လွန်ခဲ့သည့် မတ်လလယ်ခန့်က ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီက ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွဲမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမား အများအပြား လှိုင်သာယာကို စွန့်ခွာခဲ့ကြရသည်။ ဆန္ဒပြပွဲများ ငြိမ်သက်သွားသည့် လက်ရှိအချိန်တွင် အများစုက လှိုင်သာယာသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သော်လည်း အလုပ်လက်မဲ့ပြဿနာကို အကြီးအကျယ်ရင်ဆိုင်နေရသည်။
ဖရွန်းတီးယားမြန်မာ
မြန်မာ့နှစ်သစ်ကူးအလွန် နှစ်ဆန်း၂ရက်နေ့ဖြစ်သော ဧပြီ၁၈ရက်တွင် ရန်ကုန်မြို့အနောက်ဘက်ရှိ လှိုင်သာယာမြို့နယ်သည် တစ်လကျော်ကြာ တိတ်ဆိတ်နေခဲ့ရာမှ ပြန်လည်စည်ကားလာသည်။ သင်္ကြန်အားလပ်ရက်ရှည် ကုန်ဆုံးသွားပြီးနောက် လူအများအပြားသည် ဝန်စည်စလွယ်များကို တင်ဆောင်ထားသော မော်တော်ဆိုင်ကယ်၊ အငှားယာဉ်များနှင့် ကိုယ်ပိုင်ကားများအသီးသီးဖြင့် စက်မှုမြို့တော်လှိုင်သာယာကို ပြန်လည်ဝင်ရောက်လာကြသည်။
၎င်းတို့သည့် ဆန္ဒပြသူအများအပြား အသတ်ခံခဲ့ရသော မြို့နယ်လေးသို့ ပြန်လည်အခြေချလာကြခြင်းလည်း ဖြစ်သည်။ မတ်၁၄ရက်က စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို လက်နက်အပြည့်အစုံဖြင့် ဖြိုခွင်းသတ်ဖြတ်ခဲ့ခြင်းကြောင့် ဆန္ဒပြသူအနည်းဆုံး ၅၈ဦး သေဆုံးခဲ့ရသည်။ စက်ရုံအများအပြား မီးလောင်ကျွမ်းခဲ့ပြီးနောက် စစ်ကောင်စီက လှိုင်သာယာနှင့် အနီးရှိ ရွှေပြည်သာမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။
စစ်အုပ်ချုပ်ရေး ကြေညာပြီးသည့်နောက် စစ်တပ်၏နေ့စဉ်နှင့်အမျှ ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်းပြီး ပစ်ခတ်သတ်ဖြတ်ခြင်းနှင့်အတူ အထည်ချုပ်စက်ရုံအလုပ်သမား အများအပြား အလုပ်လက်မဲ့ဖြစ်လာခြင်းကြောင့် သိန်းနှင့်ချီသော ပြည်တွင်းရွှေ့ပြောင်း နေထိုင်သူများသည် ၎င်းတို့၏ နေရပ်ကျေးရွာများသို့ ပြန်သွားခဲ့ကြသည်။ ဆယ်စုနှစ်တစ်ခုစာအတွင်း ကျေးလက်များမှ ရွှေ့ပြောင်းလာသူများကြောင့် လူဦးရေတစ်သန်းနီးပါးရှိသော လှိုင်သာယာမြို့နယ်သည် ရုတ်ချည်းဆိုသလို ခြောက်ကပ်တိတ်ဆိတ်သွားခဲ့သည်။
သို့သော် တစ်လခန့်အကြာ စစ်ကောင်စီ၏လူမဆန်သော နှိမ်နှင်းမှုများကြောင့် ဆန္ဒပြပွဲများလည်း နည်းပါးလာသည့်အချိန်တွင် မြို့ကိုစွန့်ခွာခဲ့ကြသော ရွှေ့ပြောင်းအလုပ်သမားများသည် လှိုင်သာယာကို ပြန်လည်အခြေချရန် ကြိုးပမ်းလာကြသည်။ ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းကြောင့် မြို့ပြသို့ ပြန်လည်အခြေချခြင်းကသာလျှင် ၎င်းတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာတစ်ခုဖြစ်ခဲ့သည်။
သို့သော် စက်ရုံပိတ်သိမ်းမှုများ များပြားလာခြင်းနှင့် ကုန်ထုတ်လုပ်မှု လျော့ကျလာခြင်းများကြောင့် အာဏာသိမ်းပြီးနောက် အလုပ်လက်မဲ့ဖြစ်ခဲ့ရသော အလုပ်သမားများသည် အလုပ်သစ်ရှာဖွေရန် ခက်ခဲနေကြသည်။ တစ်ဖက်တွင် စရိတ်ကြီးမားသော မြို့ပြ၏နေစရိတ်၊ စားစရိတ်ဒဏ်များကို ခံနေရသည်။ ယင်းအခြေအနေသည် အနာဂတ်တွင် အငတ်ဘေးကြုံခြင်းနှင့် အိမ်ခြေရာမဲ့ဖြစ်ခြင်းကို မြင့်တက်လာစေနိုင်သည်။
လှိုင်သာယာဖိနပ်စက်ရုံတစ်ခု၏ အလုပ်သမားခေါင်းဆောင်ဖြစ်သူ မနွဲ့ရီဝင်းက အလုပ်သမားများအနေဖြင့် ၎င်းတို့၏မွေးရပ် နယ်မြို့များတွင် အလုပ်အကိုင်၊ အခွင့်အလမ်းမရှိခြင်းကြောင့် မြို့ပြသို့ပြန်လာရန် နည်းလမ်းတစ်လမ်းသာ ရှိသည်ဟု ဆိုသည်။

သူသည်လည်း မတ်လလယ်ခန့်က မွေးရပ်ဇာတိ၊ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်သို့ ပြန်သွားခဲ့ပြီး ယခုအခါတွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ “ရန်ကုန်က ပြန်လည်တည်ငြိမ်လာပြီ၊ နေဖို့လုံခြုံလာပြီဆိုရင်တော့ အကုန်လုံးက ရန်ကုန်ကို ပြန်လာကြမှာပါပဲ။ အလုပ်အသစ်ရှာဖို့ပဲဖြစ်ဖြစ်၊ နိုင်ငံခြားထွက်ဖို့ပဲဖြစ်ဖြစ် ရန်ကုန်ကနေတဆင့် လုပ်ကြရမှာလေ”၎င်းက ပြောသည်။
မနွဲ့ရီဝင်းလုပ်ကိုင်ခဲ့သည့် ဖိနပ်စက်ရုံမှာ မတ်၂၄ရက်ကတည်းက အပြီးပိတ်သိမ်းသွားခဲ့ပြီ ဖြစ်သည်။ စက်ရုံအချို့သည် ဧပြီလဆန်းပိုင်းကတည်းက အလုပ်သမားများကို ပြန်ခေါ်ခဲ့ပြီး အကယ်၍ အချိန်မီအလုပ်မဆင်းပါက ထုတ်ပစ်မည်ဟု သတိပေးခဲ့ကြောင်း သူကဆိုသည်။ သို့သော် ယင်းကာလက စစ်ကောင်စီ၏ လူမဆန်သောဖိနှိပ်မှုများနှင့် လူနေအိမ်များကို စီးနင်းရှာဖွေ၊ ဖမ်းဆီးမှုများကြောင့် အလုပ်သမားအများအပြားသည် လုပ်ငန်းခွင်သို့ ပြန်လာရန် ငြင်းဆန်ခဲ့ကြသည်။ အချို့မှာ အလုပ်ဖြုတ်ခံရမည်ကို စိုးရိမ်သောကြောင့် ကြောက်ရွံ့သည့်ကြားက ပြန်လာခဲ့ကြသည်ဟု သူကဆိုသည်။
လှိုင်သာယာဒေသခံများ၏အဆိုအရ လည်ပတ်နေဆဲရှိသော စက်ရုံများရှိ အလုပ်သမားအများစုသည် သင်္ကြန်အားလပ်ရက်ပြီးဆုံးချိန်မှသာ ပြန်လာခဲ့ကြခြင်းဖြစ်သည်။
ခေါက်ဆွဲခြောက်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသော ကိုအောင်ရဲမင်းက ၎င်း၏စက်ရုံကလည်း အလုပ်သမားများကို ဧပြီ၁ရက်အမီ အလုပ်ဆင်းရန်အကြောင်းကြားခဲ့ပြီး ပျက်ကွက်ပါက သင်္ကြန်အားလပ်ရက်အတွက် လစာခံစားခွင့်ဆုံးရှုံးမည်ဟု သတိပေးခဲ့ကြောင်း ပြောသည်။
“ငွေက ကျနော်တို့ အသက်တွေလောက် အရေးမကြီးဘူးလေ။ ဧပြီ၁ရက်နေ့ အလုပ်ပြန်ဆင်းဖို့က ကျနော်တို့ အသက်တွေကို ရင်းပြီး ရန်ကုန်ပြန်လာရမှာ။ အဲဒီအချိန်က စစ်ကောင်စီက လှိုင်သာယာကို ဖိနေဆဲပဲလေ”ဟု ၎င်းကပြောသည်။ ကိုအောင်ရဲမင်းကဲ့သို့ပင် ယင်းစက်ရုံမှ အလုပ်သမားအများစုသည်လည်း ဧပြီ၂၀ရက်မှ အလုပ်ပြန်ဆင်းခဲ့ကြသည်။
လှိုင်သာယာမြို့နယ်က အငှားယာဉ်မောင်း ကိုမင်းမင်းအောင်က အလုပ်သမားများ နေရပ်ပြန်စဉ် နယ်မြေမတည်ငြိမ်မှုများအကြား ယာဉ်အဖျက်ဆီးခံရမည်စိုးသဖြင့် အငှားယာဉ်များမထွက်သောကြောင့် မော်တော်ဆိုင်ကယ်များကို အဓိကအားကိုးခဲ့ရသည်ဟု ဆိုသည်။ ဆန္ဒပြပွဲများ မရှိတော့သည့်နောက် အလုပ်သမားများ ရန်ကုန်ပြန်လာချိန်တွင်တော့ အငှားယာဉ်မောင်းများ အလုပ်ကောင်းနေသည်ဟု သူကဆိုသည်။
“အခုချိန်ထိဆို ခရီးရှည်သုံးခေါက်ရပြီးပြီ။ ကျိုက်လတ်ရယ်၊ ကော့မှူးရယ်နဲ့ အဖျောက်တို့က အလုပ်သမားတွေကို သွားခေါ်ရတာ။ ခရီးစဉ်တစ်ခုကို (ကျပ်) ၅၀,၀၀၀ဝန်းကျင်ရတယ်။ သုံးယောက်၊ လေးယောက်ပေါင်းပြီးငှားကြတာပေါ့”ဟု သူက ပြောသည်။
အလုပ်သမားများ လှိုင်သာယာသို့ တဖွဲဖွဲပြန်လာနေကြသည့်တိုင် အာဏာမသိမ်းခင်ကကဲ့သို့ မစည်ကားတော့ဘဲ ယခင်ကထက် လူဦးရေလျော့နည်းသွားသည်ဟု လှိုင်သာယာရှိ အဆောင်ပိုင်ရှင်များက ပြောသည်။
လှိုင်သာယာမြို့နယ်၊ ရှမ်းကျောင်းရပ်ကွက်တွင် အဆောင်လေးခုဖွင့်ထားသော ဦးအောင်လှိုင်ဝင်း၏ အဆောင်အခန်းထက်ဝက်ခန့်မှာ အလွတ်ဖြစ်နေဆဲဖြစ်သည်။
“သင်္ကြန်မတိုင်ခင်က တချို့အဆောင်တွေဆို တစ်တိုက်လုံးကို လူမရှိတာ။ ဧပြီ၁၈ရက်နေ့လောက်မှာ စပြီးပြန်ရောက်လာကြတာ။ အာဏာမသိမ်းခင်က အခြေအနေနဲ့ဆို အကွာကြီးပေါ့ဗျာ။ အရင်ကဆို အဆောင်မှာနေတဲ့လူတွေက အပြည့်ပဲ။ အခန်းမရှိတော့လို့ ငြင်းလွှတ်ရတာ အကြိမ်ကြိမ်အခါခါပဲ”ဟု ၎င်းကပြောသည်။
ရပ်ကွက်အတွင်း နေရပ်ပြန်သွားသော ဈေးဆိုင်ပိုင်ရှင်များကြောင့် ဆိုင်အများအပြား ပိတ်ထားရဆဲဖြစ်ပြီး တိတ်ဆိတ်လျက်ရှိနေသေးသည်ဟု သူကဆိုသည်။
“ကျနော်တို့ရပ်ကွက်ထဲမှာ အများစုက ရခိုင်နဲ့ဧရာဝတီတိုင်းကလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ။ စက်ရုံတွေမှာလုပ်ကြတယ်။ တချို့ကြတော့လည်း ဈေးဆိုင်လေးတွေဖွင့်ကြတယ်။ တချို့လည်း ရန်ကုန်က မတည်ငြိမ်သေးဘူးထင်လို့ ပြန်မလာကြသေးတဲ့ပုံပဲ။ ဒါပေမဲ့ ဧပြီကုန်ရင်တော့ ပြန်လာကြမယ်ထင်တာပဲ”ဟု ၎င်းက ဆက်ပြောသည်။

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ မနွဲ့ရီဝင်းက အလုပ်အကိုင်ရှာဖွေရန် အလုပ်သမားအားလုံး မကြာခင်ရန်ကုန်တွင် ပြန်လည်အခြေချလာလိမ့်မည်ဟု ဆိုသည်။ သို့သော် ထိုသူများအနေဖြင့် ကျေးလက်ဒေသများနည်းတူ ရန်ကုန်တွင် အလုပ်အကိုင်ရှားပါးမှုကို ရင်ဆိုင်ကြုံတွေ့ရတော့မည်ဟု သူကခန့်မှန်းသည်။
“အာဏာသိမ်းပြီးတော့ အော်ဒါမရတော့တဲ့ အထည်ချုပ်စက်ရုံတွေ အတော်များများပိတ်သွားတယ်။ ဒီအချိန်မှာ အလုပ်သမားတွေ ဘယ်လိုအလုပ်သစ်ရှာမလဲဆိုတာ ပြောတောင်မပြောတတ်ပါဘူး။ ကိုဗစ်နိုင်တင်းအခြေအနေတွေကြောင့်လည်း အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်သွားလုပ်ဖို့ကလည်း မဖြစ်နိုင်သေးဘူး”ဟု ၎င်းကပြောသည်။
ဖေဖော်ဝါရီအတွင်းက အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်ဖြုတ်ခံရသော မစုမြတ်နွေးသည် အလုပ်သစ်ထပ်ရှာနေသော်လည်း ယခုချိန်ထိ မရရှိသေးပေ။ အလုပ်လက်မဲ့အဖြစ် နှစ်လကျော်ခန့်ကြာမြင့်လာပြီးနောက် အလုပ်ထပ်မရှာတော့ဘဲ ရန်ကုန်မှ စွန့်ခွာရန် ပြင်ဆင်နေသည်။ “ကျမမိဘတွေက လားရှိုးက စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေတာ။ အဲဒီကို လိုက်သွားပြီး အလုပ်လုပ်ဖို့ ပြင်ဆင်နေတာ။ ရန်ကုန်က အစ်ကိုဆီမှာနေရတာ နေစရိတ်မကုန်ပေမဲ့ ရေရှည်ကြတော့ ဘယ်အဆင်ပြေမလဲ”ဟု သူကပြောသည်။
