မြောက်ဦးမြို့တွင် ဆန္ဒပြသူများအား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်အချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုအား ပုဂ္ဂိုလ်ရေးကြောင့် သတ်ဖြတ်မှုအဖြစ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း အစိုးရက ပြောကြားသည်။
၎င်း၏ ရုပ်အလောင်းကို မြောက်ဦးမှ စစ်တွေသို့သွားသည့် အဝေးပြေးလမ်းပေါ်ရှိ ကားပေါ်တွင် ယမန်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ခရိုင်တာဝန်ရှိသူများကို ကိုးကားပြီး ရိုက်တာက ရေးသားထားသည်။
ဦးဘိုဘိုမင်းသိုက် ဇန်နဝါရီ ၃၀ ရက်နေ့ ညနေက လုပ်ကြံသတ်ဖြတ်ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက နိရဉ္စရာ သတင်းဌာနကို အတည်ပြုပြောကြားခဲ့သည်။
“သေဆုံးသွားတာ မှန်ပါတယ်။ ဒီကနေ့ (ဇန်နဝါရီ ၃၀) ညနေ ၅ နာရီခန့်မှာ ပုဏ္ဍားကျွန်းမြို့နယ် သရက်ချိုကျေးရွာအနီး ကားလမ်းပေါ်မှာ ကားနဲ့သွားနေတုန်း လုပ်ကြံခံရတာဖြစ်ပါတယ်။ ကားပေါ်မှာ အတူပါလာတဲ့ လူသုံးဦးက လုပ်ကြံပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်” ဟု ဦးတင်မောင်ဆွေက ပြောကြားသည်။
အဆိုပါအမှုအား ပုဂ္ဂိုလ်ရေး အညှိုးအတေးကြောင့် သတ်ဖြတ်မှုအဖြစ် ရဲတပ်ဖွဲ့က စုံစမ်းနေသည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ ထို့ပြင် အဆိုပါဒေသတွင် ဖြစ်ပွားခဲ့သည့် အဓိကရုန်းနှင့် ဆက်စပ်ခြင်းမရှိဟုလည်း ဦးဇော်ဌေးက ရိုက်တာကို ဆက်လက် ပြောကြားသည်။
မြောက်ဦးမြို့တွင် မကြာသေးမီက ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် လူ ခုနစ်ဦး သေဆုံးခဲ့ရပြီးနောက် ဦးဘိုဘိုမင်းထိုက်အား ရခိုင်ပြည်နယ်ရုံး၊ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် စစ်တွေမြို့သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။