မြတ်ကျော်သူ
ယမန်နေ့ညက မြောက်ဦးမြို့တွင် ထောင်နှင့်ချီသည့် လူစုလူဝေးကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့သည့်အတွက် အများအပြား ဒဏ်ရာရခဲ့ကာ ယနေ့ မွန်းလွဲပိုင်းအထိ သေဆုံးသူ အနည်းဆုံး ၈ ဦး ရှိသွားပြီဖြစ်သည်။
လူဦးရေ ၄,၀၀၀ ကျော်နီးပါးရှိနိုင်သည့် လူအုပ်ကြီးသည် အစိုးရရုံးများတည်ရှိရာ မြောက်ဦးမြို့သစ်၊ ထမ္မရဇ်ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဝိုင်းထားခဲ့ပြီးနောက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်းနေ့” ကျင်းပမည့်ပွဲကို မြောက်ဦးအာဏာပိုင်များက တားမြစ်ရာက စတင်ခဲ့ခြင်း ဖြစ်သည်။
တချိန်တည်းတွင်ပင် ရခိုင်စာရေးဆရာ ဝေဟင်အောင်ကို စစ်တွေမြို့တွင် ယမန်နေ့က ဖမ်းဆီးလိုက်ခြင်းနှင့် ဒေါက်တာအေးမောင်အား မြောက်ဦးမြို့တွင်းသို့ မဝင်စေရန် တားမြစ်လိုက်ခြင်းတို့ကလည်း အခြေအနေကို ပိုမို ဆိုးရွားသွားစေခဲ့သည်။
မြောက်ဦး အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက “ညနေ ၅ နာရီကျော်လောက်က ဒီပွဲကို ကျင်းပခွင့် မပြုတော့ဘူးဆိုပြီး မြို့ထဲမှာ လော်စပီကာနဲ့ လိုက်ကြေညာနေတာ ကြားရတယ်” ဟု Frontier ကိုပြောသည်။
မြောက်ဦးသို့ ရောက်ရှိနေသည့် ရခိုင်အမျိုးသားပါတီ၊ ရန်ကုန်မှ တွဲဖက် အတွင်းရေးမှူး ဦးခိုင်မိုးက “ကျွန်တော် ရင်ခွဲရုံထဲမှာ ကိုယ်တိုင် တွေ့ခဲ့တာ ခုနစ်လောင်းရှိတယ်။ [မြောက်ဦးမှ သယ်ဆောင်သွားသူ] စစ်တွေမှာလည်း တစ်ယောက်သေတယ်” ဟု Frontier ကိုပြောသည်။
ကိုခိုင်မိုး၏ ပြောဆိုချက်အရ အဆိုပါ ရှစ်ယောက်အပြင် ပျောက်ဆုံးနေသည့် အလောင်းများလည်း ရှိသေးသည်ဟု ဆိုသည်။ “သေသွားတာတော့ သိရတယ်၊ ဒါပေမယ့် အလောင်းတွေ ပျောက်နေတယ်” ဟု ၎င်းက ဆိုသည်။
မြောက်ဦးမြို့ဆေးရုံတွင်မူ လုံခြုံရေး ရဲကားများ ရောက်ရှိနေပြီး သေဆုံးသူ၏ မိသားစုဝင်များနှင့် မြို့ခံများက အလောင်းများကို ထုတ်ပေးရန် ပြောဆိုရာမှ အခြေအတင် ပြောဆိုမှုများ ရှိနေသည်။
သေဆုံးသူများအား ယနေ့မွန်းလွဲ ၁ နာရီတွင် စုပေါင်းသြင်္ဂိုလ်မည်ဟု အာဏာပိုင်များက ပြောကြားထားကြောင်းလည်း သိရသည်။
လက်ရှိအချိန်ထိ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးထံ ဖုန်းဖြင့် ဆက်သွယ်နေသော်လည်း ၎င်းတို့ဖက်မှ အတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပေ။