မြောက်ကိုရီးယား လုပ်ကြံသတ်ဖြတ်ရေးသမားတွေနဲ့ မြန်မာနိုင်ငံ

မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်ဂျုံအီရဲ့သားဖြစ်သူကို မလေးရှားမှာ အဆိပ်နဲ့ လုပ်ကြံမှုမတိုင်မီ လွန်ခဲ့တဲ့ နှစ် ၃၀ ခန့်ကလည်း မြောက်ကိုရီးယားလုပ်ကြံသတ်ဖြတ်ရေးသမားတွေက တောင်ကိုရီးယားသမ္မတကို ရန်ကုန်မြို့မှာ လုပ်ကြံဖို့ ကြိုးစားခဲ့ကြဖူးပါတယ်

ထွန်းခိုင် ရေးသားသည်။

ကွယ်လွန်သွားပြီဖြစ်တဲ့ မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်ဂျုံအီရဲ့ သားတော်မောင် ကင်ဂျုံနမ်းတယောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မလေးရှားနိုင်ငံမှာ လုပ်ကြံခံခဲ့ရပါတယ်။

အသက် ၄၆ နှစ်အရွယ် ကင်ဂျုံနမ်းဟာ ပြင်းထန်တဲ့ အဆိပ်တစ်မျိုးနဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး နာရီပိုင်းအတွင်း သေဆုံးသွားခဲ့ရပါတယ်။

၂၀၁၂ ခုနှစ်ကတည်းက အာဏာရလာတဲ့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဖေတူ အမေကွဲ အကိုတယောက်ဖြစ်ပြီး ခေါင်းဆောင်ကြီးကင်ရဲ့ ရပ်တည်မှုကို အခြိမ်းခြောက်နိုင်ဆုံး လူတွေထဲကတစ်ဦးလို့ ယူဆခံခဲ့ရတဲ့ ကင်ဂျုံနမ်းကို လူမြင်ကွင်းမှာ လုပ်ကြံသတ်ဖြတ်ခဲ့မှုရဲ့ နောက်ကွယ်မှာ မြောက်ကိုရီးယားအစိုးရဟာ အဓိကလက်သည်တရားခံဖြစ်တယ်လို့ စွပ်စွဲတာတွေလည်းရှိပါတယ်။

မြောက်ကိုရီးယားအေးဂျင့်တွေက သူတို့ရန်သူတွေကို အခြားတိုင်းပြည်ထဲအထိ လိုက်လံလုပ်ကြံ သုတ်သင်ကြတာ အခုတစ်ခေါက်က ပထမဆုံး မဟုတ်ပါဘူး။

မလေးရှားလိုပဲ အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း ၁၉၈၃ ခုနှစ်တုန်းက မြောက်ကိုရီးယားအေးဂျင့်တွေ ဝင်ရောက်လာပြီး သူတို့ရဲ့ ရန်သူလို့ သတ်မှတ်ထားသူတွေကို လိုက်လံ လုပ်ကြံခဲ့ဖူးပါတယ်။

မြောက်ကိုရီးယားက ရန်သူအဖြစ် သတ်မှတ်ထားတဲ့ တောင်ကိုရီးယားသမ္မတ ချန်ဒူးဟွမ်ဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားမှုကို လက်ခံခဲ့ပြီး သူ့ရဲ့ အစိုးရအဖွဲ့နဲ့အတူ ၁၉၈၃ ခုနှစ်၊ အောက်တိုဘာလမှာ ရန်ကုန်မြို့ကို လာရောက် လည်ပတ်ခဲ့ပါတယ်။

သူ့ရဲ့ခရီးစဉ်မှာ ရန်ကုန်မြို့က အာဇာနည်ဗိမာန်ကို သွားရောက်ဂါရဝပြုဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်ပြီး ၁၉၄၇ ခုနှစ်က လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦးကို အာဇာနည်ဗိမာန်မှာ မြုပ်နှံထားပါတယ်။

အဲဒီသတင်းကို ပြုံးယမ်းက ရသွားခဲ့ပြီးတဲ့နောက်မှာ လုပ်ကြံသတ်ဖြတ်မှုတစ်ခုကို စီစဉ်ပါတော့တယ်။

ပြုံးယမ်းက စစ်ဗိုလ်ချုပ်တွေဟာ ကေဆွန်းမြို့က လက်ရွေးစင်ကွန်မန်ဒိုသုံးယောက်ကိုရွေးချယ်လိုက်ပြီး Recce Company ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

ဗိုလ်မှူးဇင်ဘို၊ ဗိုလ်ကြီးဆင်ကီချုးနဲ့ ဗိုလ်ကြီး ကင်မင်ချုးတို့ သုံးယောက်ဟာ ရှေ့တန်းကလှုပ်ရှားရမယ့် Recce Company ရဲ့ အဓိကဇာတ်ကောင်တွေ ဖြစ်ပါတယ်။

စစ်ဆင်ရေးကို ကိုင်တွယ်တာက ကြည်းတပ်ဗိုလ်ချုပ် ကင်ချန်စုဖြစ်တယ်လို့ နောက်ပိုင်းတရားရုံးမှာ အစစ်ခံတော့ Recce Company အဖွဲ့ဝင်တွေက ဆိုကြပါတယ်။

ဗိုလ်ချုပ်ကင်ချန်စုဟာ သူ့ရဲ့ လက်ရွေးစင် လုပ်ကြံသတ်ဖြတ်ရေးသမားတွေကို မြန်မာပြည်ထဲမှာ အချိန်တစ်လယူ လှုပ်ရှားနိုင်ဖို့အတွက် ၁၉၈၃ ခုနှစ်၊ စက်တင်ဘာ ၉ ရက်နေ့မှာ မြောက်ကိုရီးယားနိုင်ငံ၊ အွန်ဇင်းမြို့ကနေ ရန်ကုန်ကို လာမယ့်သင်္ဘောနဲ့ တင်ပေးလိုက်ပါတယ်။

ရက်သတ္တပတ် နှစ်ပတ်ကြာ ရေလမ်းခရီးနှင်ပြီးတဲ့နောက်မှာ မြောက်ကိုရီးယား လုပ်ကြံသတ်ဖြတ်ရေးသမား Recce Company အဖွဲ့ဝင်တွေဟာ ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိလာပါတော့တယ်။

ဆိပ်ကမ်းရောက်တော့ အသင့်စောင့်နေတဲ့လူနှစ်ယောက်က လာခေါ်သွားပြီး ရန်ကုန်မြို့ထဲက အိမ်တစ်အိမ်မှာ ပုန်းခိုင်းထားပါတော့တယ်။

နောက်နှစ်ရက်လောက်ကြာတော့ ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ စစ်ဆင်ရေးစတင်ဖို့ သူတို့ဆီကို ပြုံးယမ်းက အမိန့်ကျလာပါတော့တယ်။

အာဇာနည်ဗိမာန် ဗုံးခွဲခံရပြီးနောက် မြင်ကွင်း။ ဓာတ်ပုံ-အေအက်ဖ်ပီ

အာဇာနည်ဗိမာန် ဗုံးခွဲခံရပြီးနောက် မြင်ကွင်း။ ဓာတ်ပုံ-အေအက်ဖ်ပီ

မြောက်ကိုရီးယားလုပ်ကြံသတ်ဖြတ်ရေးသမား Recce Company အဖွဲ့ဝင်တွေ ပုန်းခိုခဲ့တဲ့နေရာဟာ ရန်ကုန်မြို့က သံအရာရှိတွေအများစု နေထိုင်ကြတဲ့ အလုံမြို့နယ်ထဲမှာတည်ရှိတဲ့ မြောက်ကိုရီးယားသံမှူးနဲ့ သံတမန်တွေ နေထိုင်ကြတဲ့အိမ်တွေဖြစ်တယ်လို့ တရားခံတွေက တရားရုံးမှာ ဖြောင့်ချက်ပေးခဲ့ပါတယ်။

အကြိမ်ကြိမ် တွက်ဆမှုတွေ ၊အချိန်ကိုက်လှုပ်ရှားမှုတွေ လုပ်ခဲ့အပြီးမှာတော့ မြောက်ကိုရီးယား လက်ရွေးစင် တပ်သားတွေဟာ အဓိကစစ်ဆင်ရေးစဖို့ ပြင်ဆင်ပါတော့တယ်။

တောင်ကိုရီးယားသမ္မတ အာဇာနည်ဗိမာန်ကိုမသွားခင် သုံးရက်အလို၊ ၁၉၈၃ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့မှာတော့ အာဇာနည်ကုန်းနဲ့အနီးဆုံးနေရာတစ်ခုဖြစ်တဲ့ ကန်တော်ကြီးထဲက မြေပဒေသာကျွန်းထဲကို ဖောက်ခွဲရေးပစ္စည်းတွေ ရွှေ့ပြောင်းထားလိုက်ကြပါတယ်။ အဲဒီနေရာဟာ အခု ဂျပန်သံရုံးနဲ့ မျက်နှာခြင်းဆိုင်နေရာပဲ ဖြစ်ပါတယ်။

နောက်တစ်ရက်အကြာ၊ အောက်တိုဘာ ၇ ရက်နေ့၊ နံနက်မိုးမသောက်မီ၊ ရန်ကုန်မြို့သူ မြို့သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အိပ်ကောင်းနေတဲ့ နံနက် ၂ နာရီလောက်မှာတော့ ဗိုလ်မှူးဇင်ဘို၊ ဗိုလ်ကြီးဆင်ကီချုးနဲ့ ဗိုလ်ကြီး ကင်မင်ချုးတို့ သုံးယောက်ဟာ အာဇာနည်ဗိမာန် မျက်နှာကျက်ပေါ်မှာ အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲလို့ရမယ့် ဗုံးတွေ သွားရောက်တပ်ဆင်ပါတော့တယ်။

သူတို့သုံးယောက်ဟာ အဲဒီအချိန်ကစပြီး သံရုံးဘက်ခြေဦးမလှည့်တော့ဘဲ ရန်ကုန်မြို့ထဲက ပန်းခြံတွေထဲ လှည့်ပတ် ပုန်းအောင်းနေပါတော့တယ်။

တစ်လနီးပါးကြာ ကြိုတင်ပြင်ဆင်ထားတဲ့ လုပ်ကြံသတ်ဖြတ်မှုရဲ့နောက်ဆုံးအဆင့်ကို သူတို့သုံးယောက်ထဲက ရာထူးအကြီးဆုံးဖြစ်တဲ့ ဗိုလ်မှူးဇင်ဘိုက တာဝန်ယူရပါတယ်။ ကိုယ်နဲ့မကွာ ဆောင်ထားတဲ့ အဝေးထိန်းခလုတ်ကို ၁၉၈၃ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့၊ နံနက် ၁၀ နာရီ ၂၅ မိနစ်မှာ သူက ခလုပ်နှိပ်ပြီး ဗုံးတွေကို ဖောက်ခွဲပစ်လိုက်ပါတော့တယ်။

အဲဒီဖောက်ခွဲမှုကြောင့် အစိုးရအဖွဲ့ထဲက ဝန်ကြီးတွေအပါအဝင် တောင်ကိုရီးယား ၁၆ ဦးနဲ့ မြန်မာသုံးဦး သေဆုံးခဲ့ပြီး နောက်ထပ် ၄၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ နောက်ထပ် ရက်အနည်းငယ်ကြာတော့ မြန်မာတစ်ဦးနဲ့ ကိုရီးယားတစ်ဦး ဆေးရုံမှာ ထပ်မံသေဆုံးခဲ့ရပါတယ်။

ဒါပေမယ့် စစ်ဆင်ရေးရဲ့ နံပါတ်တစ် ပစ်မှတ်ဖြစ်တဲ့ တောင်ကိုရီးယားသမ္မတ ချန်ဒူးဟွမ်ကတော့ လွတ်မြောက်သွားပါတယ်။

ချန်ဒူးဟွမ်ဟာ ကြိုတင်စီစဉ်ထားတဲ့အတိုင်း အဲဒီနေရာကို ရောက်နေရမှာဖြစ်ပေမယ့် မိနစ်အနည်းငယ် နောက်ကျခဲ့တာကြောင့် ကံကောင်းထောက်မစွာနဲ့ လုပ်ကြံမှုကနေ လွတ်မြောက်သွားခဲ့ပါတယ်။

ဗုံးပေါက်ကွဲသံကြားပြီးတဲ့နောက်ပိုင်းမှာ စစ်ဆင်ရေးခေါင်းဆောင် ဇင်ဘိုဟာ သူ့အဖော်နှစ်ယောက်ဖြစ်တဲ့ ဗိုလ်ကြီးဆင်ကီချုးနဲ့ ဗိုလ်ကြီး ကင်မင်ချုးတို့ကို ထားခဲ့ပြီးတစ်ယောက်ထဲ ကိုယ်ယောင်ဖျောက်သွားပါတော့တယ်။

၁၉၈၃ ခုနှစ် ဗုံးခွဲခံရမှုတွင် သေဆုံးခဲ့ရသူများအတွက် တောင်ကိုရီးယားဝန်ကြီး Yun Byung-se က အာဇာနည်ဗိမာန်တွင် ၂၀၁၄ ခုနှစ်၊ ဇွန် ၆ ရက်နေ့က လွမ်းသူပန်းခွေ ချခဲ့သည်။ ဓာတ်ပုံ-အေအက်ဖ်ပီ

၁၉၈၃ ခုနှစ် ဗုံးခွဲခံရမှုတွင် သေဆုံးခဲ့ရသူများအတွက် တောင်ကိုရီးယားဝန်ကြီး Yun Byung-se က အာဇာနည်ဗိမာန်တွင် ၂၀၁၄ ခုနှစ်၊ ဇွန် ၆ ရက်နေ့က လွမ်းသူပန်းခွေ ချခဲ့သည်။ ဓာတ်ပုံ-အေအက်ဖ်ပီ

မြောက်ကိုရီးယား အထူးတပ်သား သုံးယောက်ဟာ ရန်ကုန်မြို့ထဲမှာ တစ်ရက်ပုန်းအောင်းနေပြီး နောက်တစ်ရက်မှာတော့ ရန်ကုန်မြစ်ဝမှာ သူတို့ကို စောင့်နေမယ်ဆိုတဲ့ သင်္ဘောဆီကို သွားဖို့ ကြိုးစားပါတော့တယ်။

အဖွဲ့ခေါင်းဆောင်ဇင်ဘိုဟာ ပုစွန်တောင်ချောင်းအတိုင်း ရေစီးနဲ့အတူ မျှောလာရင်း ပင်လယ်ထဲကိုထွက်ပြေးဖို့ ကြိုးစားပါတော့တယ်။ ဇင်ဘိုဟာ ပုစွန်တောင်ချောင်းထဲက ညောင်တန်းဆိပ်ကမ်းလို့ခေါ်တဲ့ ငါးဖမ်းသင်္ဘောတွေ ဆိုက်ကပ်လေ့ရှိတဲ့နေရာက သင်္ဘောတစ်စီးဘေးမှာ အမောဖြေနေခဲ့ပါတယ်။

ဒါကတော့ မြောက်ကိုရီးယား ကွန်မန်ဒိုခေါင်းဆောင်အတွက် အကြီးမားဆုံး ကျုးလွန်ခဲ့တဲ့ အမှားဖြစ်သွားပါတယ်။

အဲဒီအချိန်တုန်းက သင်္ဘောနားကိုကပ်တဲ့သူတွေဟာ သင်္ဘောပေါ်က ပစ္စည်းတွေကိုခိုးယူဖို့ ကြိုးစားလေ့ရှိတဲ့သူတွေပဲ ဖြစ်ပါတယ်။

“သူခိုးသူခိုးလို့ အော်သံကြားတော့ ကမ်းနားမှာလူတွေချက်ချင်း သူခိုးဖမ်းဖို့ ရောက်သွားကြတယ်” လို့ အဲဒီအချိန်တုန်းက ညောင်တန်းဆိပ်ကမ်းမှာရှိနေခဲ့တဲ့ ဒေါ်စန်းရီက ပြောပါတယ်။

အခုအချိန်မှာ အသက် ၈၆ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်စန်းရီဟာ အဲဒီအချိန်တုန်းကတော့ ညောင်တန်းမှာ အရက်ဆိုင်ဖွင့်ပြီး အသက်မွေးခဲ့တဲ့သူဖြစ်ပါတယ်။

“အဲဒီအချိန်မှာ သူ(ဇင်ဘို)က ကမ်းပေါ်တက်လာပြီး I am your friend. I am China လို့ ပြောတယ်”လို့ ဒေါ်စန်းရီက ပြန်ပြောပါတယ်။

အဲဒီအချိန်တုန်းက မြန်မာနိုင်ငံဟာ တံခါးပိတ် ဆိုရှယ်လစ်ဝါဒကျင့်သုံးခဲ့တဲ့အတွက် မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားသားဆိုတာ အလွန်ရှားတဲ့ကာလပါ။ ကမ်းနားကတစ်ချို့လူတွေက ဇင်ဘိုကို သာမန် နိုင်ငံခြားသားတစ်ယောက်လို့ ထင်ကြပေမဲ့ ဒေါ်စန်းရီကတော့ သတိနဲ့ ဆက်ဆံခဲ့ပါတယ်။

“ကျွန်မက တီဗီ တအားကြည့်တာ။ အဲဒီတုန်းက အာဇာနည်ကုန်း ဗုံးဖောက်တဲ့သူတွေ လွတ်နေတယ်လို့ တီဗီက တောက်လျှောက် ကြေငြာနေခဲ့တာ”လို့ ဒေါ်စန်းရီက ပြောပါတယ်။

ဇင်ဘိုကမ်းနားရောက်တော့ နိုင်ငံခြားသားကို ကြည့်ချင်တဲ့သူတွေ ဝိုင်းအုံလာတဲ့အတွက် ဇင်ဘိုတယောက် ရေထဲကို ပြန်ဆင်းပြေးသွားပါတော့တယ်။

အနားကပ်လာတဲ့သူတွေကို ဇင်ဘိုက လူသတ်ဗုံးအဖြစ် ပြုံယမ်းက ထည့်ပေးလိုက်တဲ့ ဖောင်တိန်ကို အသုံးပြုပြီး ဖောက်ခွဲလိုက်ပါတော့တယ်။ ဒါပေမယ့် ဗုံးဟာ သူ့လက်ထဲမှာတင် ပေါက်ကွဲသွားခဲ့ပြီး ဇင်ဘိုတစ်ယောက် လက်နှစ်ဘက်စလုံးမှာ ဒဏ်ရာရခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီဒဏ်ရာကြောင့် လက်နှစ်ဘက်လုံးကို သူဆုံးရှုံးခဲ့ပါတယ်။

ရေထဲဆင်းသွားတဲ့ဇင်ဘိုကို အရှင်ဖမ်းဖို့အတွက် ဒေါ်စန်းရီတစ်ယောက် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ သူ ရေထဲ လိုက်ဆင်းသွားပြီး ဇင်ဘိုကို အရှင်ရအောင်ဖမ်းပေးခဲ့ပါတယ်။

ဗုံးဖောက်ခွဲခဲ့အပြီး ဇင်ဘိုနဲ့ လမ်းခွဲထွက်ပြေးခဲ့ကြတဲ့ ဗိုလ်ကြီးဆင်ကီချုးနဲ့ ဗိုလ်ကြီး ကင်မင်ချုးတို့လည်း ဇင်ဘိုလို ရေလမ်းခရီးကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။

အခု ဂျပန်က အကြီးအကျယ် ရင်းနှီးမြုပ်နှံထားတဲ့ ရန်ကုန်မြို့ မြစ်ဝနားက သီလဝါဆိပ်ကမ်းအနီးက သခွပ်ပင်ရွာနားမှာ သူတို့ နှစ်ယောက် ခေတ္တနားနေခဲ့ကြပါတယ်။

အဲဒီတုန်းက အသက် ၂၃ နှစ်အရွယ် ကိုစိုးငြိမ်းဟာ မြစ်ထဲမှာ ငါးဖမ်းနေရင်း ကမ်းနားမှာထိုင်နေတဲ့ လူစိမ်း နှစ်ယောက်ကို သတိထားမိလိုက်ပါတယ်။

“သူတို့ နှစ်ယောက်က လက်ယပ်ခေါ်တယ်။ ပြီးတော့ ရွာဘက်ကို ပို့ပေးဖို့ ပြောတယ်” လို့ ကိုစိုးငြိမ်းက ပြောပါတယ်။

မြောက်ကိုရီးယားနှစ်ယောက်လုံးဟာ လွယ်အိပ်ထဲကို လက်တစ်ဘက် အမြဲထည့်ထားပြီး အခြားတစ်ဘက်မှာလည်း ဒေါ်လာတွေ ကိုင်ထားတယ်လို့ ကိုစိုးငြိမ်းက ပြောပါတယ်။

ဦးနေဝင်းအစိုးရလက်ထက် ဆိုရှယ်လစ်ခေတ်ဖြစ်တဲ့ အဲဒီအချိန်က နိုင်ငံခြားငွေကိုင်တာဟာ ဥပဒေချိုးဖောက်မှု တစ်ခုပဲ ဖြစ်ပါတယ်။

တံငါရွာသား ကိုစိုးငြိမ်းနဲ့ သူ့သူငယ်ချင်းတို့ဟာ မြောက်ကိုရီးယား ကွန်မန်ဒိုနှစ်ယောက်ကို ရွာကိုခေါ်လာခဲ့ပါတယ်။ ရွားနားရောက်တော့ ကိုစိုးငြိမ်းက အိမ်သာတက်ချင်ကြောင်းပြောပြီး လှေပေါ်က ဆင်းနေခဲ့ပါတယ်။ နောက်တော့ ရွာအနီးအနားမှာရှိတဲ့ ရဲကင်းကို သွားပြီး သတင်းပို့လိုက်ပါတော့တယ်။

မြောက်ကိုရီးယားလုပ်ကြံသတ်ဖြတ်ရေးအဖွဲ့ခေါင်းဆောင်ကို အရှင်ဖမ်းပေးခဲ့သည့် ဒေါ်စန်းရီက ၎င်းရရှိထားသည့် ဂုဏ်ပြုလက်မှတ်အား ပြသနေစဉ်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

မြောက်ကိုရီးယားလုပ်ကြံသတ်ဖြတ်ရေးအဖွဲ့ခေါင်းဆောင်ကို အရှင်ဖမ်းပေးခဲ့သည့် ဒေါ်စန်းရီက ၎င်းရရှိထားသည့် ဂုဏ်ပြုလက်မှတ်အား ပြသနေစဉ်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ရဲတွေက နိုင်ငံခြားငွေကိုင်ဆောင်တဲ့ သူတွေကို လာရောက်စစ်ဆေးပြီး သူတို့ အိပ်တွေကိုရှာဖွေဖို့ လုပ်ပါတော့တယ်။ အဲဒီအချိန်မှာ မြောက်ကိုရီးယားနှစ်ယောက်က အရှာမခံပဲ သူတို့မှာပါလာခဲ့တဲ့ ဖောင်တိန်ဗုံးကို အသုံးပြုပြီး တိုက်ခိုက်ပါတော့တယ်။

ဇင်ဘိုဖြစ်ခဲ့သလိုပဲ ဗုံးဟာ အခြားသူတွေကိုမတိုက်ခိုက်မီ ဖောက်ခွဲတဲ့သူတွေလက်ထဲမှာပဲ ပေါက်ကွဲသွားပါတော့တယ်။ အဲဒီပေါက်ကွဲမှုကြောင့် ဗိုလ်ကြီးဆင်ကီချုး သေဆုံးသွားပြီး ဗိုလ်ကြီး ကင်မင်ချုးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

ကင်မင်ချုးဟာ လယ်ကွင်းတွေထဲမှာ တစ်ရက်ကြာ ပုန်းအောင်းနေရာကနေ အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ သူ့ကို လုံခြုံရေးတပ်ဖွဲ့တွေက ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ ဒါပေမယ့် ကင်မင်ချူးက လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မြန်မာလုံခြုံရေး တပ်သားသုံးဦး သေဆုံးခဲ့ပါတယ်။

အသက်ရှင်လျှက် ဖမ်းမိခဲ့တဲ့ ဇင်ဘိုနဲ့ ကင်မင်ချုးတို့ကို စစ်ဆေးချိန်မှာတော့ ကင်မင်ချုးက မြန်မာအစိုးရနဲ့ ပူးပေါင်းခဲ့ပြီး ဖြစ်စဉ်ကို ဖွင့်ချပြောကြားခဲ့ပါတယ်။ လုပ်ကြံမှုနောက်ကွယ်မှာ ရန်ကုန်က မြောက်ကိုရီးယား သံအရာရှိတွေနဲ့ ပြုံးယမ်းက စစ်အရာရှိတွေ ပါဝင်တယ်လို့ သူက ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။

နောင်နှစ်တွေကြာလာတော့ အင်းစိန်ထောင်အတွင်းမှာ ကင်မင်ချုးနဲ့ စကားပြောခွင့်ရခဲ့တဲ့ အမည်မဖော်လိုသူတွေရဲ့ အဆိုအရ လူသတ်ဗုံးအဖြစ် အသုံးပြုတဲ့ ဖောင်တိန်ဟာ တခြားသူတွေကို မတိုက်ခိုက်မီ အသုံးပြုတဲ့သူတွေ သေဆုံးအောင်စီမံထားပြီး သူတို့ကို လက်စဖျောက်ဖို့ စီစဉ်ထားတာဖြစ်တဲ့အတွက် စိတ်နာပြီး ဝန်ခံခဲ့တယ်လို့ ကင်မင်ချူးပြောစကားကို ကိုးကားပြီး ပြောကြပါတယ်။

ဒါပေမယ့် ဇင်ဘိုကတော့ မြန်မာအစိုးရနဲ့ တရားရုံးက စုံစမ်းစစ်ဆေးမှုတွေကို ဝန်ခံတာ၊ ဒါမှမဟုတ် ငြင်းဆန်တာတွေ တစ်ခုမှ မလုပ်ခဲ့ပါဘူး။

လုပ်ကြံမှုနောက်ကွယ်မှာ မြောက်ကိုရီးယားအစိုးရရှိနေတာကို မြန်မာဘက်က ရှင်းရှင်းလင်းလင်း သိခဲ့ပြီးတဲ့နောက် ၁၉၈၃ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့မှာ မြောက်ကိုရီးယားနဲ့ သံတမန်အဆက်အသွယ် ဖြတ်လိုက်ကြောင်းနဲ့ နောက်ထပ် ၄၈ နာရီအတွင်း နိုင်ငံထဲကထွက်သွားဖို့ ရန်ကုန်က မြောက်ကိုရီးယား သံတမန်တွေကို သတိပေးလိုက်ပါတယ်။

အဲဒီနောက် နောင်ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနဲ့ မြောက်ကိုရီးယားတို့သံတမန်အဆက်ပြတ်သွားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှ မြန်မာ့တပ်မတော်ထိပ်တန်းအရာရှိတွေ မြောက်ကိုရီးယားကို သွားရောက် လည်ပတ်တာတွေ ပြုလုပ်ခဲ့ကြပြီး သံတမန်အဆက်အသွယ် ပြန်လည်စတင်ခဲ့ပါတယ်။

လုပ်ကြံမှုနဲ့ ဖမ်းဆီးထားတဲ့ မြောက်ကိုရီးယားနှစ်ဦးကို တရားရုံးမှာ ရက်ပေါင်းများစွာ အမှုစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ၁၉၈၃ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့မှာ သူတို့ကို တရားရုံးက ဒေဒဏ် ချမှတ်လိုက်ပါတော့တယ်။

စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ဖို့ ငြင်းဆန်တဲ့ ဇင်ဘိုကို သေဒဏ်ပေးခဲ့ပေမယ့် ဖော်ကောင်အဖြစ် သက်သေလိုက်ခဲ့တဲ့ ကင်မင်ချူးကိုတော့ ရန်ကုန်မြို့က လုံခြုံရေးအတင်းကျပ်ဆုံးဖြစ်တဲ့ အင်းစိန်ထောင်မှာ ထိန်းသိမ်းထားခဲ့ပါ တယ်။

အင်းစိန်အကျဉ်းထောင်မှာ ထောင်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးတဲ့ ဦးသိန်းဝင်းဟာ ကင်မင်ချုးနဲ့ တွေ့ဆုံ စကားပြောခွင့်ရခဲ့သူတယောက်ဖြစ်ပါတယ်။ ထောင်ထဲမှာတင် မြန်မာစကားကို ရေရေလည်လည် ပြောတတ်တဲ့အထိ သင်ယူခဲ့တဲ့ ကင်မင်ချုးဟာ ယေဘူယျအားဖြင့် ရည်မွန်ဖော်ရွေတဲ့ သူတယောက် ဖြစ်တယ်လို့ သူကဆိုပါတယ်။

“မြန်မာတွေဟာ သူ့ရန်သူမဟုတ်ဘူး။ သူလည်း တာဝန်ပေးချက်အရ လာလုပ်ရတာ။ မြန်မာတွေ သေတယ်ကြားတော့ စိတ်မကောင်းဘူးလို့ ပြောဖူးတယ်”လို့ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက Frontier နဲ့ တွေ့ဆုံစဉ်မှာ ဦးသိန်းဝင်းက ပြောပါတယ်။

သူဟာထောင်ထဲက အိမ်ငယ်လေးတစ်လုံးထဲမှာ အေးအေးချမ်းချမ်း နေထိုင်ခဲ့ရပါတယ်။ ဦးနေဝင်းက သူ့ကို နှစ်ခြိုက်တဲ့အတွက် အသက်ရှင်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ ကောလဟလတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ တောင်ကိုရီးယားအစိုးရက သူ့ကို လွှဲပြောင်းပေးဖို့ ထပ်ခါထပ်ခါ တောင်းဆိုမှုတွေကိုလည်း ဦးနေဝင်းက ပယ်ချခဲ့ပါတယ်။

ကင်မင်ချူးကို အင်းစိန်ထောင်ထဲမှာ တွေ့ဖူးတဲ့သူတချို့ကတော့ သူဟာ အဝလွန်ရောဂါဖြစ်နေပြီး မကြာခဏ စိတ်တို အော်ဟစ်နေတာတွေ တွေ့ဖူးတယ်လို့ ဆိုပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ ကင်မင်ချူးတယောက် အသည်းကင်ဆာရောဂါနဲ့ အင်းစိန်ထောင်ထဲမှာ ကွယ်လွန်သွားခဲ့ပါတယ်။

တောင်ကိုရီးယား အစိုးရဘက်ကတော့ အစဦးပိုင်းမှာ လုပ်ကြံမှုအတွက် မြန်မာအစိုးရကို အပြစ်တင်ခဲ့ပြီး လက်သည် ဖမ်းပေးဖို့ ဖိအားပေးခဲ့ပါတယ်။

ဒါပေမယ့် ရက်ပိုင်းအတွင်းမှာ တရားခံဖမ်းနိုင်ခဲ့တဲ့အတွက် မြန်မာနဲ့ တောင်ကိုရီးယားအကြားဆက်ဆံရေး အဖုအထစ် ဖြစ်မယ့်အရေးက ရှောင်လွဲနိုင်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်၊ ဇွန်လက ပြုလုပ်ခဲ့သည့် အောက်မေ့ဖွယ်အခမ်းအနားအပြီးတွင် တွေ့ရသည့် လွမ်းသူပန်းခွေ။ ဓာတ်ပုံ-အေအက်ဖ်ပီ

၂၀၁၄ ခုနှစ်၊ ဇွန်လက ပြုလုပ်ခဲ့သည့် အောက်မေ့ဖွယ်အခမ်းအနားအပြီးတွင် တွေ့ရသည့် လွမ်းသူပန်းခွေ။ ဓာတ်ပုံ-အေအက်ဖ်ပီ

တရားခံဖမ်းပေးခဲ့တဲ့ ပြည်သူတွေကို မြန်မာအစိုးရဘက်က ဆက်ဆံပုံတွေကတော့ ဆိုးရွားလွန်းခဲ့ပါ တယ်။

ဇင်ဘိုကိုဖမ်းပေးခဲ့တဲ့ ဒေါ်စန်းရီကို မြောက်ကိုရီးယားတွေရဲ့ စကားပြန်ဆိုပြီး မြန်မာလုံခြုံရေးအရာရှိတွေက ဖမ်းဆီးခဲ့ပါသေးတယ်။

“ကျွန်မကို ရေခဲတွေဘာတွေနဲ့ စိမ်တော့မယ်။ လျှပ်စစ်တွေဘာတွေနဲ့လည်း တို့တော့မယ်။ ရဲတယောက်က ကျွန်မနဲ့သိတော့ မဟုတ်ဘူးဆိုတာပြောတော့မှ သက်သာရာရသွားတာ”လို့ ဒေါ်ခင်စိန်က ပြောပါတယ်။

တရားခံဖမ်းပေးတဲ့သူတွေကို ဆုအဖြစ် ဖွင့်လို့မရတဲ့ ကတ်ဆက်တစ်လုံးနဲ့ အခွေနှစ်ခွေစီကို မြန်မာအစိုးရက လက်ဆောင်ပေးခဲ့ပါတယ်။

“ကတ်ဆက်က ရေစိုနေပြီး ဖွင့်မရလို့ သူများကို ပေးလိုက်ရတယ်”လို့ ဒေါ်ခင်စိန်က ပြောပါတယ်။ အခုတော့ သူဟာ ဘဝကို ဆင်းရဲကျပ်တည်းစွာ ရုန်းကန်နေရပြီး နေ့စဉ်စားဝတ်နေရေးအတွက် အလှူခံပြီး ဖြေရှင်းနေရပါတယ်။

အာရှအရှေ့ဖျားက အထူးလေ့ကျင့်ထားတဲ့ မြောက်ကိုရီးယား သူလျှိုတွေဟာ သူတို့ရန်သူတွေကို ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်လေ့ရှိတဲ့ဓလေ့ဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပါတယ်။

၁၉၈၃ ခုနှစ်က လုပ်ကြံသတ်ဖြတ်ရေးသမားတွေကြောင့် မြန်မာနဲ့ မြောက်ကိုရီးယားအကြား သံတမန်အဖု အထစ်တွေ ဖြစ်ခဲ့တယ်ဆိုပေမယ့် လုပ်ကြံသတ်ဖြတ်ရေးသမားတွေကို မြန်မာပြည်သူတွေ ဖမ်းဆီးနိုင်ခဲ့ပြီး နိုင်ငံအတွက် အရှက်ရမယ့်အဖြစ်ကနေ ကယ်တင်ခဲ့တာဖြစ်ပါတယ်။

“မလေးရှားလိုနေရာမှာ မမိပေမယ့် ကျွန်မတို့တုန်းက အသက်စွန့် ဖမ်းပေးခဲ့တယ်။ ဒါပေမယ့် မြန်မာအစိုးရအဆက်ဆက်က ဂုဏ်မယူတဲ့အပြင် လမ်းဘေးက သူတောင်းစားဆိုပြီး ပစ်ထားတယ်” လို့ ဒေါ်စန်းရီကပြောပါတယ်။

ခေါင်းစီးဓာတ်ပုံ- အာဇာနည်ဗိမာန်တွင် ဗုံးပေါက်ပွဲမှုဖြစ်ပွားပြီးနောက် တွေ့ရသည့်မြင်ကွင်း။ ဓာတ်ပုံ-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar