မြိတ်ကျွန်းစုက ပုလဲကျိန်စာသင့် မော်ကင်းများ

မော်ကင်းတွေဟာ ကျွန်းပေါ်တက်နေမခိုင်းမီထိ ကပ္ပလီပင်လယ်ထဲ လှည့်လည်သွားလာနေသူတွေ ဖြစ်ပြီး ခုတော့ ပုလဲလုပ်ငန်းကြောင့် ငါးဖမ်းကွက်တွေ ဆုံးရှုံးမယ့်အခြေဆိုက်နေရပါတယ်။

ဟိန်းသာနှင့် ဘန်ဒူးနန့် ရေးသားသည်။

ပင်လယ်ပြင်ထဲ တရွေ့ရွေ့သွားနေတဲ့ ဆလုံခေါ် မော်ကင်းလှေတွေကို ကိုဘာဘူတစ်ယောက်  သဲသောင်ပြင်ပေါ်ကနေ လှမ်းကြည့်နေပါတယ်။

ကိုဘာဘူရဲ့အလုပ်သမားတွေကတော့ လူတစ်ယောက်သာ လှော်ခတ်လို့ရတဲ့ မော်ကင်းလှေငယ်လေးတွေထဲမှာ အိုးခွက်ပစ္စည်းတွေ၊ဓာတ်ဆီပုံးတွေ၊ အိတ်ကြီးအိတ်ငယ်တွေတင်ဆောင်ပြီး ပင်လယ်ပြင်ထဲမှာရှိနေတဲ့ လှေခပ်ကြီးကြီးတစ်စင်းဆီကို ဦးတည်နေကြပါတယ်။ လှေကြီးနားကိုရောက်တဲ့အခါ လှေငယ်လေးတွေရော၊ ပစ္စည်းတွေပါအကုန်လုံး လှေကြီးပေါ်ကို တင်ဆောင်လိုက်ကြပါတော့တယ်။ ပြီးတော့ ကိုဘာဘူကို လက်ပြနှုတ်ဆက်ပြီး ထွက်သွားကြပါတော့တယ်။

အလုပ်ရှင်ကိုဘာဘူရဲ့အသားရောင်က ဖြူဖွေးနေတဲ့ သဲသောင်ပြင်နဲ့ဆန့်ကျင်ဘက် မည်းနက်လို့နေပါတယ်။ နှစ်ပေါင်းများစွာ နေလောင်ဒဏ်၊ လေမိုးဒဏ်တွေကြောင့် သူ့မျက်လုံးတွေက ဝါကျင်နေတယ်။ ပင်လယ်ရေနဲ့ရင်းနှီးနေတဲ့ သူ့ဆံပင်တွေက ကွေးကောက်ကြမ်းထော်နေပါတယ်။ သူက မြန်မာပြည်တောင်ပိုင်း မြိတ်ကျွန်းစု ပင်လယ်ပြင်တွေမှာ မွေးဖွားခဲ့က ဆလုံလူမျိုးစစ်စစ်ပါ။

“သူတို့ ဒီတစ်ခါတော့ သိပ်မကြာဘူး ငါး ရက်လောက်ပဲကြာမှာ” လို့ ကိုဘာဘူက ပင်လယ်ပြင်ထဲသွားနေတဲ့ လှေကြီးကိုကြည့်ရင်း မြန်မာစကားမပီမသနဲ့ပြောပါတယ်။

“လူကိုးယောက်အတွက် တစ်ပတ်စာ ဆန်တစ်အိတ်တင်ပေးလိုက်တယ်”

ဒါနှစ်ပေါင်းများစွာ သူတို့မပြောင်းမလဲဘဲ လုပ်လာခဲ့တဲ့ စီးပွားရှာနည်းပါပဲ။ လှေငယ်လေးတွေကို လှေကြီးပေါ် တင်မယ်၊ လှေအကြီးနဲ့ ပင်လယ်အနက်ပိုင်းထိသွားမယ်။ ပြီးတော့ ပင်လယ်ရေနက်ပိုင်းထဲ ရောက်သွားတဲ့အခါ လှေငယ်လေးတွေကို ပြန်ချပြီး ကင်းမွန်လိုက်ဖမ်းမယ်။  ဒီလိုနဲ့ တစ်ပတ်လောက်အလုပ်လုပ်ပြီး ကင်းမွန်တွေ လုံလုံလောက်လောက်ရတဲ့အခါ ပြန်လာရောင်းကြမှာပေါ့။

ဒီလိုနည်းလမ်းနဲ့ မော်ကင်းတွေဟာ အသက်မွေးဝမ်းကျောင်းနေထိုင်လာခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့အသက်မွေးမှုဘဝပုံစံဟာ ခြိမ်းခြောက်ခံနေရပြီလားလို့စိုးထိတ်မှုတွေရှိလာပါတယ်။ တချိန်က သူတို့တွေ လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင်နေခဲ့တဲ့ရေပြင်ကို စီးပွားရေးအကျိုးအမြတ်အတွက် တဖြည်းဖြည်း သိမ်းပိုက်လာကြပါတယ်။ လငန်းကျွန်းပေါ်က မော်ကင်းတို့ဟာ ကုမ္ပဏီတစ်ခုက ပုလဲလုပ်ငန်းအတွက် ဝင်လုပ်လာလို့ ငါးဖမ်းဖို့အခွင့်အရေးအတွက် သူတို့ ကာကွယ်ဖို့ကြိုးပမ်းလာကြရပါတယ်။ ဒါဟာ သူတို့ရဲ့ဘဝရှင်သန်မှုနဲ့ ယဉ်ကျေးမှုကိုယ်ပိုင်လက္ခဏာတွေကို ခြိမ်းခြောက်လာနေတဲ့ ဖြစ်စဉ်ကြီးမှာ လက်ရှိခံစားနေရချက်ပါပဲ။

သူတို့ကို မော်ကင်းလို့လည်းခေါ်သလို Sea Gipsy ပင်လယ်ပျော်ဂျစ်ပစီတွေလို့လည်း အမွှန်းတင် ခေါ်ကြပါသေးတယ်။ ပြီးတော့ ကပ္ပလီပင်လယ်ပြင်မှာ သူတို့ရဲ့လှည့်လည်သွားလာ ကျက်စားနေထိုင်မှုပုံစံဟာ သမိုင်းမတင်မီအမွေအနှစ်အဖြစ် အမွှန်းတင်သင့်ပြီး နိုင်ငံတော်ရဲ့အကာအကွယ်ရရှိသင့်ကာ ခရီးသွားလုပ်ငန်း မြှင့်တင်မှုတွေ လုပ်ပေးသင့်ပါတယ်။ ပြီးခဲ့တဲ့နှစ်က မော်ကင်းတွေနေထိုင်ရာကျွန်းတွေကို ဝင်ရောက်ခွင့်ကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖို့ရာ သူတို့ဒေသကို ကာကွယ်ထိန်းသိမ်းရာ နယ်မြေအဖြစ် ထူထောင်ပေးဖို့ အဆိုတစ်ရပ် အထက်လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။     

“မော်ကင်းဆိုတဲ့ဆလုံတွေဟာ ဗမာမျိုးနွယ်စု ကိုးစုထဲက တစ်စုဖြစ်ပါတယ်။ နိုင်ငံတော်က ဆလုံတွေကို ကူညီထောက်ပံ့ပေးမယ်ဆိုရင် သူတို့ကို ကာကွယ်စောင့်ရှောက်ရုံနိုင်သာမက ကျွန်တော်တို့ရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမှာလည်း အကျိုးအမြတ်ဖြစ်ထွန်းစေပါလိမ့်မယ်” လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်စိုးဦးက လွှတ်တော်ကိုတင်ပြကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြပါတယ်။ ၎င်းက ဘာသာစကားလည်းမတူ၊ မနုဿဗေဒအခြေခံလည်းမတူဘဲ ဗမာမျိုးနွယ်စုထဲထည့်ထားတဲ့ ဆလုံတွေနေထိုင်ရာပါဝင်တဲ့ နိုင်ငံတော်ရဲ့ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုများဒေသ လေ့လာချက်ကို ကိုးကား‌ပြောဆိုပါတယ်။

ဘယ်လိုပဲဆိုစေ ပင်လယ်ပျော်ဂျစ်ပစီတွေရဲ့ ရိုးရာနေထိုင်မှုဘဝတို့ ပြောင်းလဲပျက်ပြားလာပြီး ၂၀၁၉ ခုနှစ်မှာ ဆလုံလူမျိုးစုဦးဆောင်သူတွေ ကိုယ်တိုင်ကောက်ယူထားတဲ့ နောက်ဆုံးစာရင်းအရ ဆိုရင် မြိတ်ကျွန်းစုရဲ့ ကျွန်းငယ်တွေပေါ်မှာ နေထိုင်တဲ့ ဆလုံလူမျိုးစစ်စစ်ဟာ လူဦးရေ ၁,၆၃၀ ဝန်းကျင်ပဲရှိပါတော့တယ်။ ၂၀၁၃ ခုနှစ်က ဆိုလျှင် ၂,၀၀၀ ဝန်းကျင် ရှိနေပါသေးတယ်။

မော်ကင်းတို့ ကျွန်းပေါ်ရွာတည်နေထိုင်လာခဲ့ကြတာ ဆယ်စုနှစ် တစ်စုကျော်ကြာပါပြီ။ အဲသည်မှာ တခြားမျိုးနွယ်စုကသူတွေနဲ့အိမ်ထောင်ပြုကြပြီး မွေးလာတဲ့ကလေးတွေကလည်း မြန်မာစကားပဲပြောတဲ့ စာသင်ကျောင်းမှာတက်ကြပါတယ်။ မော်ကင်းအများစုက ဒီကနေ့ရှိနေသေးတဲ့ သူတို့လူ့အဖွဲ့အစည်းနဲ့ သူတို့ရဲ့ထူးခြားတဲ့ လက်ကျန်ယဉ်ကျေးမှုတွေ တိမ်ကောလုလုဖြစ်လာပြီလို့ခံစားနေကြရှာပါတယ်။ဓာတ်ပုံ - ဟိန်းသာ

ဓာတ်ပုံ – ဟိန်းသာ

ပင်လယ်ပြင်မှာ လှည့်လည်ကျက်မစားနိုင်တော့ပြီ

မော်ကင်းတို့ဖြစ်စဉ်ကို ပညာရပ်ပိုင်း သုတရသပိုင်းတို့ကနေ ချဉ်းကပ်ရေးသားထားတာတွေမှာ ရှုပ်ထွေးရောနှောနေကာ တိုင်းရင်းသားဘာသာစကားအုပ်စုမှာလည်း ကွဲပြားတဲ့မျိုးရိုး အသီးသီးရှိကြတဲ့ အရှေ့တောင်အာရှအနှံ့က ပင်လယ်ပျော်ဂျစ်ပစီ လူ့အဖွဲ့အစည်းတွေနဲ့ မကြာခဏရောနှောထွေးရှုပ်နေပါတယ်။ သို့တစေ ဒီအုပ်စုရဲ့ဩစထရိုနီးရှန်းဘာသာစကား Austronesian language နဲ့သူတို့ရဲ့ပင်လယ်ငါးဖမ်း၊ ခရုပုလဲ ရေငုပ်ရှာဖွေတာလို အသက်မွေးမှုဘဝတွေဟာ တနင်္သာရီကမ်းရိုးတန်းမှာနေတဲ့ ဗမာ၊ ထားဝယ်၊ ကရင်နဲ့ တခြားမျိုးနွယ်စုတွေနဲ့ လုံးဝကွဲပြားခြားနားပါတယ်။

မြန်မာ့သမိုင်းပညာရှင်တွေရဲ့ အဆိုအရ မော်ကင်းလို့ ခေါ်တဲ့ ဆလုံလူမျိုးတွေဟာ ၁၇ ရာစုလောက်ကစပြီး မလေးရှားကျွန်းစုတွေကနေ မြန်မာပြည်တောင်ပိုင်းပင်လယ်ပြင်တွေဆီ ရောက်လာခဲ့ကြတယ်လို့ဆိုပါတယ်။ ပင်လယ်ပြင်ကို စားကျက်မြေလိုသဘောထားပြီး လှေကိုအိမ်လိုဆောက်နေကြသူတွေပါ။ နှစ်စဉ်သူတို့ဟာ ကျွန်းစုတွေကြား လှည့်လည်သွားလာပြီး မေလမှာမိုးရွာလာမှ သူတို့ကြိုက်တဲ့ကျွန်းပေါ် ယာယီတဲထိုးပြီး ခိုနားနေထိုင်ကြပါတယ်။  အောက်တိုဘာလရောက်လို့ မိုးလေကင်းပြီး ကောင်းကင်ကြီးလင်းတဲ့အခါ သူတို့လှေတွေ ပြန်ထွက်ကြပါတော့တယ်။

ဆလုံတွေရဲ့ရှေးကျတဲ့ရိုးရာအရ မိသားစုတစ်ခုကို  ကောင်းကောင်းသယ်ဆောင်နိုင်တဲ့ လှေအကြီးကြီးKabang တွေဆောက်ပြီး လှေပေါ်မှာအိပ်၊လှေပေါ်မှာစားပြီး လှေပေါ်မှာပဲ အိမ်ထောင်သားမွေးလုပ်ခဲ့ကြတာပါ။  ပြီးတော့ ဆလုံနဲ့ ဘယ်လိုမှခွဲမရတဲ့ အရာတစ်ခုကတော့ သူတို့ရဲ့ အသုံးဝင်လှတဲ့  မော်ကင်းလှေသေးသေးလေး Sabang တွေပါပဲ။  မော်ကင်းလှေတွေဟာ လူတစ်ကိုယ်စာပဲဆန့်ပြီး လက်နဲ့ပဲ ယှက်လှော်ခတ်ရတဲ့  လှေလေးတွေပါ။ လှော်တက်မလိုပါဘူး။ ကျွမ်းကျင်တဲ့ ဆလုံတွေဟာ အဲ့သလိုလှေပေါ်မှာ လေးယောက် ပြည့်အောင်ထိုင်ပြီး စီးနိုင်ပါတယ်။

မော်ကင်းလှေတွေဟာ မြေပြင်ပေါ်မှာဆို ဆိုင်ကယ်တစ်စီးလို အသုံးဝင်တဲ့ လှေငယ်လေးတွေပါ။  ဒီလှေလေးတွေကို အသုံးပြုပြီး မော်ကင်းတွေဟာ  အရင်က ပုလဲငုပ်ကြပါတယ်။ ပင်လယ်မျှော့တွေ၊ ခရုတွေ ငုပ်ကြပါတယ်။ ချိတ်ငယ်တွေသုံးပြီး ကင်းမွန်လည်းမျှားကြပါတယ်။ ခုခါမှာ ကင်းမွန်မျှားတဲ့လုပ်ငန်းသာ ဝင်ငွေကောင်းပြီး တခြားလုပ်ငန်းတွေက မကောင်းတော့ပါဘူး။

ဆလုံလူမျိုးတွေက မူလကတည်းက ရေကိုပဲ အိမ်လိုလုပ်ပြီး နေကြသလို ပင်လယ်ထဲမှာနေခဲ့တဲ့ အချိန်များပါတယ်။ ၁၉၈၀ ပြည့်နှစ်ကျော်ကစလို့ တနင်္သာရီတိုင်းပင်လယ်ပြင်မှာ ပင်လယ်ဓါးပြတွေဝင်ရောက်  လာရာကစပြီး လုယက်တိုက်ခိုက်မှုတွေကို ကြောက်လို့ ဆလုံတွေဟာ ကျွန်းပေါ်နေတဲ့ အတည်တကျနေထိုင်တဲ့ ပုံစံမျိုးပြောင်းလာခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ်၊ လငန်းကျွန်းမှာ အခြေချနေထိုင်ပြီး ဆလုံအမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ထားတဲ့ ဗမာတိုင်းရင်းသား ဦးမြင့်သိန်းက Frontier ကို နိုဝင်ဘာ ၁၄ ရက်ကပြောပါတယ်။ ဦးမြင့်သိန်းဟာ အရင်က ဗမာပင်လယ်ဓားပြတွေနဲ့ ခင်မင်သူတစ်ဦးပါ။ အလုပ်လုပ်ဖို့လာရင်းနဲ့ ဆလုံတွေနဲ့အတူ အခြေချနေထိုင်ခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပါပြီ။

နောက်ပိုင်းတော့ ဆလုံလူမျိုးအများစုဟာ အိုဝင်၊ ဒါမှမဟုတ် ပုလဲကျွန်း Owen or Pearl Island လို့ ခေါ်တဲ့ မြိတ်မြို့ရဲ့ တောင်ဘက်မှာရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ အခြေချနေထိုင်ခဲ့ကြပါတယ်။ အဲဒီကျွန်းမှာ ၁၉၅၄ ခုနှစ်ကတည်းက သခင်ပုလို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်းရှင်က ဂျပန်ကုမ္ပဏီနဲ့ပူးပေါင်းပြီးပုလဲမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၆၄ ခုနှစ် ဗိုလ်ချုပ်နေဝင်းရဲ့စစ်အစိုးရလက်ထက်မှာ အဲဒီလုပ်ငန်းကို ပြည်သူပိုင်သိမ်းပြီး ပုလဲနှင့်ငါးလုပ်ငန်း ကော်ပိုရေးရှင်း People’s Pearl and Fisheries Corporation က ပုလဲမွေးမြူရေးလုပ်ဖို့အတွက် ဆလုံတွေကို ဖယ်ရှားခိုင်းခဲ့ပါတယ်။  ဒါ့အပြင် ၁၉၉၄ မှာလည်း စကောကျွန်းက ဆလုံရွာတွေကို အမည်ပြောင်းလဲလိုက်တဲ့ မြန်မာ့ပုလဲလုပ်ငန်း Myanma Pearl Enterprise က ပုလဲမွေးမြူရေးလုပ်ကိုင်ဖို့အတွက် ထပ်ပြီးဖယ်ရှားခဲ့ကြပါသေးတယ်။

“သူတို့(တပ်မတော်) က ဆလုံတွေရဲ့အိမ်တွေကို မီးရှို့တယ်။ လှေတွေကိုဖျက်ဆီးပစ်တယ်။ ဘယ်လိုမှ နေလို့မရအောင် မောင်းထုတ်တာပေါ့” လို့ အသက် ၇၀ ကျော်နေပြီဖြစ်တဲ့ ဆလုံအမျိုးသမီးကြီး ဒေါ်ပန်း ကပြောပါတယ်။ သူတို့မိသားစုတွေက ပုလဲကျွန်းကနေ စွန့်ခွာလာရပြီး လငန်းကျွန်းမှာ လက်ရှိနေထိုင်သူတွေပါ။

၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှာ အဲဒီအခါက ကမ်းရိုးတန်းဒေသစစ်တိုင်းမှူး ဗိုလ်ချုပ်အေးကြွေက လူဦးရေ ၂,၀၀၀ လောက်ပဲရှိတဲ့ ဆလုံတွေကို မြို့နယ်တစ်ခုအသွင်နဲ့ စုစည်းဖို့လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၂ ခုနှစ်မှာ စစ်အစိုးရက သူ့ကိုရာထူးကနေရုပ်သိမ်းခဲ့တာကြောင့် ဒီအကြံအစည်ဟာ ဖြစ်မလာခဲ့ပါဘူး။ ဆလုံတွေဟာ မြိတ်ကျွန်းစုအနှံ့ပြန့်ကျဲနေထိုင်တုန်းပါပဲ။

အခုဆိုရင်တော့ ဆလုံလူမျိုးစစ်စစ်တွေဟာ မြိတ်မြို့နဲ့ ကော့သောင်းမြို့ကြားမှာ ဘုတ်ပြင်း၊ အလယ်မန်၊ ကျွန်းစု ရှိတဲ့ မြို့နယ်သုံးခုက ကျွန်း ၁၀ ကျွန်းပေါ်မှာ နေထိုင်ပါတယ်။ အဲဒီဒေသက မြောက်ဘက်မှာ မြိတ်ကျွန်းစုနဲ့ တောင်ဘက်မှာ ထိုင်းနဲ့ထိစပ်နေတဲ့ ကော့သောင်အထိ မိုင် ၁၇၀ လောက်ရှိပါတယ်။

အားလုံးမဟုတ်ပေမဲ့ တချို့ကတော့ အစိုးရက သူတို့ကို ဒီကျွန်းတွေပေါ်မှာ အတင်းအကျပ်အခြေစိုက်ခိုင်းတယ် လို့ဆိုကြပါတယ်။ မကောင်းတဲ့ကျော်ကြားမှုမျိုးနဲ့ဖြစ်ခဲ့တဲ့ နမူနာတစ်ခုကတော့ ဗိုလ်ချိုကျွန်းကကိစ္စပါ။ အဲဒီမှာ စစ်အစိုးရက မော်ကင်းတွေကို အတင်းအကျပ်အခြေစိုက်ခိုင်းပြီး အဲဒီမော်ကင်းတွေနဲ့ “ပင်လယ်ပျော်ဂျစ်ပစီရွာ” လုပ်ထားတဲ့နေရာမှာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် “ဆလုံပွဲတော်” ကျင်းပခဲ့ပါတယ်။

လငန်းကျွန်းတဝိုက် ကင်းမွန်းဖမ်းတဲ့ မော်ကင်းအမျိုးသမီး။ ဓာတ်ပုံ - ဟိန်းသာ

လငန်းကျွန်းတဝိုက် ကင်းမွန်းဖမ်းတဲ့ မော်ကင်းအမျိုးသမီး။ ဓာတ်ပုံ – ဟိန်းသာ

ဒီကျွန်းရွာတွေမှာ မော်ကင်းတွေဟာ တခြားလူမျိုးတွေနဲ့အတူနေထိုင်ကြရပါတယ်။ တချို့နေရာတွေမှာ သူတို့က လူနည်းစုဖြစ်နေပါတယ်။ Frontier ရောက်ရှိခဲ့တဲ့ လငန်းကျွန်းမှာ မော်ကင်းမျိုးနွယ် အိမ်ထောင်စု ၇၀၊ လူဦးရေ ၄၀၀ နီးပါးဟာ ဗမာ၊ ထားဝယ်မျိုးနွယ်တွေနဲ့အတူ အေးချမ်းစွာ‌နေထိုင်ကြပါတယ်။ အိမ်ထောင်အများစုက ကင်းမွန်ဖမ်းပြီး ဝမ်းရေးကျောင်းနေကြပါတယ်။

မော်ကင်းကလေးတွေက ကျွန်းပေါ်ကမူလတန်းကျောင်းမှာ ပညာသင်ကြပေမဲ့ သူတို့မိဘအများစုက ဝမ်းနည်းဖွယ်ကောင်းလောက်အောင် စာမတတ်ကြပါဘူး။ ရိုးရာကျွမ်းကျင်လာတဲ့ ပင်လယ်ထဲ သွားလာတဲ့ဘက်မှာတော့ တဘက်ကမ်းခတ်ပါတယ်။ ဒါပေမဲ့ ဒီအတတ်ပညာကို သူတို့နေတဲ့လူ့အဖွဲ့အစည်းက တန်ဖိုးထားရကောင်းမှန်းမသိပါဘူး။

ပညာမသင်ရတဲ့ ဆလုံတွေဟာ ကိုယ့်အသက်ကိုယ် ဘယ်နှနှစ်မှန်းတောင်မသိကြပါဘူး။ နှစ်ပေါင်းများစွာထဲက မြန်မာနိုင်ငံထဲရောက်လာတဲ့ လူမျိုးစုတွေဟာ အခုချိန်ထိ ခေတ်မမီသေးတဲ့အတွက် အခက်အခဲများစွာ ရှိလာခဲ့ပါတယ်။

ဆလုံအများစုမှာ မှတ်ပုံတင်လည်းမရှိသလို၊ သူတို့နေထိုင်တဲ့ ကျွန်းပေါ်က အိမ်တွေကိုပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းအထောက်အထားတွေလည်းမရှိကြပါဘူး။ ဒါကသူတို့ကို သူတို့နေထိုင်တဲ့ ကျွန်းပေါ်ကနေ ဘယ်အချိန်မဆိုမောင်းထုတ်နိုင်မဲ့အခွင့်အရေးကို ခေတ်အဆက်ဆက် အစိုးရတိုင်းက ရနေတာပဲဖြစ်ပါတယ်။

“ဒီကျွန်းပေါ်မှာ ကျွန်တော့်အိမ်အပါအဝင် သုံးလေးအိမ်လောက်ပဲ အိမ်ဂရံ၊ အိမ်စာချုပ်တွေရှိတယ်။ ဒါကလည်း မြို့နယ်ဌာနဆိုင်ရာက လူနဲ့ရင်းနှီးလို့ရတာပဲ” လို့ လငန်းဆလုံကျွန်းမှာနေတဲ့ ဗမာတိုင်းရင်းသား ဦးမြင့်သိန်းကပြောပါတယ်။

၂၀၁၈ ခုနှစ်တုန်းက မော်ကင်းအိမ်ထောင်စု ၃၃ စုနဲ့ဗမာအိမ်ထောင်စု ၇၀ နေထိုင်တဲ့ ညောင်ဝိကျွန်းကို Frontier ရောက်ခဲ့ဖူးပါတယ်။ မော်ကင်းအမျိုးသမီး ဒေါ်စမီးက လွန်ခဲ့တဲ့ အနှစ် ၂၀ သူ ၁၀ နှစ်သမီးအရွယ်ကတည်းက သူတို့မိသားစုရဲ့ပင်လယ်ထဲလှည့်လည်သွားလာတဲ့ဘဝ အဆုံးသတ်ခဲ့ပါတယ်လို့ ပြောပါတယ်။ သူကလေးဘဝက လအများစုကို ကဘန်းလှေကြီးပေါ်မှာသာ ကုန်ဆုံးပြီး မိုးတွင်းကာလ သူတို့ မိုးခိုတဲ့ကျွန်းတွေအများကြီးထဲမှာ ညောင်ဝိကလည်း တစ်ကျွန်းအပါအဝင်ဖြစ်ပါတယ်တဲ့။

ရွာထဲက အဘိုးအို နှစ်ဦးတည်းသာ ကဘန်းလှေဆောက်နည်း သိရှိပြီး ဘယ်မော်ကင်းလူငယ်ကမှ ဒီအတတ်ပညာသင်ယူဖို့ စိတ်မဝင်စားကြဘူးလို့ ဒေါ်စမီးက‌ပြောပါတယ်။ ကျွန်းပေါ်အခြေချနေလာတဲ့ နှစ် ၂၀ အတွင်းမှာ မော်ကင်းတွေအားလုံး ဗုဒ္ဓဘာသာခံယူကာ ရွာစွန်မှာ ဆောက်ထားတဲ့ဘုန်းကြီးကျောင်းကို သွားကြတယ်၊ ဒါပေမဲ့ ရိုးရာနတ်ကိုးကွယ်မှုကို ဧပြီလရောက်တိုင်း ကျင်းပနေဆဲလို့ဆိုပါတယ်။

ဒေါ်စမီးက ခင်ပွန်းသည်နဲ့အတူ ကင်းမွန်ဖမ်းပြီး သူ့သမီးက ရွာကျောင်းမှာ စတုတ္ထတန်းတက်နေပါတယ်။ သူကိုယ်တိုင်က သမီးနဲ့ဆို မော်ကင်းစကားသာ ပြောနေပေမဲ့ သူ့သမီး အထက်တန်းအောင်လို့ ပြည်မမှာ အဆင့်မြင့်ပညာတွေ ဆက်သင်တဲ့အခါ မော်ကင်းမဟုတ်တဲ့တခြားယဉ်ကျေးမှုနဲ့ ရင်းနှီးသွားစေလိုတဲ့ဆန္ဒ ရှိနေပါသတဲ့။  

ဒေါ်စမီးနဲ့ခင်ပွန်းသည်တို့လို တခြားဆလုံရွာတွေအားလုံး ကင်းမွန်ဖမ်းကြပြီး မြိတ်နဲ့ကော့သောင်းက ဒိုင်တွေဆီကို ပြန်ရောင်းကြပါတယ်။ အဲ့ဒီကမှတဆင့် ကဲ့လှေလို့ ခေါ်တဲ့ လှေအကြီးကြီးတွေနဲ့ ထိုင်းနိုင်ငံ ရနောင်းမြို့ကို သွားရောင်းကြပါတယ်။ ထိုင်းကနေ ကမ္ဘာကိုပြန်ရောင်းကြပါတယ်။ ဒီလိုနည်းနဲ့ မြိတ်မြို့၊ ကော့သောင်းမြို့တို့က ရေလုပ်ငန်းလုပ်ကိုင်သူအများစုဟာ ချမ်းသာသွားကြပေမဲ့ ဆလုံတွေကတော့ ကင်းမွန်မြှားနေရတုန်းပါပဲ။

မြန်မာ့ငါးလုပ်ငန်းအဖွဲ့ချုပ်က ရေငန်ငါးပညာရှင် ဦးမြသန်းထွန်းက ထိုင်းနိုင်ငံ ရနောင်းမြို့ရဲ့ ရေထွက်ပစ္စည်း ၉၀ ရာခိုင်နှုန်းကျော်ဟာ တနင်္သာရီတိုင်းကပဲဖြစ်တယ်လို့ ဆိုပါတယ်။ ဦးမြသန်းထွန်းက ၁၉၈၆ ခုနှစ်ကစလို့ တနင်္သာရီတိုင်းဒေသမှာ ရေထွက်ပစ္စည်းတွေနဲ့ပတ်သက်လို့ သုတေသနပြုလုပ်လာခဲ့သူပါ။ ရနောင်းဆိုတာက ကော့သောင်နဲ့ဆို ပင်လယ်ထဲစီးဝင်တဲ့မြစ်ဝရဲ့တဘက်ကမ်းစပ်ကဖြစ်ပါတယ်။

တနင်္သာရီကမ်းရိုးတန်းမှာ လှေအုပ်စုတွေ စုန်ချည်ဆန်ချည်သွားလာနေကြပါတယ်။ ညမှာ ပင်လယ်ဘက် ကြည့်လိုက်ရင် မိုးကုပ်စက်ဝိုင်းမှာ ကင်းမွန်ဖမ်းလှေတွေဆီက မီးရောင်လေးတွေကို မြင်ရမှာဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလိုပဲ ဆလုံတွေဟာ မော်ကင်းလှေငယ်လေးကို လှေကြီးပေါ်တင်ပြီး တစ်ပတ်လောက် ပင်လယ်ထဲထွက်ကာ ငါးဖမ်းကြပါတယ်။ ယိုးဒယားနိုင်ငံထုတ် ချိတ်ငယ်လေးတွေနဲ့ လှေပေါ်ကနေ ဆွဲဖမ်းရတာပါ။

ကင်းမွန် တစ်ကီလိုကို မြန်မာငွေ ၂,၅၀၀ ရပါတယ်။  အဲ့ဒီကင်းမွန်ကို ယိုးဒယားမှာ ပြန်ရောင်းတဲ့အခါဘတ် ၂၀၀ ပြန်ရတယ်လို့ ကင်းမွန်ဒိုင်ဖွင့်ဝယ်နေတဲ့ လငန်းကျွန်းပေါ်က ထားဝယ်လူမျိုး ကိုအောင်နိုင်က ပြောပါတယ်။ ပုံမှန်ဆလုံလူမျိုး တစ်ယောက်ဟာ မော်ကင်းလှေနဲ့ ပင်လယ်ထဲတစ်ခါသွားရင် ကင်းမွန် ၁၅ ကီလိုလောက်ကို အသာလေး ဖမ်းနိုင်ပါတယ်။ တချို့ကျွမ်းကျင်သူများဆို ကင်းမွန် ကီလို ၅၀၊ ၆၀ အထိ ဖမ်းနိုင်ပါတယ်။

ဆလုံတွေ ဖမ်းမိလာတဲ့ကင်းမွန်တွေကို မြိတ်နဲ့ကော့သောင်းက ဒိုင်တွေက အဓိကဝယ်ကြပါတယ်။ တရုတ်နိုင်ငံက ပွဲစားတွေ ဆင်းဝယ်တာလည်းရှိသလို၊ ထိုင်းနိုင်ငံ ရနောင်းကိုတော့အဓိက တင်ပို့ကြတာပါပဲ။

ပင်လယ်ထဲထွက်နိုင်အောင် လှေပြင်နေတဲ့ မော်ကင်းလူငယ်တစ်ဦး။ ဓာတ်ပုံ - ဘန်ဒူးနန့်

ပင်လယ်ထဲထွက်နိုင်အောင် လှေပြင်နေတဲ့ မော်ကင်းလူငယ်တစ်ဦး။ ဓာတ်ပုံ – ဘန်ဒူးနန့်

ပုလဲကျိန်စာလေလား  

လွန်ခဲ့တဲ့နှစ်များစွာကတော့ ဆလုံတွေဟာ ပုလဲငုပ်တဲ့လုပ်ငန်းကို အမြတ်တနိုး လုပ်ကိုင်ခဲ့ကြသူတွေပါ။ လက်ဗလာနဲ့ ပုလဲငုပ်တဲ့နေရာမှာ ဆလုံတွေဟာ ကျော်ကြားသူတွေပါ။ အရှေ့တောင်အာရှနဲ့ ဩစတြေးလျမှာ တွေ့ရတဲ့ Pinctada maxima ဆိုတဲ့မုတ်ကောင်အမျိုးအစားကနေ တောင်ပင်လယ်ပုလဲကိုရတာဖြစ်ပါတယ်။ ဒီကျွန်းဆွယ်က ပုလဲမှာ ထူးခြားလှတဲ့ ရွှေရည်သွေးမျိုးရတတ်ကာ ကျောက်မျက်ရတနာလို တန်ဖိုးလည်း အလွန်ကြီးပါတယ်။

ဒါပေမဲ့ နှစ်ရာချီလုပ်လာတဲ့သူတို့လုပ်ငန်းဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ပုလဲမွေးမြူရေးလုပ်ငန်းတွေ တိုးချဲ့လာတာနဲ့အမျှ မှေးမှိန်လာပါတယ်။ ဒီလုပ်ငန်းတွေက မုတ်ကောင်တွေထဲကို ဝတ်ဆံထည့်ပြီး တောင်ပင်လယ်ပုလဲကို မွေးယူထုတ်လုပ်တာမို့ ကိရိယာမပါ ရေငုပ်ရှာတဲ့မော်ကင်းတွေထက် သာလွန်ထုတ်ပေးနိုင်ပါတယ်။ သဘာဝပုလဲကိုသာ ငုပ်တတ်တဲ့ ဆလုံတွေအတွက် လက်ရှိမှာ ပုလဲငုပ်ပြီးပိုက်ဆံရဖို့ဆိုတာ ကြံတောင့်ကြုံခဲ ကံကောင်းမှသာ ရတတ်တာမျိုးဖြစ်သွားပါပြီ။ ၂၀၁၀ နောက်ပိုင်းမှာ ကင်းမွန်ဝယ်လိုအားက များပြားလာတဲ့နောက် ဆလုံတွေ ကင်းမွန်ဖမ်းကြတာဖြစ်ပါတယ်။

မြန်မာ့ပုလဲလုပ်ငန်း Myanmar Pearl Enterprise ရဲ့စာရင်းတွေအရ တနင်္သာရီတိုင်းမှာ ပုလဲမွေးမြူရေးကုမ္ပဏီ ၁၂ ခုက ကျွန်း၁၂ ကျွန်းမှာ ပုလဲမွေးမြူရေးလုပ်ငန်းတွေ လုပ်နေပါတယ်။ နိုင်ငံပိုင်လုပ်ငန်း တစ်ခုပဲရှိပါတယ်။ ကျန်တာတွေက မြန်မာအခြေစိုက် ကုမ္ပဏီ ခုနစ်ခုနဲ့ နိုင်ငံခြားကုမ္ပဏီ လေးခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ကုမ္ပဏီတွေဟာ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ပုလဲလုပ်ငန်းနဲ့ ဖက်စပ်လုပ်ကိုင်ရမှာဖြစ်ပြီး ထုတ်ကုန်အချိုးကျခွဲဝေမှုဆိုင်ရာ စာချုပ်ချုပ်ရပါတယ်။ ဒီပုလဲမွေးမြူရေးကုမ္မဏီတွေဆီက နိုင်ငံတော်ဟာ နှစ်စဉ်ထုတ်လုပ်တဲ့ပုလဲ စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းကို ရနေပါတယ်။

တနင်္သာရီတိုင်း မြန်မာ့ပုလဲလုပ်ငန်းမှ ဒုအထွေထွေမန်နေဂျာ ဦးမျိုးလွင်က မြန်မာ့ပုလဲအများစုကို ဟောင်ကောင်၊ တရုတ်၊ ဂျပန်နဲ့အမေရိကန်ဝယ်လက်များကို ရောင်းချရတယ်လို့ဆိုပါတယ်။ နိုင်ငံပိုင်လုပ်ငန်းတွေကို စီးပွားရေး ပိတ်ဆို့အရေးယူထားရာနေ အမေရိကန်က ရုပ်သိမ်းလိုက်တဲ့အခါ ဒီလုပ်ငန်းက တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်အကျိုးအမြတ်ရှိလာပါတယ်။   

ဒီကျွန်းစုရဲ့ပင်လယ်ပြင်ဟာ ပုလဲမွေးမြူရေးလုပ်ဖို့ သိပ်ကောင်းတဲ့နေရာဖြစ်ပါတယ်။ ဒါပေမဲ့ ပုလဲထုတ်ပေးတဲ့ မုတ်ကောင်တွေက ဇီဇာကြောင်တတ်ကြပါတယ်။ ပုလဲကောင်းတွေရဖို့ ကျွမ်းကျင်ပညာရှင် လိုအပ်ပါတယ်။ ပုလဲပညာရှင်အများစုဟာ အဲဒီလုပ်ငန်းအရင်းအနှီးလိုပဲ ဂျပန်ပြည်က လာကြတာပါ။ ၁၉၁၆ က တောင်ပင်လယ် ပုလဲမုတ်ကောင်ကို မစ်ဆူဘီရှီက ဦးဆောင်လာကတည်းက ဂျပန်နိုင်ငံက ကမ္ဘာ့ပုလဲမွေးမြူရေးလုပ်ငန်းကို ဦးဆောင်လာတာဖြစ်ပါတယ်။

တနင်္သာရီတိုင်းမှာ ပုလဲအများဆုံးထုတ်လုပ်သူက မြန်မာတာဆာကီ ကုမ္ပဏီလီမိတက် Myanmar Tasaki Co Ltd. ဆိုတဲ့ မြန်မာ့ပုလဲလုပ်ငန်းနဲ့ဖက်စပ်လုပ်ကိုင်သူဖြစ်ပြီး တစ်နှစ်ကို ပုလဲအလုံး ၂၂၀,၀၀၀ ထုတ်လုပ်ပါတယ်။ ဒုတိယ အများဆုံးထုတ်တဲ့ အိုရီယင့်ပါးလ် Orient Pearl က တစ်နှစ်ကို အလုံး ၁၂၀,၀၀၀ ထုတ်ပါတယ်။ ဒီကျွန်းစုမှာ တာဆာကီတီထွင်တဲ့နည်းလမ်းအတိုင်း ကျန်ပုလဲထုတ်သူအားလုံး လုပ်ကိုင်ကြပါတယ်။

ပုဂ္ဂလိကပိုင် တာဆာကီကုမ္ပဏီဟာ ဒီကျွန်းစုမှာ ပုလဲမွေးမြူထုတ်လုပ်ဖို့ ၂၀၀၁ ခုနှစ်က စစ်အစိုးရနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။ စာချုပ်အရ မြန်မာ့ပုလဲလုပ်ငန်းက ၂၅ ရာခိုင်နှုန်းရခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၈ နောက်ပိုင်းမှာ ၂၀ ရာခိုင်နှုန်းပဲရပါတော့တယ်။ Frontier ကိုအင်တာဗျူးပေးဖို့ငြင်းခဲ့တဲ့ တာဆာကီက လက်ရှိမှာ ကျွန်းစုမြို့နယ်ထဲက ဒိုမယ်ကျွန်းနားက ဧက ၂၉,၀၀၀( ၁၁,၇၃၅ ဟက်တာခန့်) ရှိတဲ့ဧရိယာမှာ ပုလဲမွေးစခန်း နှစ်ခု ထူထောင်လုပ်ကိုင်နေပါတယ်လို့ ဦးမျိုးလွင်ပြောပြချက်အရ သိရပါတယ်။

တနင်္သာရီတိုင်း သယံဇာတဝန်ကြီး ဦးလှထွေးက တာဆာကီနဲ့စာချုပ်ဟာ ၂၀၂၀ မှာ ပြီးဆုံးမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ရှစ်သန်းမြှုပ်နှံလုပ်ကိုင်ထားတဲ့ တာဆာကီက ငါးနှစ်သက်တမ်းထပ်တိုးလိုကြောင်း ၂၀၁၈ ကတင်ပြထားတယ်လို့ နိုဝင်ဘာ ၁၃ ရက်က Frontier ကို‌ပြောပါတယ်။

အဲ့ဒီလာမယ့် ထပ်တိုးသက်တမ်းမှာ တာဆာကီက ဆလုံတွေအများဆုံးလုပ်ကိုင်စားသောက်နေတဲ့ လငန်းကျွန်းအပါအဝင် Sister Group လို့ခေါ်တဲ့ ဘုတ်ပြင်းမြို့နယ်ပိုင် ကျွန်းဆွယ်တွေအများရှိနေတဲ့ ရေပိုင်နက်မှာ နောက်ထပ်လုပ်ငန်းနေရာ သုံးခုကို ဧက ၁၇,၀၀၀ အကျယ်အဝန်းမှာ ပုလဲမွေးမြူရေး လုပ်ချင်တာပါပဲ။  အဲ့ဒီ့နေရာတွေဟာ တနင်္သာရီတိုင်းအထဲမှာ အကောင်းဆုံး ရေသယံဇာတတွေရှိနေတဲ့ နေရာတွေဖြစ်သလို ဆလုံတွေရဲ့စားကျက်မြေပါပဲ။ ဒီနေရာတွေကို ခွင့်ပြုလိုက်ရင် မော်ကင်းဆိုတဲ့ ဆလုံတွေအတွက် ကင်းမွန်ဖမ်းနေတဲ့စားကျက်တွေ ပျောက်ဆုံးကုန်ကြမှာ စိုးရိမ်နေကြပါတယ်။

မြန်မာ့ပုလဲလုပ်ငန်းက ဆလုံငါးဖမ်းသူတွေ ပုလဲမွေးမြူရေးစခန်းတွေဘက် လမ်းမှားရောက်သွားတာကို အရေးယူပြစ်ဒဏ်ခတ်တယ်လို့ဆိုပါတယ်။

“ပုလဲကုမ္ပဏီတွေက အရင်ကတည်းက ဆလုံတွေကို ပုလဲခိုးတယ်လို့စွပ်စွဲပြီး နှိပ်စက်ကြတယ်။ ကင်းမွန်တွေ သိမ်းပစ်တာတို့ လူကို သုံးလေးရက်ဖမ်းထားတာတို့လုပ်တယ်၊ နောက်မလာအောင်ပေါ့” လို့ ဆလုံအမျိုးသား ကိုဘာဘူကပြောပါတယ်။

