မြေယာအမှုအခင်းများကို လေ့လာစိစစ်ရေး ကော်မတီများ ဖွဲ့စည်းရန် အစိုးရ၏ ဆုံးဖြတ်ချက်သည် အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ် ဖြစ်သော်လည်း ယင်းတို့မှာ မင်းတိုင်းကျေသဘောသာသာမျှသာ ဖြစ်နိုင်သည်။
ကိတ်လင်း ပီးယားစ် နှင့် ရဲရင့်ထွန်း ရေးသားသည်။
စစ်အစိုးရ အုပ်ချုပ်မှု ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက် အစိုးရသစ်အတွက် ချန်ထားခဲ့သော ဥပဒေရေးရာ ပြဿနာ တသီတတန်းကြီးအနက် မြေယာသိမ်းဆည်းမှု ပြဿနာသည် အရေးအကြီးဆုံး ပြဿနာတစ်ရပ် ဖြစ်ခဲ့သည်။ ယခုအခါ လုပ်ငန်းများ ရပ်ဆိုင်းသွားပြီဖြစ်သော လွှတ်တော် မြေယာစုံစမ်းရေး ကော်မတီ၏ အဆိုအရ ၁၉၈၀ ပြည့်လွန်နှစ်များနှင့် ၂၀၀၀ ပြည့်လွန်ကနဦးနှစ်များအတွင်း စစ်တပ်၊ အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီများက သိမ်းဆည်းခဲ့သော မြေဧကမှာ ၅၀၀,၀၀၀ ကျော် ရှိကြောင်းနှင့် အများစုကို အကြီးစား လယ်ယာစိုက်ပျိုးရေး စီမံကိန်းများတွင် အသုံးပြုခဲ့ကြောင်း သိရသည်။ အခြားခန့််မှန်းချက်များအရ ဧကသန်းဂဏန်းရှိသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် မြေယာပိုင်ဆိုင်ခွင့်ကို အလေးပေး၍ ဥပဒေရေးရာ ကိစ္စများကို ဆောင်ရွက်လျက်ရှိသော Namati မှ ရရှိသော ကိန်းဂဏန်း အချက်အလက်များအရ စစ်အုပ်ချုပ်ရေးကာလအတွင်း လယ်ယာသိမ်းဆည်းခံရသူများအနက် ၇၀ ရာခိုင်နှုန်းကျော်မှာ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် အခြားမြေများကိုလည်း ပြန်လည်မရရှိခဲ့ပေ။
အကျိုးဆက်အားဖြင့် အများစုမှာ ပျံကျလုပ်သားကဲ့သို့သော ပိုမိုခက်ခဲပြီး မရေရာသည့် အသက်မွေးမှု ဘဝလမ်းကြောင်းပေါ်သို့ သက်ဆင်းကျရောက်ခဲ့သည်။ ထို့အပြင် အများစုမှာ သူတို့ပိုင်ဆိုင်ခွင့်ရှိသည်ဟု ယုံကြည်ထားသော မြေများပေါ်တွင် ကျူးကျော်ထွန်ယက် စိုက်ပျိုးမှုဖြင့် တရားစွဲဆိုခံရလျက်ရှိသည်။
ဒီမိုကရေစီ နည်းလမ်းအရ ရွေးချယ်တင်မြှောက်ထားသော အစိုးရအဖြစ်သို့ အကူးအပြောင်းတွင် မိမိတို့လယ်မြေများကို ပြန်လည်ရရှိလိမ့်မည်ဟု အများစုက မျှော်လင့်ခဲ့ကြသည်။
အစိုးရတာဝန်ကို လက်ခံရယူပြီးနောက် လအနည်းငယ်မျှအကြာတွင် ဒုတိယသမ္မတ ဟင်နရီ ဗန်ထီးယူ ဦးဆောင်သော သိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပေးခဲ့သည်။ “လယ်ယာမြေ မတရားသိမ်းယူမှု” အမှုအခင်းများကို စုံစမ်းစစ်ဆေးရန် တာဝန်အပ်နှင်းခြင်းခံရသော ဗဟိုကော်မတီသည် အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်တွင် အလားတူအဖွဲ့များကိုလည်း ဖွဲ့စည်းပေးခဲ့သည်။
မြေယာ ပြန်လည်တောင်းဆိုမှုများကို စုံစမ်းစစ်ဆေးသည့် လုပ်ငန်းများကို ဦးသိန်းစိန် အစိုးရလက်ထက်က စတင် ဆောင်ရွက်ခဲ့သော်လည်း ယခုကော်မတီများက ရှေ့တစ်လှမ်းတိုး၍ ဆောင်ရွက်ခဲ့သည်။ ကော်မတီများသည် မြို့ပြလူမှုအဖွဲ့အစည်းများ၊ ကျေးရွာခေါင်းဆောင်များနှင့် ပြည်သူ့ကိုယ်စားလှယ်များကို တရားဝင် ပါဝင်ခွင့်ပြုပြီး အစိုးရဝန်ထမ်းများ၊ စစ်တပ်နှင့်အတူ ကော်မတီတွင် ပူးတွဲဆောင်ရွက်ခွင့်ပြုခဲ့သည်။
အစိုးရ၏ အစီအစဉ်မှာ ချီးကျူးထိုက်သော ဆောင်ရွက်ချက်ဖြစ်သော်လည်း ထိထိရောက်ရောက် တိုးတက်မှု မရှိပါက မင်းတိုင်းကျေ ဆောင်ရွက်သည့် သဘောမျိုး ဖြစ်လာနိုင်သည့် အန္တရာယ်ရှိသည်။
အနည်းဆုံး သီအိုရီအရ ဆိုပါက ကော်မတီ၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ လွယ်ကူရှင်းလင်းသည်။ အရပ်ဘက် အဖွဲ့အစည်းများ မပါဝင်ဘဲ တစ်ခုတည်းသော အဆင့်အဖြစ် ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့် ဗဟိုကော်မတီသည် အမှုတွဲများကို လေ့လာရမည့် မူဝါဒများနှင့် လမ်းညွှန်မှုများကို ချမှတ်သည်။ တိုင်းဒေသကြီး/ ပြည်နယ်ကော်မတီသည် အမှုကို စုံစမ်းစစ်ဆေးရန်လို မလို၊ အမှုတွဲများကို လေ့လာစိစစ်ပြီး လိုအပ်ပါက အမှုတွဲကို ခရိုင်အဆင့်ကော်မတီအား လွှဲပေးသည်။
ထိုမှတဆင့် အမှုတွဲသည် မြို့နယ်အဆင့်နှင့် ကျေးရွာအဆင့်သို့ ရောက်ရှိသည်။ ယင်းအဆင့်တွင် အရပ်သားများနှင့် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ ၌ အစိုးရက ဖွဲ့စည်းထားသော အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အဖွဲ့ဝင်တို့ ပူးပေါင်းပြီး မြေပြင် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သည်။ စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်ပြီးနောက် အမှုတွဲများကို ဖြေရှင်းပေးရန် တာဝန်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်ကော်မတီများထံ တင်ပြရသည်။
လုပ်ငန်းဆောင်ရွက်မှု နည်းစဉ်ကို သိမြင်နားလည်မှု နည်းပါးသည့်အတွက် အများပြည်သူတို့အား အသိပညာပေးသည့် လှုပ်ရှားမှုကို အပြင်းအထန် ဆောင်ရွက်ရန်လိုသည်။ ကော်မတီအဖွဲ့ဝင်အချို့က သတင်းအချက်အလက်များကို သတင်းစာ၊ သို့မဟုတ် မီဒီယာများတွင် ထည့်သွင်းဖော်ပြပေးသော်လည်း လိုရာသို့ စနစ်တကျ မရောက်သည်ကို တွေ့ရသည်။
ထို့နည်းတူ မြေယာ ပြန်လည်တောင်းဆိုသူများသည် မိမိတို့ တောင်းဆိုထားသော ကိစ္စ၏ နောက်ဆုံး အခြေအနေကို မရရှိနိုင်အောင် ဖြစ်နေပြီး ရလဒ်အားဖြင့် လယ်သမား အများစုသည် တရားရုံး စစ်ဆေးမှုအတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေရကာ မိမိတို့ အမှုကိစ္စကို သိနိုင်ရန် နည်းမျိုးစုံဖြင့် ချဉ်းကပ်ဆောင်ရွက်နေရသည်။ ယင်းအခြေအနေက အမှုတွဲအများအပြားကို လုပ်ငန်းများ ထပ်နေအောင် ဖြစ်ပေါ်စေပြီး စွမ်းဆောင်ရည်ကျ လုပ်ငန်းစဉ်များကို အလုပ်ပိုပိလာစေသည်။ အမှုတွဲများ၏ ရာခိုင်နှုန်း ၅၀ ကျော်မှာ တစ်ချိန်တည်းတွင် ကော်မတီ တစ်ခုထက်ပို၍ တင်ပြထားသည်ကို ကိန်းဂဏန်း အချက်အလက်များအရ သိရသည်။
ကော်မတီ အဆင့်ဆင့်သည် အချင်းချင်း ဆက်သွယ်မှု နည်းပါးသည့်အတွက် အမှုတွဲများကို အရေးယူ ဆောင်ရွက်မှုမရှိဘဲ လပေါင်းများစွာ အချိန်ကြာမြင့်နေသည့်သဘော ရှိသည်။ အမှုတွဲတစ်ခုကို အဘယ့်ကြောင့် ငြင်းပယ်သည်ဟူသော အချက်ကို ပြန်လည်တုံ့ပြန် အကြောင်းမကြားသည့်အတွက် မယုံကြည်မှုကို ပေါက်ဖွားစေခဲ့သည်။ အစိုးရကလည်း တောင်းဆိုချက်များ လက်ခံရရှိမှုနှင့် ဖြေရှင်းဆောင်ရွက်မှု အရေအတွက်တို့ကို စဉ်ဆက်မပြတ် ထုတ်ပြန်ကြေညာခြင်း မရှိပေ။ ဖြေရှင်းဆောင်ရွက်နိုင်မှု အခြေအနေမှာ တွေ့ကြုံရသော အထောက်အထားများအရ ၅ ရာခိုင်နှုန်းအောက် ရှိမည်ဟု ခန့်မှန်းရသည်။
စွမ်းဆောင်ရည် မပြည့်ဝခြင်း၊ ဗဟိုမှလမ်းညွှန်ချက် မရှင်းလင်းခြင်း၊ စုံစမ်းထောက်လှမ်းမှု အရည်အသွေး ညံ့ဖျင်းခြင်းနှင့် စိတ်ဝင်စားမှု မရှိခြင်း စသည့်အချက်များအားလုံးကြောင့် တိုးတက်မှုကို ဆုတ်ယုတ်စေသည်။ ကော်မတီများသည် လယ်ယာမြေကိစ္စ တရားမျှတမှုအတွက်သာမက နိုင်ငံ၏ ဒီမိုကရေစီ အသွင်ပြောင်းမှုနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ အာဏာခွဲဝေမှုအတွက် စမ်းသပ်ချက် တစ်ခုဖြစ်သည်။ တရားဝင်အားဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အမှုအခင်းများကို ဖြေရှင်းရန် အာဏာရှိသည်ဟု ဆိုသော်လည်း လက်တွေ့အခြေအနေနှင့် ကွာခြားလျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်မည့်အစား အပြီးသတ် ဆုံးဖြတ်ချက် ရယူရန် အစီရင်ခံစာများနှင့် ထောက်ခံတင်ပြချက်များကို ဗဟိုကော်မတီသို့ တင်ပြနေကြသည်။ ယင်းအဆင့်မှာ လွှတ်တော်ကိုယ်စားလှယ်များ၊ သို့မဟုတ် နိုင်ငံသားများ မပါဝင်သောအဆင့် ဖြစ်သည်။
“တခါတရံ ကော်မတီဥက္ကဋ္ဌက ထောက်ခံတင်ပြချက်တွေကို ဗဟိုအဆင့်ကို တင်ပြပါတယ်။ စာရွက်စာတမ်းတွေမှာ ကျွန်တော် လက်မှတ်ထိုးဖို့ အခွင့်အရေးတောင် မရပါဘူး။ အမှုတွဲတွေကို သူတို့က လေ့လာသုံးသပ်ပြီး ထောက်ခံတင်ပြချက်တွေကို သူတို့ရေးတဲ့အတွက် ကော်မတီမှာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးက အာဏာအရှိဆုံးပါပဲ။ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးက အစိုးရအရာရှိတွေပါ။ ဒီမိုကရေစီကို အလေးအနက် ထားတယ်ဆိုရင် အတွင်းရေးမှူးက လယ်သမားကိုယ်စားလှယ် ဖြစ်သင့်ပါတယ်” ဟု ပြည်နယ်အဆင့် ကော်မတီမှ နိုင်ငံသား ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
ကော်မတီက မြေကို ပြန်ပေးရန် ဆုံးဖြတ်သည့်တိုင်အောင် ဇာတ်လမ်းက မပြီးသေးပေ။
မြို့ပြလူမှုအဖွဲ့အစည်းများ CSOs၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနေများနှင့် ကော်မတီဝင်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အပါအဝင် အချိန်အကြာကြီး ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရှမ်းကုန်းကျေးရွာမှ လယ်သမား အများအပြားအား သူတို့မြေတွေကို ပြန်ပေးမည့်အကြောင်း ဧပြီလက ပြောခဲ့သည်။ လပေါင်းများစွာ ကြာသည့်တိုင်အောင် လွှဲပြောင်းပေးအပ်နိုင်ခြင်း မရှိသေးချေ။
သို့သော်လည်း ယခုကဲ့သို့ ပူးပေါင်ဆောင်ရွက်မှုမှ ရရှိလာသော ရလဒ်အဖြစ် ဆုံးဖြတ်ချက် ချနိုင်လိုက်သည့် အချက်ကမူ အားတက်စရာကောင်းသော လက္ခဏာ တစ်ခုဖြစ်သည်။ ဆုံးဖြတ်ချက်ချရာတွင် ပူးပေါင်းပါဝင်သော ယခုပုံစံမျိုးက ပါဝင်ပတ်သက်နေသူ အားလုံး၏ တွေးခေါ်မှု အလေ့အထကို အသစ်ပြောင်းရန်လိုအပ်လျက်ရှိသည်။ မြေယာနှင့် ဆက်နွယ်နေသော ဆွေးနွေးမှုများတွင် နိုင်ငံသားများ ပါဝင်ခွင့်ရခဲ့သော နောက်ဆုံးအချိန်မှာ လွန်ခဲ့သောနှစ် ၆၀ အကြာ ဦးနုခေတ်က ဖြစ်သည်။
မြေယာကော်မီတီများအတွက် ကျော်လွှားရမည့် စိန်ခေါ်မှုများမှာ အမြောက်အမြား ရှိနေဆဲဖြစ်သည်။ သို့သော်လည်း မြေယာသိမ်းဆည်းမှု ပြဿနာကို ထိရောက်စွာ ထိန်းချုပ်နိုင်မည်ဆိုပါက ယင်းတို့သည် အစိုးရက ပြည်သူအတွက် အရေးပါပြီး ရှုပ်ထွေးသော ပြဿနာကို တုံ့ပြန်နိုင်သည်၊ တဖန် မြန်မာနိုင်ငံသားများအား သြဇာအာဏာရှိ ဇာတ်ဆောင်များအဖြစ် ခွင့်ပြုပေးနိုင်သည်ဟူသော အချက်နှစ်ချက်ကို ပုံဖော်ပေးနိုင်မည်ဖြစ်သည်။ ယင်းနှစ်ချက်စလုံးမှာ စစ်မှန်သော ဒီမိုကရေစီ၏ မဏ္ဍိုင်များ ဖြစ်ကြသည်။
ဉာဏ်တင် ဘာသာပြန်သည်။
ကိတ်လင်း ပီးယားစ်သည် မြန်မာ့မြေယာ အခွင့်အရေးကို အဓိကထား ဆောင်ရွက်သော ကမ္ဘာ့ဥပဒေရေးရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Namati ၏ မူဝါဒရေးရာ မန်နေဂျာဖြစ်သည်။ ရဲရင့်ထွန်းသည် Namati ၏ မြန်မာပရိုဂရမ် မန်နေဂျာ ဖြစ်သည်။