္ဒနယ်များတွင် အနိုင်ရရှိခဲ့သည်။
သို့သော် ကရင်သည် ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီးများအနက် ရွေးကောက်ပွဲတွင် မဲပေးသူဦးရေအနည်းဆုံးသာရှိသည့် ပြည်နယ်ဖြစ်ခဲ့သည်။ တစ်နိုင်ငံလုံးတွင် ပျမ်းမျှအားဖြင့် ဆန္ဒမဲပေးသူဦးရေ ၇၁ရာခိုင်နှုန်းရှိခဲ့သော်လည်း ကရင်ပြည်နယ်တွင် ၅၃ဒသမ၅ရာခိုင်နှုန်းသာရှိခဲ့ပြီး မဲပေးသူဦးရေနည်းပါးရသည့် အကြောင်းအရင်းကိုမူ အတိအကျမသိရှိရပေ။ ယင်းပမာဏသည် မဲပေးသူ၄၆ရာခိုင်နှုန်းသာရှိသည့် ၂၀၁၅ကထက်စာလျှင် တိုးတက်လာသည်ဟု ဆိုရမည်ဖြစ်သည်။ (၂၀၁၅တွင်လည်း ကရင်သည် မဲပေးသူဦးရေအနည်းဆုံး ပြည်နယ်ဖြစ်ခဲ့သည်။
ရုပ်ပုံကားချပ်များကို Thibi အဖွဲ့က ရေးဆွဲသည်။
မေးခွန်းများကိုအဖြေရှာခြင်း
ကရင်ပါတီများ၏ ဆိုးဝါးသည့် ရွေးကောက်ပွဲရလဒ်အပေါ် အံ့ဩမိကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖားပြကျေးရွာရှိ မဲရုံတစ်ခုတွင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီခဲ့သူ စောဖိုးခွားကဆိုသည်။
“ရွေးကောက်ပွဲမတိုင်ခင်က ကရင်ပါတီတွေ တောင်ပြိုကမ်းပြိုနိုင်လိမ့်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ မဲတွေစရေတဲ့အချိန်မှာ သူတို့က အင်န်အယ်လ်ဒီကို မီဖို့တောင်မလွယ်ဘူးဆိုတာ သိလိုက်ရတယ်”ဟု ၎င်းကပြောသည်။
ဖားပြကျေးရွာသည် နိုဝင်ဘာ၈ရက်တွင် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကျင်းပသည့် ကရင်ပြည်နယ်အတွင်း ကျေးရွာအုပ်စု ၄၁ခုအနက်က တစ်ခုဖြစ်သည်။ ၂၀၁၅တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကရင်ပြည်နယ်၏ ကျေးရွာအုပ်စု ၁၃၅ခုအနက် ၉၄ခုတွင် နယ်မြေလုံခြုံရေးမတည်ငြိမ်ဟုဆိုကာ ရွေးကောက်ပွဲမကျင်းပခဲ့ပေ။
ထိုစဉ်က မဲဆန္ဒနယ်တစ်ခုလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေမရှိခဲ့ဘဲ ရှိသမျှမဲဆန္ဒနယ်အားလုံးတွင် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်နိုင်ခဲ့သည်။ ယခုနှစ်တွင်မူ ကျေးရွာအုပ်စု ၅၃ခုတွင်သာ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပေ။ ယခုနှစ်တွင် ရွေးကောက်ပွဲပထမဆုံးအကြိမ် ကျင်းပခဲ့သည့်နေရာများသည် ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ)၏ တပ်မဟာ(၆) ထိန်းချုပ်ရာနယ်မြေအတွင်းက ကျေးရွာများဖြစ်သည်။
ရွေးကောက်ပွဲနေ့တွင် မဲရုံနှင့်ဝေးသည့် ဒေသများက မဲဆန္ဒရှင်များအတွက် အသွားအပြန်၊ အကြိုအပို့ကို ကေအင်န်ယူအဖွဲ့က တာဝန်ယူပေးခဲ့သည်။ ကရင်နိုင်ငံရေးပါတီများကိုသာ တစ်ခဲနက်ထောက်ခံမဲပေးရန် ကေအင်န်ယူ၏တိုက်တွန်းချက်၊ ထောက်ခံသူဒေသခံများ၏ ရွေးကောက်ပွဲနေ့ မဲပေးအပြီးပြောဆိုချက်များကြောင့် ကေအင်န်ဒီပီအနိုင်ရလိမ့်မည်ဟု စောဖိုးခွားတို့ကဲ့သို့ လူငယ်များအကြား မျှော်လင့်ချက်များမြင့်တက်ခဲ့သည်။ သို့သော် ထွက်ပေါ်လာသည့် မဲရလဒ်များအရ ယင်းမျှော်လင့်ချက်များမှာ လက်တွေ့ဖြစ်မလာခဲ့သော ဆန္ဒများသာဖြစ်သည်။
အင်န်အယ်လ်ဒီပါတီက အာဏာရအစိုးရဖြစ်သည့်အလျောက် မကြာသေးမီက ပြည်နယ်အတွင်း အခြေခံအဆောက်အုံစီမံကိန်းများ ဖော်ဆောင်ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲတွင် ပြတ်သားစွာအနိုင်ရခဲ့သည်ဟု ယုံကြည်ကြောင်း စောဖိုးခွားကဆိုသည်။
“ဝေးလံခေါင်ဖျားတဲ့ရွာတွေက ကရင်မဲဆန္ဒရှင်တွေက စာကောင်းကောင်းမဖတ်တတ်သလို၊ ရေးလည်း မရေးတတ်ဘူး။ ဒါကြောင့်သူတို့က ဒီစီမံကိန်းတွေအတွက် အင်န်အယ်လ်ဒီကို ကျေးဇူးတင်ကြတယ်။ ဒါကြောင့်ပဲ အင်န်အယ်လ်ဒီက နေရာအများကြီးမှာအနိုင်ရတယ်လို့ ထင်ပါတယ်”ဟု ၎င်းကပြောသည်။
အင်န်အယ်လ်ဒီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရင်းနှီးသောဆက်ဆံရေး ရှိသောကြောင့် ကရင်ပြည်နယ်တွင် နေရာအများစုအနိုင်ရခဲ့ခြင်းဖြစ်သည်ဟု ကေအင်န်ဒီပီဥက္ကဋ္ဌမန်းအောင်ပြည်စိုးက စွပ်စွဲသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အနိုင်ရအာဏာရပါတီဝင် နိုင်ငံတော်သမ္မသည် လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁၅ဦးလုံးကို ခန့်အပ်သည်။ ကော်မရှင်က ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု စသဖြင့် အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲများကို ပြန်လည်ခန့်အပ်တာဝန်ပေးသည်။ သို့ဖြစ်ရာ ပြည်ထောင်စုအဆင့်ကော်မရှင်အဖွဲ့ဝင်အားလုံးကို နိုင်ငံတော်သမ္မတက စိတ်ကြိုက်ရွေးချယ်ခွင့်ရှိနေခြင်းသည် ကော်မရှင်၏လွတ်လပ်၍ အမှီအခိုကင်းမှုအပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်။
ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် အင်န်အယ်လ်ဒီပါတီကို ထောက်ခံသူများဖြစ်သည်ဟု မန်းအောင်ပြည်စိုးက ဆိုသည်။ သက်ကြီးရွယ်အိုများအတွက် ကြိုတင်မဲကောက်ယူစဉ်က ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို သိရှိနားလည်မှုမရှိသော သက်ကြီးရွယ်အိုများအား အင်န်အယ်လ်ဒီပါတီကို မဲပေးရန် လက်သိပ်ထိုးပြောဆိုတိုက်တွန်းခဲ့ကြောင်း မန်းအောင်ပြည်စိုးက စွပ်စွဲသည်။ အကျိုးဆက်အဖြစ် ရွေးကောက်ပွဲနေ့ မဲရေတွက်ရာတွင် သက်ကြီးရွယ်အိုများ၏ ဆန္ဒမဲများကို အခြားပါတီများထက်စာလျှင် အင်န်အယ်လ်ဒီက တစ်ဖက်စောင်းနင်းဖြစ်သည်အထိ အလွန်အကျွံရရှိခဲ့ကြောင်း ၎င်းကဆိုသည်။
ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရမည်စိုးသဖြင့် အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမတိုင်မီ ရက်သတ္တပတ်အနည်းငယ်ခန့်အလိုတွင် အသက်၆၀နှင့်အထက် သက်ကြီးရွယ်အိုများကို ကြိုတင်မဲပေးစေခဲ့ပြီး အိမ်တိုင်ရာအရောက်လည်း မဲလက်မှတ်များကို ကောက်ခံခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာအုပ်စုငါးခုနှင့် လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာအုပ်စုသုံးခုတို့တွင် မဲစာရင်းပေါက် မဲဆန္ဒရှင်ဦးရေထက် ရွေးကောက်ပွဲနေ့တွင် ရေတွက်ရရှိသည့် မဲလက်မှတ်က ပိုမိုများပြားနေသဖြင့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများသို့ ကန့်ကွက်လွှာတင်သွင်းထားကြောင်း မန်းအောင်ပြည်စိုးက ဆိုသည်။ သို့သော် ကြိုတင်မဲနှင့်ပတ်သက်သည့် စွပ်စွဲချက်များအတွက် အသေးစိတ်အချက်အလက်များကို ၎င်းက ပြောကြားခဲ့ခြင်းမရှိပေ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းရန်ရှိ၊ မရှိကိုလည်း ၎င်းကမပြောခဲ့ပေ။ ကန့်ကွက်လွှာများတင်သွင်းပါက ကော်မရှင်က ယင်းအမှုများကို ကြားနာစစ်ဆေးရန် ခုံရုံးများဖွဲ့စည်းပေးရမည်ဖြစ်သည်။ ယင်းခုံရုံးများက ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲပစ်နိုင်သည်အထိ အခွင့်အာဏာရှိသည်။
ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရင်းနှီးမှုကြောင့် အင်န်အယ်လ်ဒီပါတီသည် ရွေးကောက်ပွဲမဲဆွယ်ကာလ မည်သည့်အချိန်တွင် ကျရောက်မည်ကို တစ်ဦးတည်းကြိုတင်သိရှိခဲ့ပြီး မဲဆွယ်စည်းရုံးလှုပ်ရှားမှုများကို အများထက် ကြိုတင်လက်ဦးမှုရယူ၍ စနစ်တကျစီစဉ်နိုင်ခဲ့ကြောင်းလည်း မန်းအောင်ပြည်စိုးက ဆိုသည်။
အမှန်တွင်မူ ဩဂုတ်လနှောင်းပိုင်းတွင် စတင်ခဲ့သည့် ကိုဗစ်-၁၉ဒုတိယလှိုင်းကြောင့် ရွေးကောက်ပွဲများ ကြိုတင်စီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်ခြင်းရှိ၊ မရှိ၊ ရက်ပေါင်း၆၀ကြာသည့် မဲဆွယ်စည်းရုံးရေးကာလစတင်မည့်အချိန်၊ ကိုဗစ်-၁၉ကာလအတွင်း မဲဆွယ်ရမည့်ပုံစံ စသည်တို့နှင့်ပတ်သက်၍ ထိုကာလများ၌ ပါတီနိုင်ငံရေးအသိုင်းအဝိုင်းတွင် စိုးရိမ်သောကများနှင့် မသေချာ၊ မရေရာမှုများ ပြည့်နှက်နေခဲ့သည်။
ယင်းအခြေအနေများရှိနေစဉ် စက်တင်ဘာ၈ရက်တွင် တရားဝင်မဲဆွယ်စည်းရုံးခွင့် စတင်မည်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကော်မရှင်ထက် ကြိုတင်၍ မိန့်ခွန်းတစ်ခုတွင် ဦးစွာ ထည့်သွင်းပြောကြားခဲ့သည်။ ယင်းသို့ကြိုတင်ကြေညာခဲ့ခြင်းက ကော်မရှင်နှင့် အာဏာရပါတီအကြားက ဆက်ဆံရေးနှင့် ကော်မရှင်၏ လွတ်လပ်၍အမှီအခိုကင်းမှုအပေါ် အများမေးခွန်းထုတ်စရာဖြစ်ခဲ့သည်။ ယင်းသို့ကြေညာပြီးနောက်ပိုင်း ကိုဗစ်-၁၉ကို ကာကွယ်သည့်အနေဖြင့် တစ်ဦးနှင့်တစ်ဦးအကြား အကွာအဝေးထားရှိ၍ လူ၅၀ထက်မပိုဘဲ မဲဆွယ်စည်းရုံးမှုများကို အစိုးရကခွင့်ပြုခဲ့သည်။
ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်သည့် ဆင်ရဲနွမ်းပါးသော မိသားစုများကို ထောက်ပံ့သည့် အစိုးရအကူအညီအစီအစဉ်များကို အသုံးချ၍ အင်န်အယ်လ်ဒီက ရွေးကောက်ပွဲတွင် ထောက်ခံမဲများရရှိရန် ကြံဆောင်ခဲ့သည်ဟုလည်း မန်းအောင်ပြည်စိုးက စွပ်စွဲသည်။
ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါ၏ လူမှုစီးပွားဒဏ်ကိုကုစားရန် အစိုးရသည် ဧပြီမှစတင်၍ ဝင်ငွေနိမ့်အိမ်ထောင်စုများအား စားသောက်ကုန်များနှင့် ငွေသားများ ထောက်ပံ့ခဲ့သည်။ အာဏာရပါတီအမတ်များနှင့် ပါတီဝင်များ ယင်းထောက်ပံ့ရေးအစီအစဉ်များတွင် မကြာခဏလူလုံးပြ၍ အမှတ်ဝင်ယူခဲ့ခြင်းက ကျန်နိုင်ငံရေးပါတီများကို ဒေါသထွက် စေခဲ့သည်။ ယင်းသို့ ပါဝင်ခြင်းအားဖြင့် များမကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲတွင် လူထုထောက်ခံမှု၊ မဲပိုမိုရရှိအောင် မရိုးမသားပြုကျင့်ခြင်းဖြစ်သည်ဟု ကျန်ပါတီများက ယူဆသည်။
ဆင်းရဲနွမ်းပါးသည့်ပြည်သူများကို ယင်းသို့ကူညီခြင်း၏ ရည်ရွယ်ချက်က ကောင်းမွန်သည့်တိုင် အစိုးရ၏ ထောက်ပံ့ရေးအစီအစဉ်တွင် အင်န်အယ်လ်ဒီပါတီဝင်များ မကြာခဏပါဝင်နေခြင်းက မဲဆန္ဒရှင်များကို ကူညီရန်မစွမ်းသာသည့် ၎င်းတို့ကဲ့သို့ ကျန်နိုင်ငံရေးပါတီများအတွက် ကြီးမားသောအားနည်းချက်သဖွယ် ဖြစ်ခဲ့သည်ဟု မန်းအောင်ပြည်စိုးက ဆိုသည်။
ရွေးကောက်ပွဲအကြိုကာလတွင် အင်န်အယ်လ်ဒီပါတီအပေါ် ယင်းသို့ အပြစ်ပြောစရာများ ရှိခဲ့သည့်တိုင် ကေအင်န်ဒီပီ၏ ရွေးကောက်ပွဲရလဒ်များအပေါ် ၎င်းအနေဖြင့် အံ့အားသင့်မိကြောင်း မန်းအောင်ပြည်စိုးက ဆိုသည်။ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအနက် ဩဇာအကြီးဆုံးအဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံးက အောက်တိုဘာတွင်ထုတ်ပြန်သော ကြေညာချက်တစ်ခု၌ ကရင်တိုင်းရင်းသားများအနေဖြင့် ကရင်ပါတီများကို တစ်ခဲနက်မဲပေး၍ထောက်ခံကြရန် နှိုးဆော်ခဲ့သည့်တိုင် ကေအင်န်ဒီပီ၏ အကြီးအကျယ်ရှုံးနိမ့်မှုအပေါ် ၎င်းကိုယ်တိုင်လည်း အံ့ဩမိကြောင်း မန်းအောင်ပြည်စိုးက ပြောသည်။
“ကရင်တွေက မျိုးချစ်စိတ်ပျောက်နေတာလား၊ ဒါမှမဟုတ် အင်န်အယ်လ်ဒီကိုပဲ ပိုယုံတာလားဆိုတာ ကျွန်တော်လည်းမပြောတတ်တော့ဘူး”ဟု ၎င်းကပြောသည်။
ကရင်ပါတီများရွေးကောက်ပွဲတွင် မရှုမလှအရေးနိမ့်ခြင်းမှာ ကရင်တစ်မျိုးသားလုံး ညီညွတ်ရေးမတည်ဆောက်နိုင်၍ဖြစ်သည်ဟု မန်းအောင်ပြည်စိုးက ယုံကြည်နေသည်။
“ကျွန်တော်တို့ အင်အားနည်းတဲ့ပါတီတွေကို စုစည်းပြီးတော့ အင်အားတောင့်တင်းတဲ့ ပါတီတစ်ခုဖြစ်အောင် ကြိုးစားလုပ်ဆောင်ဖို့လိုတယ်။ ကျွန်တော်တို့ လက်ရှိအချိန်မှာတော့ ကရင်တစ်ပါတီတည်းဖြစ်အောင် ညှိနှိုင်းတုန်းပဲရှိသေးတယ်”ဟု မန်းအောင်ပြည်စိုးက ပြောသည်။
ကရင်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (သံတောင်ကြီး-၁)တွင် အနိုင်ရခဲ့သည့် ကရင်ပြည်သူ့ပါတီဝင် စောခရစ္စတိုဖာကမူ မဲဆန္ဒရှင်များသည် မဲပေးရာတွင် တိုင်းရင်းသားဖြစ်တည်မှုအပေါ် မူတည်၍ မဆုံးဖြတ်ကြကြောင်း ဆိုသည်။ မဲဆန္ဒရှင်များသည် ၎င်းတို့ကရင်တိုင်းရင်းသားများကို ကိုယ်စားပြုသည့်ပါတီဟုတ်၊ မဟုတ်ဆိုသည်ထက် ၎င်းတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော နိုင်ငံရေးပါတီကိုသာ မဲပေးကြကြောင်း ၎င်းကဆိုသည်။
“လူတော်တော်များများက သူတို့လက်ခံရရှိတဲ့ အထောက်အပံ့တွေအပေါ်မှာ ပိုပြီးစိတ်ဝင်စားကြတယ်။ ကရင်ပါတီဖြစ်ခြင်း၊ အင်န်အယ်လ်ဒီဖြစ်ခြင်းထက်စာရင်ပေါ့”ဟု စောခရစ္စတိုဖာက ပြောသည်။
၎င်းပြောသည့်အချက်ကို မန်းအောင်ပြည်စိုးကလည်း တစ်စိတ်တစ်ပိုင်းထောက်ခံသည်။ ကရင်အမျိုးသားရေးအကြောင်းကိုသာ ပြောဆိုသဖြင့် ကေအင်န်ဒီပီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေခဲ့ကြောင်း မန်းအောင်ပြည်စိုးက ဆိုသည်။ တိုင်းရင်းသားလူနည်းစုတစ်စု၏အကျိုးစီးပွားကိုသာ ဖော်ဆောင်ရန် ကိုယ်စားပြုသဖြင့် မဲဆန္ဒရှင်အချို့က ကေအင်န်ဒီပီသည် အစိုးရဖွဲ့နိုင်သည်အထိ ရွေးကောက်ပွဲတွင် အနိုင်မရနိုင်ဟု ထင်မြင်ယူဆခဲ့ကြကြောင်းလည်း ၎င်းကဆိုသည်။
အခြေအနေကောင်းခဲ့တဲ့ မွန်ညီညွတ်ရေးပါတီ
သို့ရာတွင် မွန်ပြည်နယ်အတွင်း၌မူ ရွေးကောက်ပွဲရလဒ်များက ကရင်ပြည်နယ်နှင့် လုံးဝခြားနားသည်။ မွန်ညီညွတ်ရေးပါတီက ပြည်နယ်အတွင်း လွှတ်တော်အရပ်ရပ်အတွက် မဲဆန္ဒနယ်၄၅ခုရှိသည့်အနက် ၁၁နေရာတွင် အနိုင်ရရှိခဲ့သည်။ ၎င်းတို့တွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်ခြောက်နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်သုံးနေရာနှင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှစ်နေရာတို့ ပါဝင်သည်။ ထို့ပြင် မွန်ညီညွတ်ရေးပါတီသည် ကရင်ပြည်နယ်တွင် မွန်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကိုပါ အနိုင်ရရှိခဲ့သည်။
ယင်းအရေအတွက်သည် မွန်တိုင်းရင်းသားပါတီများ ၂၀၁၅က အနိုင်ရရှိခဲ့သော မဲဆန္ဒနယ်လေးနေရာနှင့်ယှဉ်လျှင် သုံးဆခန့်မြင့်တက်လာခြင်းဖြစ်သည်။ မွန်ပြည်နယ်အတွင်းရှိ ကျန်လွှတ်တော်မဲဆန္ဒနယ်အားလုံးကိုမူ အင်န်အယ်လ်ဒီပါတီက အနိုင်ရရှိခဲ့သည်။ တပ်မတော်သားများအပါအဝင် ၂၃နေရာရှိသော မွန်ပြည်နယ်လွှတ်တော်တွင် အင်န်အယ်လ်ဒီက ၂၀၁၅တွင် ၁၉နေရာအနိုင်ရခဲ့သော်လည်း ယခုနှစ်တွင် ၁၇နေရာသာ အနိုင်ရရှိခဲ့သည်။
မွန်ညီညွတ်ရေးပါတီ ယင်းသို့အနိုင်ရခဲ့ခြင်းမှာ မွန်တိုင်းရင်းသားများ၏ တစ်ခဲနက် ထောက်ခံမှု၊ မွန်အသိုင်းအဝိုင်းအတွင်း ရွေးကောက်ပွဲအတွက် စနစ်တကျပြင်ဆင်မှုနှင့် မဲဆွယ်စည်းရုံးရာတွင် ရှင်းလင်းတိကျပြတ်သားသည့် မဲဆွယ်သတင်းစကားများကြောင့် ဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။
ရုပ်ပုံကားချပ်များကို Thibi အဖွဲ့က ရေးဆွဲသည်။
အနိုင်ရမဲဆန္ဒနယ်အရေအတွက်အရ မွန်ညီညွတ်ရေးပါတီသည် တိုင်းရင်းသားပါတီများအနက် အအောင်မြင်ဆုံးပါတီဖြစ်သော်လည်း မဲရလဒ်များကိုမူ မွန်လူမျိုးအတော်များများက စိတ်ပျက်ဖွယ်ခဲ့ကြသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ ရွေးကောက်ပွဲအကြိုကာလတွင် မွန်ညီညွတ်ရေးပါတီအပေါ်ထားရှိသော ၎င်းတို့၏ ကြီးမားသည့်မျှော်လင့်ချက်ကြောင့်ပင်ဖြစ်သည်။
မုဒုံမြို့နယ်၊ ကောဖဲထောကျေးရွာက အသက်၅၆နှစ်ရှိပြီဖြစ်သော ရာဘာခြံစိုက်တောင်သူ ဦးနိုင်သီသည် နေရာအများစုတွင် မွန်ညီညွတ်ရေးပါတီအနိုင်ရလိမ့်မည်ဟု ကြီးစွာမျှော်လင့်ခဲ့သူများအနက် တစ်ဦးဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းသည် ရွေးကောက်ပွဲနေ့တွင် ရာဘာခြံရှိလုပ်ငန်းခွင်ကိုပစ်ထားပြီး ကိုယ်တိုင်မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးခဲ့သည်။
“ကျွန်တော်တို့မဲပေးမှဖြစ်မယ်။ ဒါမှလွှတ်တော်ထဲမှာ ကျွန်တော်တို့မွန်တွေ ပိုများလာမယ်။ လွှတ်တော်ထဲ မွန်လွှတ်တော်ကိုယ်စားလှယ်တွေ ပိုများလာမှ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကို ပိုပြီးအကာအကွယ်ပေးနိုင်မှာ”ဟု ဦးနိုင်သီက ရွေးကောက်ပွဲမတိုင်ခင်က ဖရွန်းတီးယားမြန်မာကို ပြောကြားခဲ့သည်။
ကျိုက်မရောမြို့နယ်က အသက်၆၅နှစ်အရွယ်ရှိ အခြားရာဘာစိုက်ခင်းပိုင်ရှင် ဦးနိုင်ဘူကမူ အင်န်အယ်လ်ဒီကို မဲပေးခဲ့သော မွန်တိုင်းရင်းသားများကို “သစ္စာဖောက်တွေ”ဟု ခေါ်ဝေါ်သည်။
မွန်ညီညွတ်ရေးပါတီကိုလည်း ရခိုင်အမျိုးသားပါတီကဲ့သို့ ဦးနိုင်ဘူက အောင်မြင်စေချင်သည်။ ရခိုင်အမျိုးသားပါတီသည် လွန်ခဲ့သည့် လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း တတိယအင်အားအကြီးဆုံး တိုင်းရင်းသားပါတီတစ်ခုဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ်လွှတ်တော်တွင်လည်း နေရာအများစုကို ထိန်းချုပ်နိုင်ခဲ့သည်။
“ကျွန်တော်တို့ ပိုပြီးအားကောင်းလေလေ အင်န်အယ်လ်ဒီက ကျွန်တော်တို့ပြည်နယ်မှာ ထောက်ခံမှုရဖို့ပိုခက်ခဲလေပဲ။ အင်န်အယ်လ်ဒီပါတီကို ထောက်ခံတဲ့လူတွေကတော့ နောင်တစ်ချိန်မျက်နှာပျက်မှာပဲ”ဟု ၎င်းကဆိုခဲ့သည်။
ရုပ်ပုံကားချပ်များကို Thibi အဖွဲ့က ရေးဆွဲသည်။
မွန်ညီညွတ်ရေးပါတီကို ၂၀၁၉တွင် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က မဲမကွဲစေရန်ရည်ရွယ်ချက်ဖြင့် ပေါင်းစည်းတည်ထောင်ခဲ့သည်။ ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်တိုင်းတွင် ယှဉ်ပြိုင်ခဲ့ပြီး ပြည်နယ်တောင်ပိုင်းတွင် အောင်မြင်ခဲ့သည်။ အထူးသဖြင့် ပြည်နယ်တောင်ပိုင်းမြို့နယ်များဖြစ်သော ရေးတွင် ငါးနေရာနှင့် မုဒုံတွင် သုံးနေရာအနိုင်ရရှိခဲ့သည်။ သို့သော် မြို့တော်မော်လမြိုင်အပါအဝင် ပြည်နယ်မြောက်ပိုင်းတွင်မူ မွန်ညီညွတ်ရေးပါတီသည် ရုန်းကန်ခဲ့ရပြီး နေရာအတော် များများတွင် ရှုံးနိမ့်ခဲ့သည်။
ရေးနှင့်မုဒုံနှစ်မြို့နယ်လုံးသည် မွန်လူမျိုးအများစုနေထိုင်ရာ ဒေသများဖြစ်ပြီး ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ကျန်မြို့နယ်များကမူ လူမျိုးပေါင်းစုံ ရောနှောနေထိုင်သည့် ဒေသများဖြစ်သည်။ ဥပမာအားဖြင့် ငါးဖမ်းလုပ်ငန်းနှင့် ရာဘာစိုက်ပျိုးမှုလုပ်ငန်းများ တွင်ကျယ်သည့် သံဖြူဇရပ်မြို့နယ်တွင် နိုင်ငံတစ်ဝန်းက လာရောက်အလုပ်လုပ်ကိုင်ကြသည့် လူမျိုးပေါင်းစုံ နေထိုင်သည်။ အကျိုးဆက်အားဖြင့် ပြည်တွင်းရွှေ့ပြောင်းလုပ်သားများ အများအပြားရှိသည့် နေရာများတွင် အင်န်အယ်လ်ဒီပါတီက အနိုင်ရရှိခဲ့သည်။
မွန်မဲဆန္ဒရှင်အတော်များများသည် မဲပေးခြင်းနှင့်ပတ်သက်၍ ဗဟုသုတနည်းပါးကြောင်း မွန်သတင်းအေဂျင်စီအကြီးတန်းသတင်းထောက် နိုင်မန်းက ဆိုသည်။ ထို့ပြင် မွန်ပြည်နယ်အတွင်းက လူအများအပြားသည် ထိုင်းနှင့်မလေးရှားနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
သို့ဖြစ်ရာ မွန်ပါတီကို မဲပေးမည့်မွန်လူမျိုးအများအပြား အခြားနိုင်ငံများသို့ ရောက်ရှိနေခြင်းက မွန်ညီညွတ်ရေးပါတီအတွက် အားနည်းချက်တစ်ခုဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။
၂၀၂၀ရွေးကောက်ပွဲကျင်းပချိန်သည် ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားချိန်ဖြစ်သဖြင့် ၎င်းတို့သည် နေရပ်ဒေသသို့ပြန်၍ မဲပေးနိုင်ခဲ့ခြင်းမရှိပေ။ သံရုံးများကတစ်ဆင့် ကြိုတင်မဲပေးနိုင်သော်လည်း ကြိုတင်မဲပေးသည့် ရွှေ့ပြောင်းမြန်မာလုပ်သားဦးရေသည် ပြည်ပနိုင်ငံများတွင် အမှန်တကယ်ရှိသည့် မြန်မာနိုင်ငံသားဦးရေနှင့် နှိုင်းယှဉ်ပါက မပြောပလောက်သည့် ပမာဏဖြစ်သည်။
ယင်းအခြေအနေများကြောင့်ပင် မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲပေးသူဦးရေသည် ၅၇ရာခိုင်နှုန်းသာရှိခဲ့ပြီး ကရင်ပြည်နယ်ပြီးလျှင် ဒုတိယဆန္ဒမဲပေးသူအနည်းဆုံး ပြည်နယ်ဖြစ်သည်။
မျှော်လင့်ထားသကဲ့သို့ မွန်ညီညွတ်ရေးပါတီနေရာအများစုတွင် အနိုင်မရခဲ့သည့် အကြောင်းအရင်းလေးရပ်ရှိကြောင်း မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကဆိုသည်။ ၎င်းသည် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (ချောင်းဆုံ-၂)တွင် ပြန်လည်ရွေးကောက်တင်မြှောက်ခံခဲ့ရသူလည်းဖြစ်သည်။
ယမန်နှစ်ကမှ စတင်ဖွဲ့စည်းသည့်ပါတီဖြစ်၍ ပြင်ဆင်ချိန်မလုံလောက်ခဲ့ခြင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် မဲဆွယ်စည်းရုံးမှုများ ကန့်သတ်လုပ်ဆောင်ခဲ့ရခြင်း၊ မွန်ပြည်နယ်အတွင်းနေထိုင်သည့် အခြားတိုင်းရင်းသားမျိုးနွယ်စုများ၏ ပမာဏမြင့်မားခြင်းနှင့် ပါတီဘဏ္ဍာရန်ပုံငွေ အားနည်းခြင်းကြောင့်ဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။
ကိုဗစ်-၁၉ကြောင့်ဖြစ်ပေါ်ခဲ့သော ကျန်းမာရေးပြဿနာများနှင့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် အစိုးရကထုတ်ပြန်ခဲ့သော စည်းမျဉ်းစည်းကမ်းများကြောင့် ၎င်းတို့အနေဖြင့် မဲဆွယ်စည်းရုံးမှုများကို ထိထိရောက်ရောက်မလုပ်ဆောင်နိုင်ခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီဝင် နိုင်မင်းလတ် (ခ) ဦးထွန်းမြင့်ကျော်က ဆိုသည်။ ၎င်းသည် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(သံဖြူဇရပ်-၁)တွင် အင်န်အယ်လ်ဒီ အမတ်လောင်းကို ရှုံးနိမ့်ခဲ့သည်။
“ကျွန်တော်တို့ပါတီထောင်တာသိပ်မကြာသေးဘူး ကိုဗစ်-၁၉က ပေါ်လာရော။ ကိုဗစ်ကြောင့်ပဲ ကျွန်တော်တို့ မျှော်လင့်ထားသလို ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ မလုပ်ခဲ့ရဘူး”ဟု ၎င်းကပြောသည်။
သို့သော် လက်ရှိအနိုင်ရရှိမှုရလဒ်များသည် အနာဂတ်တွင် ပါတီတည်ဆောက်ရေးတွက် အရေးပါသည့် အခြေခံအုတ်မြစ်ဖြစ်သည်ဟု ၎င်းကဆိုသည်။
“ကျွန်တော်တို့ ထင်ထားသလောက် မနိုင်ချင်မနိုင်မယ်။ ဒါပေမဲ့ အခြေအနေက အရမ်းအဆိုးကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အနိုင်ရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လုပ်လို့ရတဲ့ ကိစ္စတွေအများကြီးရှိတယ်”ဟု နိုင်မင်းလတ်က ပြောသည်။
အခြားတိုင်းရင်းသားပါတီများနှင့် ကွာခြားသည်က မွန်ညီညွတ်ရေးပါတီဝင်များသည် ၎င်းတို့ အနိုင်ရရှိခဲ့သည့် ရွေးကောက်ပွဲရလဒ်အပေါ် ကျေနပ်သည်။ ရွေးကောက်ခံရသည့် ပါတီဝင်ကိုယ်စားလှယ်များကလည်း ၎င်းတို့ကို ဆန္ဒမဲပေးခဲ့သည့် ပြည်သူများအတွက် အစွမ်းကုန်အလုပ်ကြိုးစားသွားမည်ဟု သန္နိဋ္ဌာန်ပြုကြသည်။ ယင်းသို့ ကတိပေးသူများအနက် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(ရေး-၂)တွင် အနိုင်ရရှိခဲ့သည့် မင်းအောင်ထူးလည်း ပါဝင်သည်။
“ကျွန်တော်တို့ ဘယ်လောက်အထိတောင် ထောက်ခံမဲတွေရခဲ့သလဲဆိုတာ ပြန်ကြည့်ရင် အရမ်းကျေနပ်စရာကောင်းပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ သူတို့ (မဲဆန္ဒရှင်များ)အပေါ် တာဝန်ကျေပြွန်ရမယ်ဆိုတဲ့အသိကိုလည်းဖြစ်ပေါ်စေပါတယ်” ဟု ၎င်းကပြောသည်။
မောင်မောင် ဘာသာပြန်သည်။