မြောက်ပိုင်းအဖွဲ့များကို နှစ်သုတ်ခွဲ၍ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည်

နေပြည်တော်၊ မေ ၂၅

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) မှာ လက်မှတ်မထိုးဘဲ “ဝ” ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်နဲ့သွားမယ်လို့ ထုတ်ဖော်ပြောကြားထားတဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေ ၂၆ ရက်နေ့၊ မွန်းလွဲပိုင်းမှာ နေပြည်တော်က သူ့နေအိမ်မှာ နှစ်သုတ်ခွဲပြီး တွေ့ဆုံဖို့စီစဉ်ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ကျွန်တော်တို့ စီစဉ်ထားတာ မနက်ဖြန် နေ့လည်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ သူဇနီးကို နေ့လည်စာထမင်း တည်ခင်း ဧည့်ခံမှာဖြစ်ပါတယ်။ အဲဒါပြီးရင် KIA ရယ်၊ SSPP ရယ်၊ ဝ ရယ်၊ မိုင်းလားရယ် လေးဖွဲ့နဲ့ တွေ့မှာ ဖြစ်ပါတယ်။ အဲဒါပြီးရင် မြောက်ပိုင်း သုံးဖွဲ့ AA၊ TNLA၊ MNDAA နဲ့ တွေ့မှာဖြစ်ပါတယ်” လို့ နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ-၂ မှာ ယနေ့ ညနေပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ ပြောလိုက်တာပါ။

ဝ သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TLNA) ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)တို့ဟာ မေ ၂၄ ရက်မှာ စတင်တဲ့ ၂၁ ရာစုပင်ညီလာခံ ဒုတိယအစည်းအဝေးဖွင့်ပွဲကို တရုတ်နိုင်ငံရဲ့ စေ့စပ်ညှိနှိုင်းပေးမှုကြောင့် အထူးဖိတ်ကြားထားသူများအဖြစ် လာတက်ကြတာဖြစ်ပါတယ်။

ဒီအဖွဲ့တွေဟာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပန်ခမ်းမှာ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကနေ NCA ကို အစားထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်တစ်ခု ရေးဆွဲထားသူတွေ ဖြစ်ပါတယ်။

ဦးဇော်ဌေးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ဒီလိုတွေ့ဆုံမှုဟာ နိုင်ငံရေးအရ မဟုတ်ဘူးလို့ ပြောပါတယ်။

“နေပြည်တော်ရောက်လာတဲ့ ဧည့်သည်ကို ကြိုဆိုတဲ့ နွေးနွေးထွေးထွေးပြုစုတဲ့ သဘော၊ လူမှုရေးအရ တွေ့ဆုံတဲ့ သဘောတွေ့သွားမှာပါ။ တွေ့ဆုံပွဲကို တပ်မတော်ဖက်ကလည်း သဘောတူထားပါတယ်” လို့ သူက မီဒီယာတွေကို ပြောပါတယ်။

တွေ့ဆုံမှုရဲ့ ပထမတစ်သုတ်မှာ နှစ်ကာလကြာရှည် ရပ်တည်နေတဲ့အဖွဲ့တွေပါဝင်ပြီး ဒုတိယအသုတ် မှာတော့ ၂၀၁၀ ပြည့်နှစ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ နောက်ပိုင်းမှာမှ ပေါ်ပေါက်လာတဲ့အဖွဲ့တွေ ပါဝင်ပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar