ကမ္ဘာဦးက မြွေနဂါးများအပေါ်ယုံကြည်သည့် ရှေးဟောင်းအယူအဆကို အခြေခံသော်လည်း မြွေဘုရားများသည် မြန်မာနိုင်ငံတွင် တိုးပွားလျက်ရှိနေသည်။
နိကိုးလ်တူးမောင် နှင့် အောင်လင်းထက် ရေးသားသည်။
မန္တလေးမှ အရှေ့ဘက်ကိုကွေ့ပတ်သွားသော တောင်တက်လမ်းအတိုင်းမောင်းသွားလျှင် ရှမ်းကုန်းပြင်မြင့်ပေါ်မှ တောင်ပေါ်မြို့ ပြင်ဦးလွင်ကိုရောက်သည်။ မကြာသေးခင်ကပင် အမြန်လမ်းတိုးချဲ့ထားသဖြင့် တဝက်တပျက် ပြောင်တလင်းခါနေသော တောင်နံရံဘေးတွင် ရာဘာပင်တန်းများကြောင့် သက်သာရာရတော့သည်။ ပြောင်းလဲနေသော မြေမျက်နှာသွင်ပြင်ပေါ်တွင် မြေ ၂ ဧကပေါ်၌ ဗုဒ္ဓဘာသာစေတီတစ်ဆူမှာ ပုံစံပြောင်းလဲနေသည်။ ယောက်ျားမိန်းမ တစ်ဒါဇင်ခန့်သည် ၁၀၉ ပေ (၃၃ ဒသမ ၂ မီတာ) ရှိ စေတီတော်တွင် အမိုးအကာ လုပ်ပေးနေကြသည်။ သူတို့၏ကလေးများက ကွန်ကရိတိုင်တွေကြားထဲမှာ ပြေးလွှားဆော့ကစားနေကြသည်။ ထိုတည်ဆောက်မှုများ၏ အရိပ်ထဲတွင် ဗောဓိပင်တစ်ပင် မားမားမတ်မတ်ရှိနေသည်။
မြန်မာပြည်၌ ဘုရားကျောင်းဝင်းများတွင် ဗောဓိပင်မှာ အလွန်အရေးပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂,၅၀၀ ကျော်က ဗုဒ္ဓဘုရားရှင် သဗ္ဗညုတဉာဏ်တော်ရရှိပြီး ဘုရားအဖြစ်ရောက်ရှိခဲ့သည်မှာ ဤဗောဓိပင်အောက်မှာပင်ဖြစ်ရာ ဘုရားကျောင်းများထဲမှ ညောင်ပင်များမှာ ဤဗောဓိပင်မှ ဆင်းသက်လာသည်ဟု အချို့ကဆိုကြသည်။ ယခု သည်ညောင်ပင်အောက်မှာတော့ ရတနာသိုက်ရှိသည်ဟု ဆိုကြသည်။
ထိုညောင်ပင်ကြီး၏ အရိပ်အောက်တွင် စပါးအုံးမြွေကြီး ၁၁ ကောင်ကိုတွေ့ရသည်။ ဗုဒ္ဓဘာသာ ဒဏ္ဍာရီပုံပြင်တွေထဲမှ နဂါးကြီးများကို ကိုယ်စားပြုသည်ဟုဆိုသည်။ ဒီအရပ်က လူတွေကတော့ နဂါးမျိုးနွယ်တွေပိုင်ဆိုင်သော ရတနာများကို စောင့်ရှောက်နေသော မြွေကြီးများဟုဆိုသည်။ ဘယ်လိုရတနာတွေလဲ၊ ရှေးဘုရင်တို့၏ ကျောက်သံပတ္တမြားတွေလား၊ ဗုဒ္ဓ၏ဓာတ်တော်တွေပဲလား ဆိုတာကတော့ မိမိစိတ်ကူးဉာဏ်နှင့် ကွန့်မြူးချင်သလို ကွန့်မြူးကာ ယုံကြည်နိုင်ပေသည်။
စကျင်ကျောက်တိုင်ကြီးပေါ်တွင် ဤသို့ ရေးသားမှတ်တမ်းတင်ထားသည်။ ၂၀၁၄ ခု သီတင်းကျွတ်လပြည့်ကျော် (၇) ရက်တွင် ဒီဒေသအနီးတဝိုက်ရှိ ရွာသားလင်မယားနှစ်ယောက်က ဤစပါးအုံးမြွေကြီးကို သည်နေရာသို့ ပထမဆုံးယူလာပြီး ထားရှိကြခြင်းဖြစ်ကြောင်း၊ မြွေကြီးတစ်ကောင် သူတို့အိမ်နားလာခွေနေရာ ဘာလုပ်ရမည်မသိသဖြင့် ဤညောင်ပင်ရှိရာယူလာပြီး ထားရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဤတောင်ကုန်းထိပ်နေရာကို ဘာသာရေးနေရာတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့ကြကြောင်း ရေးသားထားသည်။
ဤမြွေဘုရားဖြစ်ပေါ်လာပုံကို ယင်းသို့သိရှိခဲ့ရပါသည်။ ကျေးရွာသူအမျိုးသမီးတစ်ယောက်သည် ဤသို့ အိပ်မက်မြင်မက်ခဲ့ကြောင်း၊ တနေ့တွင် မြွေကြီးတစ်ကောင်ပေါ်လာပြီး သူ့ကို ဤသို့ပြောကြောင်း၊ အခြားမြွေကြီးတွေ ဒီနေရာကို ရောက်လာဦးမည်။ အားလုံးမှာ သိုက်စောင့်မြွေများဖြစ်သည်ဟုပြောပြီး ပြန်သွားကြောင်းပြောပါသည်။ ဒီနောက်ပိုင်းတွင် မြွေကြီးများ တစ်ကောင်ပြီးတစ်ကောင် လာရောက်လှူဒါန်းကြရာ၊ ရန်ကုန်ကဲ့သို့ ဝေးကွာသည့်နေရာမှပင် လာလှူသည့် မြွေများရှိကြောင်း၊ ထိုအချိန်မှစ၍ ဤနေရာကို မြွေဘုရားဟု နာမည်တွင်သွားကြောင်းပြောသည်။
မြန်မာနိုင်ငံအလယ်ပိုင်းနှင့်တောင်ပိုင်းတွင် မြွေဘုရားများစွာရှိသည်။ မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့၏ ဆင်ခြေဖုံးရှိဘုရားများတွင် မြွေများကို လက်ခံထားရှိလာခဲ့ကြသည်မှာ ၁၉၉၀ လွန်နှစ်များကတည်းကပင် ဖြစ်သည်။ အချို့မြွေကြီးများမှာ ၁၂ ပေအထိအရှည်ရှိသည်။ ဘုရားတိုင်း၌ နောက်ခံပုံပြင်သမိုင်းများ အသီးသီးရှိကြသော်လည်း အားလုံးမှာ ဆင်တူယိုးမှားများသာဖြစ်သည်။ အိပ်မက်ပေးခြင်း၊ ဝင်စားပြီးပြောခြင်းတို့မှာ အဆိုပါတည်ရှိရာ နေရာဒေသ၏ထူးခြားပုံ၊ တန်ခိုးရှိပုံတို့ကို ရည်ညွှန်းသည်။
ထိုမြွေအမျိုးအစားကို မြန်မာတို့က စပါးအုံးဟုခေါ်တွင်သည်။ စပါးအုံးကို မြန်မာ့ဗေဒင် တွက်ချက်နည်းအရ အက္ခရာဂဏန်းသုံးလုံးကိုပေါင်းလျှင် ကိုး ရသည်။ ကိုးဂဏန်းသည် မြန်မာ့ဗေဒင်ပညာအရ မင်္ဂလာအရှိဆုံးဂဏန်းဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် မြန်မာတို့က စပါးအုံးကို အလေးထားအပ်သော တိရစ္ဆာန်အဖြစ် သဘောထားကြခြင်းဖြစ်သည်ဟု သက်တော် ၆၅ နှစ်ရှိ ဆရာတော်ဦးဥတ္တမက အမိန့်ရှိပါသည်။
ကုန်းမှာမြွေ ရေမှာနဂါး ဟု စပါးအုံးနှင့် နဂါးတို့၏ဆက်စပ်မှုကို ဆရာတော်ကရှင်းပြပါသည်။ နဂါးတို့သည် ရှင်တော်ဂေါတမခေတ် မတိုင်မီကပင် သမုဒ္ဒရာများ၊ မြစ်များ၊ တောင်တန်းများတွင် နေထိုင်ကျက်စားခဲ့ကြသည်ဟု ပြောကြသည်။ မန္တလေးအနောက်ဖက်တွင် သုံးဧကကျယ် တောအုပ်တစ်ခုနှင့်ကပ်လျက် လေးဧကအကျယ် ဘုရားဝင်းထဲရှိ ရေကန်လေးတစ်ကန်ထဲတွင် မွေးပွသင်္ကန်းတော်ရုံထားသည့် ဗုဒ္ဓရုပ်ပွားတော်များနောက်ဝယ် စပါးအုံးအကောင် ၂၀ ခန့်ခွေနေကြသည်။ ထိုမြွေဘုရားတွင် ဆရာတော်ဦးဥတ္တမက နာယကဆရာတော်အဖြစ် ဆောင်ရွက်နေသည်။
ရွာသားများသည် စပါးအုံးမြွေများကို မြွေဘုရားသို့ လာလှူလေ့ရှိကြသည်။ မြွေများ ဘေးအန္တရာယ်ကင်းကင်း နေနိုင်ကြစေရန်လည်းကောင်း၊ နတ်များက သူတို့ကို မစစေရန်လည်းကောင်း ရည်ရွယ်၍ ဘုရားကို လာလှူကြခြင်းဖြစ်သည်။ လာလှူသည့်မြွေများမှာ ဘုရားဝိုင်းထဲတွင် အခြားမြွေအဖော်များနှင့် တွေ့ရတော့သည်။
ဘုရားဝင်းထဲတွင် နတ်ကွန်းများလည်းရှိသည်။ နေ့စဉ်လာရောက် ဘုရားဖူးကြသူ ရာကျော်ရှိသည်။ ၃၇ မင်းနတ်များအပြင် အခြားနယ်ပိုင် နတ်ကွန်းတို့လည်းရှိသည်။ နဂါးကို ပသကိုးကွယ်သူများသည် နဂါးကို ကိုယ်စားပြုသည့်စပါးအုံးတို့ကို ကျွေးမွေးစောင့်ရှောက်လိုကြသည်။ ဘုရားဝင်း ထိန်းသိမ်းစောင့်ရှောက်သူများ အဆိုအရ စပါးအုံးတစ်ကောင်ချင်းက မည်သည့်နတ်ကို ကိုယ်စားပြုသည်ဆိုသည်ကို ရွာသားများနှင့် ဘုရားဖူးများက မိမိတို့အိပ်မက်အရလည်းကောင်း၊ ဝင်ပူး၍ပြောကြားချက်အရလည်းကောင်း သိနိုင်ကြသည်ဟု ဆိုပါသည်။
ကန်တော့ပွဲပေးခြင်း၊ ပရိတ်ရွတ်ခြင်းနှင့် ဂါထာမန္တရားမန်းမှုတ်ခြင်းတို့မှာ နေ့စဉ်လုပ်ငန်းများဖြစ်သည်။ မြွေဘုရားအလည်လာသူများသည် စပါးအုံးမြွေကြီးများကို ကြည့်ကြသည်။ မြွေရေခွံများကို အိမ်ယူသွားပြီး အိမ်ဘုရားစင်ပေါ်မှာ သိမ်းထားနိုင်ကြသည်။ အချို့ကလည်း မိမိတို့လိုရာ ဆုတောင်းကြသည်။ ကျန်းမာရေးကောင်းရန်၊ စာမေးပွဲအောင်ရန်၊ စီးပွားရေးအလုပ်အကိုင်အဆင်ပြေရန်၊ ထီပေါက်ရန် စသည်ဖြင့် အမျိုးမျိုး လိုရာဆုတောင်းကြသည်။
သာသနာပြုရန်သက်သက် လာသူများလည်းရှိသည်။ သာသနာပြုသည်ဆိုသည်မှာ ဗုဒ္ဓအဆုံးအမကို လိုက်နာကျင့်သုံးခြင်း၊ ပြန့်ပွားအောင်လုပ်ဆောင်ခြင်းကိုဆိုလိုသည်။ ရွာသားအချို့က စပါးအုံးများကို အစာကျွေးခြင်း၊ ရေချိုးပေးခြင်း စသည်တို့ကိုလုပ်ဆောင်ပေးကြသည်။ လာလည်ကြသော ဧည့်သည်တို့ကတော့ ပိုက်ဆံ၊ ပန်းနှင့်နွားနို့များလှူကြသည်။
လူတွေက မြွေကြည့်ရန် ဘုရားလာကြသဖြင့် လူတွေကုသိုလ်ရသည့်အပြင် စပါးအုံးတွေက လူတွေကို နောက်ထပ်အကျိုးပြုနေတာတွေရှိသေးသည်။ မန္တလေးတောင်ဘက်ရှိ မြွေဘုရားတစ်ဆူ၏အပြင်ဘက်တွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိသည်။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က မြွေဘုရားသို့ လာဖူးသူတွေများလာ၍ အနီးအနားပတ်ဝန်းကျင်မှာ အရောင်းအဝယ်ကောင်းလာသဖြင့် စီးပွားရေးအဆင်ပြေလာကြကြောင်း ပြောသည်။
လမ်းများပိုကောင်းလာပြီး ဘုရားမှာလည်း အဆောက်အအုံများ တိုးပွားလာကြောင်း ၎င်းကပြောသည်။ အနားမှာရှိနေသော တက္ကစီမောင်းသမားနှင့် ပန်းသည်တစ်ယောက်ကလည်း အလားတူပင်ပြောပြကြသည်။ သူတို့တတွေ အဆင်ပြေလာကြသည်မှာ မြွေကြီးများ၏မေတ္တာကြောင့်ဖြစ်ကြောင်းလည်းပြောသည်။ မြွေဘုရားမှာ လစဉ်ဘုရားဖူးများထံမှ အလှူငွေများ သိန်းနှင့်ချီ၍ရရှိသည်။ ဘာသာရေးဆိုင်ရာ အခါကြီး ရက်ကြီးများတွင် သန်းချီ၍ပင် အလှူငွေရသည်ဟုပြောပြကြသည်။
မြွေဘုရားတွင် မြွေကြီးများကို မည်သို့ပင် စိတ်စေတနာကောင်းနှင့် မွေးမြူထားကြစေကာမူ လှောင်ပိတ်ခံထားရသော အခြေအနေကြောင့် ကြီးမားသောသားစားတိရစ္ဆာန်ဖြစ်သည့် မြွေကြီးများ၏ ကျန်းမာရှင်သန်ရေးမှာ အခြေအနေမကောင်းလှပေ။ စပါးအုံးကြီးများမှာ မကြာခဏဆိုသလို ကျန်းမာရေးချို့တဲ့ကြသည်။ အထူးသဖြင့် ဆောင်းတွင်း၌ ပို၍မကျန်းမမာဖြစ်ကြသည်ဟုဆိုသည်။ စပါးအုံးတစ်ကောင် သေဆုံးသွားခြင်းပတ်သက်၍ မြွေထိန်းလုပ်သူက ဤသို့ပြောပါသည်။
“တိရစ္ဆာန်ဆေးကု ဆရာဝန်မတစ်ယောက်ကိုတော့ ခေါ်ပြတာပဲ။ ဒါပေမဲ့ သူက နွားတွေမြင်းတွေကိုပဲ ကုဖူးတာဆိုတော့ ဘာမှမတတ်နိုင်ပါဘူး”
မြွေထိန်းတွေက မည်မျှပင် စောင့်ရှောက်စေကာမူ မြွေများမှာ အစာမကြေရောဂါနှင့် အခြားရောဂါများ ရလာကြသည်။ ထို့ကြောင့်ပင် စပါးအုံးတစ်ကောင်သည် မြွေဘုရားသို့ ရောက်လာပြီး သိပ်မကြာမီပင် ဘဝတစ်ပါးသို့ ပြောင်းသွားကြရသည်သာ များလေသည်။
သက်ရှိထင်ရှား ရှိနေကြသည့် နတ်များအဖြစ်ပဲမြင်မြင်၊ သေစေနိုင်သော သားစားသတ္တဝါများအဖြစ်ပဲမြင်မြင် အရှေ့တောင်အာရှဒေသမှာသာ တွေ့ရသော မြန်မာ့စပါးအုံး Burmese Python မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ The International Union for Conservation of Nature (IUCN) ၏ ခန့်မှန်းချက်အရ အရှေ့တောင်အာရှတလွှားတွင် စပါးအုံးအရေအတွက်မှာ လွန်ခဲ့သောဆယ်နှစ်အတွင်း ၃၀ မှ ၅၀ ရာခိုင်နှုန်း ယုတ်လျော့ကျဆင်းသွားခဲ့ပြီဟု ခန့်မှန်းပါသည်။ စပါးကြီး၊ စပါးအုံးကောင်ရေ ယုတ်လျော့လာရခြင်းအတွက် အခြားအကြောင်းများမှာ နေထိုင်ကျက်စားရာ စားကျက်မြေယုတ်လျော့လာခြင်း၊ သူတို့စားသောက်သော သားကောင်အရေအတွက် ယုတ်လျော့ရှားပါးလာခြင်း၊ သူတို့ခန္ဓာကိုယ် အစိတ်အပိုင်းများကို သားရေအတွက်လည်းကောင်း၊ ရိုးရာဘယဆေးဝါးအတွက်လည်းကောင်း အသုံးပြုမှုများလာခြင်း၊ လူတွေက မြွေမြင်လျှင် ကြောက်လည်းကြောက်၊ မုန်းလည်းမုန်းတတ်ကြသဖြင့် အမျိုးအစားမရွေးဘဲ သတ်ဖြတ်ပစ်တတ်ကြခြင်း စသောအကြောင်းများကြောင့်ဖြစ်သည်။
မြွေဘုရားတွင် အနှစ် ၂၀ ကျော်ကြာ မြွေများကိုအစာကျွေးခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းစသည့်အလုပ်များ လုပ်ကိုင်လာခဲ့သူ မြွေထိန်းတစ်ဦးက ဤသို့ပြောပြသည်။
“ကျွန်တော်က မြွေတွေကို စိတ်ဝင်စားတယ်။ သူတို့နဲ့အလုပ်လုပ်ရတာပျော်တယ်။ ကျွန်တော့်ဝါသနာပါပဲ”
အကောင်အရေအတွက်ကလည်း ကျဆင်းလာနေရာ မြွေဘုရားက သူတို့ကို ကယ်တင်ထားနိုင်ပါဦးမည်လော၊ သူတို့နှင့်မျိုးတူ ရှေးရှေးကနဂါးတွေလို တောထဲမှာသဘာဝအတိုင်း ရှင်သန်နေကြတာ ပိုကောင်းလေမလား။
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။