အေအက်ဖ်ပီ
မြောက်ဦးမြို့တွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ခိုက်မှုများ ပြင်းထန်လာသည်ဟု ဒေသခံများက ဧပြီ ၁၀ ရက်နေ့တွင် ပြောကြားသည်။ စစ်တပ် ဂျက်တိုက်လေယာဉ်များလည်း ကောင်းကင်တွင် ပျံဝဲနေသည်ဟု သတင်းများ ပေါ်ထွက်နေသည်။
အေအေနှင့် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ဇန်နဝါရီက စတင်ကာ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၂၂ ဦးသေဆုံးခဲ့သည်။
အေအေအဖွဲ့ဝင် ဒါဇင်ချီကာ သေဆုံးခဲ့သည်ဟုလည်း အစိုးရက ပြောကြားထားသည်။
အဆိုပါ မငြိမ်မသက်မှုများအား ထိန်းချုပ်ရန်အတွက် စစ်တပ်က တပ်သားထောင်ပေါင်းများစွာကို ထိုဒေသသို့ စေလွှတ်တပ်စွဲထားကြသည်။
ရခိုင်မင်းနေပြည်တော်၏ မြို့တော်ဟောင်းဖြစ်ခဲ့ကာ ရှေးဟောင်းဘုရားပုထိုးများဖြင့် ထင်ရှားသည့် မြောက်ဦးမြို့သို့ ပြီးခဲ့သည့် ရက်သတ္တပတ်သုံးပတ်က စတင်ကာ တိုက်ခိုက်မှုများ ရောက်ရှိလာခဲ့သည်။
ဧပြီ ၉ ရက်နေ့၊ ည ၁၀ နာရီခန့်တွင် တိုက်ပွဲများ စတင်ခဲ့ပြီး ယခင်တစ်ကြိမ်ထက် ပိုမိုပြင်းထန်သည်ဟု မြောက်ဦးဒေသခံ ဒေါ်ခင်သန်းက အေအက်ဖ်ပီကို တယ်လီဖုန်းကတစ်ဆင့် ပြောကြားသည်။
“အခုပိုဆိုးလာပြီ။ လူတွေလဲ အိမ်ပြင်ထွက်ရမှာတောင် ကြောက်နေကြပြီ” ဟု ၎င်းက ပြောသည်။ ဂျက်တိုက်လေယာဉ်များ၏ အသံကြောင့် မြေကြီးများပင် တုန်ခါနေသည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။
အေအေ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ၎င်းတို့အနေဖြင့် မြောက်ဦးသို့ ဧပြီ ၉ ရက်နေ့တွင် ပြန်လည်ဝင်ရောက်ခဲ့ကြောင်း အေအက်ဖ်ပီကို အတည်ပြုပြောကြားသည်။ လေကြောင်းမှ ဗုံးကြဲမှုများကို ပြန်လည် လက်တုံ့ပြန်ရန်ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။
“မြန်မာစစ်တပ်က ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဗုံးတွေ ကြဲချတယ်” ဟု ၎င်းကပြောသည်။
တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက တိုက်ပွဲများဖြစ်ပွားခဲ့မှုကို အတည်ပြုခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိပေ။
လွန်ခဲ့သည့် ၁၀ နှစ်က တည်ထောင်ခဲ့ပြီး ရခိုင်အများစု၏ ထောက်ခံချက်ရရှိထားသည့် အေအေအဖွဲ့အား ချေမှုန်းရန်အတွက် စစ်တပ်က သန္တိဌာန်ချထားသည်။
ရခိုင်ပြည်နယ်နှင့် အိမ်နီးချင်း ချင်းပြည်နယ်တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လူပေါင်း ၂၆,၀၀၀ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ဒေသတွင်း သွားလာခွင့်များ ထိန်းချုပ်ထားမှုက လူပေါင်း ၉၅,၀၀၀ ခန့်အပေါ် ထိခိုက်မှုရှိနေသည်ဟု အကူအညီပေးရေးအဖွဲ့များက ခန့်မှန်းထားသည်။