ကမ္ဘာ့ဒေသပေါင်း ၁၂၀ တွင် ဆိုင်ခွဲပေါင်း ၃၀၀ ခန့် ဖွင့်လှစ်ထားသည့် မွန်ဂိုးလီးယားဟော့ပေါ့ဆိုင်ခွဲကို ရန်ကုန်မြို့တွင် မတ် ၈ ရက်နေ့က စတင်ဖွင့်လှစ်လိုက်သည်။
၁၉၉၉ ခုနှစ်က မွန်ဂိုးလီးယားအတွင်းပိုင်းတွင် စတင်တည်ဆောင်ခဲ့သည့် Little Sheep ဟော့ပေါ့သည် ၎င်း၏ အထင်ကရဟင်းရည်ကြောင့် နာမည်ကြီးလူသိများသည်ဟု သိရသည်။
၎င်းကို မြန်မာနိုင်ငံ၏ ထင်ရှားသည့် စီးပွားရေးလုပ်ငန်းကြီးဖြစ်သည့် Yoma Strategic က အဓိက မိတ်ဖက်ကိုယ်စားလှယ်အဖြစ် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
“ကမ္ဘာ့နာမည်အကြီးဆုံး ဟော့ပေါ့စားသောက်ဆိုင်များအနက် တစ်ခုဖြစ်သည့် Little Sheep ကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်လာနိုင်ခြင်းအတွက် စိတ်လှုပ်ရှားမိပါတယ်။ Little Shee ဟော့ပေါ့ဟာ ကျွန်တော်တို့ F&B ၏ ရှိရင်းစွဲ အမှတ်တံဆိပ်များဖြစ်တဲ့ YKKO၊ KFC နဲ့ မကြာသေးမီက ဖွင့်လှစ်ခဲ့တဲ့ Auntie Anne’s တို့နဲ့လည်း ကိုက်ညီမှုရှိပါတယ်” ဟု Yoma Strategic ၏ အမှုဆောင်အရာရှိချုပ် Melvyn Pun က ပြောကြားသည်။
အဆိုပါဆိုင်ခွဲကို ကမ္ဘောဇလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်အနီးတွင် ဖွင့်လှစ်ထားပြီး ပြည်ပမှ တင်သွင်းသည့် အရည်အသွေးမြင့် သိုးသားနှင့် ပြည်တွင်းရှိ ဝက်သား၊ ကြက်သားနှင့် အမဲသားတို့ကို ရရှိနိုင်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရှေးမူမပျက်ချက်ပြုတ်ထားသော မွန်ဂိုလီးယားဟော့ပေါ့အပြင် မွန်ဂိုလီးယား ဟင်းလျာများဖြစ်သည့် အသားကင်နှင့် သိုးသားထမင်းကြော်တို့ကိုလည်း ရရှိနိုင်သည်ဟု ဆိုသည်။
Little Sheep ဟော့ပေါ့ဆိုင်ခွဲသည် Yoma Strategic ၏ အစားအစာနှင့် အဖျော်ယမကာလုပ်ငန်း တိုးချဲ့မှုတွင် တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်လာမည်ဖြစ်သည်။
လက်ရှိတွင် Yoma F&B အနေဖြင့် YKKO ဆိုင်ခွဲပေါင်း ၃၇ ဆိုင်၊ KFC ဆိုင်ခွဲပေါင်း ၃၃ ဆိုင်နှင့် မကြာသေးမီက Auntie Anne’s™ ဆိုင်ခွဲတစ်ဆိုင်ကို ဖွင့်လှစ်ထားပြီး ၂၀၂၃ ခုနှစ်တွင် နိုင်ငံတကာနှင့် ပြည်တွင်း အမှတ်တံဆိပ်ပေါင်း ၆ ခုဖြင့် ဆိုင်ခွဲပေါင်း ၁၂၅ ဆိုင်ကျော် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသည်ဟု ပြောကြားသည်။