စစ်အုပ်ချုပ်ရေးအောက်တွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် (ည၇နာရီမှ မနက်၄နာရီ)ကြောင့် အချိန်ပိုအလုပ်ခိုင်းရန် အဆင်မပြေခြင်းက အော်ဒါမရသော အထည်ချုပ်စက်ရုံများအတွက် အသက်ရှုချောင်စရာဖြစ်ခဲ့သည်။ သို့သော် အချိန်ပိုကြေးများမရရှိတော့သည့် အလုပ်သမားများသည် ပို၍ကျပ်တည်းလာခဲ့သည်။
အချိန်ပိုကြေးမရပါက အလုပ်သမားများမှာ အနိမ့်ဆုံးလုပ်ခကြေးငွေနှုန်းထားဖြင့်သာ လစာရလေ့ရှိပြီး ယင်းပမာဏမှာ စရိတ်စကမြင့်မားသော ရန်ကုန်မြို့တွင် နေစရိတ် ကာမိရုံမျှသာဖြစ်သည်။ ထို့ပြင် နယ်တွင်ကျန်ခဲ့သော မိသားစုများကို မထောက်ပံ့နိုင်တော့ပေ။
“အချိန်ပိုမလုပ်ရရင် တစ်လကို (ကျပ်) ၁၅၀,၀၀၀လောက်ပဲရတယ်။ အချိန်ပိုဆင်းရရင် (ကျပ်) ၂၂၀,၀၀၀ လောက်ရတယ်။ အလုပ်သမားတိုင်းကတော့ အချိန်ပိုဆင်းရတဲ့စက်ရုံမှာပဲ လုပ်ချင်ကြတယ်”ဟု အထည်ချုပ်စက်ရုံဝန်ထမ်း မသီတာကပြောသည်။ ၎င်းအလုပ်လုပ်သည့် စက်ရုံသည်လည်း ညမထွက်ရအမိန့်ကို လိုက်နာရန် နေ့စဉ် ညနေ၄နာရီ၃၀မိနစ်တွင် အလုပ်သိမ်းလေ့ရှိသည်ဟု ဆိုသည်။
အကယ်၍ ညမထွက်ရအမိန့်မရှိပါကလည်း စက်ရုံများအနေဖြင့် အချိန်ပို အလုပ်ခိုင်းရန် မလွယ်ကူဟု မနွဲ့ရီဝင်းက သုံးသပ်သည်။ ကိုဗစ်−၁၉ကမ္ဘာ့ကပ်ရောဂါ ရိုက်ခတ်ခံထားသောအရှိန်များကြောင့် အာဏာသိမ်းလိုက်သည့်အချိန်တွင် အထည်ချုပ်စက်ရုံများသည် ဆက်လက်ရပ်တည်ရန် ခက်ခဲလာသည်။ အဘယ်ကြောင့်ဆိုသော် အထည်ချုပ်ကဏ္ဍသည် အာဏာသိမ်းခြင်းကို အပြင်းအထန်ရှုံ့ချထားသော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများရှိ ဈေးကွက်များကို အဓိကအားထားနေခြင်းကြောင့် ဖြစ်သည်။ H&M နှင့် Benetton တို့အပါအဝင် နာမည်ကြီးအမှတ်တံဆိပ် အများအပြားသည် မြန်မာနိုင်ငံမှ အထည်မှာယူခြင်းကို ရပ်တန့်လိုက်ကြပြီဖြစ်သည်။
အထည်ချုပ်အလုပ်သမား မသီတာသည် အချိန်ပိုကြေးမရတော့သဖြင့် ရွာတွင်ကျန်ခဲ့သော မိသားစုကို မထောက်ပံ့နိုင်တော့ပေ။ သို့သော် လက်ရှိအချိန်ထိ အလုပ်ရှိနေခြင်းကိုပင် ကျေးဇူးတင်နေရသည်ဟု သူကဆိုသည်။ ယခင်က တစ်လကို ကျပ်တစ်သိန်း ထောက်ပံ့နိုင်ခဲ့ပြီး ယခုအခါ မြင့်တက်လာနေသောကုန်ဈေးနှုန်း ဖိစီးမှုဒဏ်ကို ခံနေရသည်ဟု သူကပြောသည်။
“အရင်ကထက် ဝင်ငွေကလျော့သွားပေမဲ့ အခြေခံသုံးကုန်ကျစရိတ်တွေက ပိုကြီးလာတယ်။ အခြေအနေတွေ ဒီထက်ပိုမကောင်းလာရင်နေပါ။ ပိုမဆိုးလာဖို့ပဲ ဆုတောင်းနေရတယ်”ဟု မသီတာက ပြောသည်။