နေရာသစ် သုံးနေရာမှာ ၂၀၀၁ စာချုပ်ထဲမှာပါပြီးသားဖြစ်ကာ ကုမ္ပဏီက နှစ်နေရာမှာသာ လုပ်ကိုင်ခဲ့တာလို့ ဦးလှထွေးကဆိုပါတယ်။ လငန်းကျွန်းက မော်ကင်းတွေက Frontier ကို တာဆာကီက ကျွန်းတစ်ကျွန်းပေါ်မှာ အဆောက်အအုံတွေ ဆောက်လုပ်နေပြီး ဗော်ယာတွေကို ကန့်သတ်နယ်မြေဖြစ်ကြောင်းဖော်ပြဖို့ လိုက်ချနေတယ်လို့ ပြောပြကြပါတယ်။

အဲ့ဒီတာဆာကီက ဒိုမယ်ကျွန်းမှာ ပုလဲလုပ်ငန်း စတင်လုပ်ကိုင်ခဲ့တာပါ။ ပြဿနာကတော့ အစိုးရနဲ့ တာဆာကီတို့ ချုပ်ဆိုထားတဲ့ သဘောတူပါဝင်ချက်တွေ၊ ရေပိုက်နက်တွေကို ဒေသခံဆလုံတွေက ဘာမှသိခွင့်မရကြတာပါပဲ။

မော်ကင်းတွေက Sisters Islands ဝန်းကျင်မှာ သွားလာလှုပ်ရှားနေကြဆဲပါပဲ။

“ကျွန်တော်တို့မှာ ထပ်ပြောင်းစရာလည်းမရှိတော့ဘူး။ ပြောင်းစရာ ကျွန်းတွေအားလုံးလည်း ကုန်နေပြီ” လို့ အလန်မန်မြို့နယ် လငန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသိန်းဇံကပြောပါတယ်။ သူက ဆလုံလူမျိုးစစ်စစ် မဟုတ်ပေမဲ့ ဆလုံအမျိုးသမီးနဲ့ အိမ်ထောင်ကျနေသူပါ။

တိုင်းဒေသကြီးအစိုးရက သူတို့ လငန်းကျွန်းပေါ်မှာ ဆက်နေနိုင်တယ်လို့ အာမခံပေမဲ့ အဲဒီနေရာတဝိုက်မှာ လွတ်လွတ်လပ်လပ် ကင်းမွန်ဖမ်းခွင့်မရရင် သူတို့ရဲ့အသက်မွေးဝမ်းကျောင်းမှုမှာ အခက်ကြုံရမယ်လို့ ဦးသိန်းဇံက ပြောပါတယ်။

“ကျွန်မတို့ အသက်မွေးဝမ်းကျာင်းလုပ်တဲ့ နေရာကိုသူတို့က ယူမယ်ဆိုရင် ကျွန်မတို့က ဒီမှာ ဘယ်လိုနေရမလဲ”  ဆလုံအမျိုးသမီးကြီး ဒေါ်ပန်းကဆိုပါတယ်။  အမှန်လည်း အဲဒီကျွန်းဆွယ်ပိုင်နေရာတွေဟာ  ဒေသခံ ဆလုံအားလုံးနီးပါး မော်ကင်းလှေတွေနဲ့ ကင်းမွန်မြှားထွက်တဲ့ နေရာပါပဲ။

လငန်းကျွန်းကမော်ကင်းအမျိုးသားကို ကင်းမွန်းဖမ်းခရီးမထွက်ခင် တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းသာ

လငန်းကျွန်းကမော်ကင်းအမျိုးသားကို ကင်းမွန်းဖမ်းခရီးမထွက်ခင် တွေ့ရစဉ်။ ဓာတ်ပုံ – ဟိန်းသာ

နေပြည်ရောက်မော်ကင်းများ

၂၀၁၈ ခုနှစ်မှာတော့ လငန်းကျွန်းကသူများထံ ကျွန်းဆွယ်တခုလုံးက ဆလုံလူမျိုးအားလုံး ပူးပေါင်းလာကြကာ သူတို့ကို ထောက်ကူပေးနေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေရဲ့ကူညီမှုနဲ့ စုပေါင်းလက်မှတ်ရေးထိုးပြီး တာဆာကီကို Sisters Islands ကနေဖယ်ရှားခိုင်းဖို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကို စာပို့တိုင်ကြားခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၁၉ စက်တင်ဘာလမှာ နေပြည်တော်ကိုလည်း လူကိုယ်တိုင်သွားပြီးတိုင်ကြသလို နိုင်ငံတော်သမ္မတရုံးကိုလည်း တိုင်ကြားခဲ့ကြပါတယ်။ နေပြည်တော်မှာ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲမြင့်ဆွေနဲ့လည်းတွေ့ခဲ့ပါတယ်။

ယခုနှစ် နိုဝင်ဘာလ ၃ ရက်မှာ တနင်္သာရီတိုင်း သယံဇာတဝန်ကြီး ဦးလှထွေးက ဆလုံတွေအများစုနေထိုင်ကြတဲ့ လငန်းရွာအပြင် တခြားဆလုံကျွန်းတွေကိုလိုက်ပြီး စစ်ဆေးခဲ့ပါတယ်။ ပြီးရင် သူက တာဆာကီကို ဆက်လက်လုပ်ကိုင်ခွင့်ပေးမပေး ဆုံးဖြတ်မယ့် ပြည်ထောင်စုအစိုးရဆီကို သဘောထားမှတ်ချက်ပေးရမှာပါ။ ဒီကမှ တဆင့် ပြည်ထောင်စုအစိုးရရဲ့ အမိန့်ကို ဆလုံတွေနားထောင်ရပါမယ်။

တကယ်လို့ သူတို့ ဒီပင်လယ်ပြင်မှာ ကင်းမွန်းဖမ်းလို့မရရင် ထိုင်းဘက်ကိုပြောင်းမယ်လို့ ဆလုံတိုင်းရင်းသား ကိုဘာဘူကပြောပါတယ်။

“ကျွန်တော်တို့ ဆလုံတွေသီးခြားနေတတ်တဲ့လူတွေမဟုတ်ဘူး။ လူမျိုးစုခေါင်းဆောင်တွေက ပြောင်းမယ်လို့ ဆုံးဖြတ်ရင် ကျွန်တော်တို့ပြောင်းမှာပဲ” လို့ ကိုဘာဘူက ပြောပါတယ်။

ဒါပေမဲ့ ထိုင်းမှာလည်း ဆလုံတွေဟာ မရေမရာဘဝများနဲ့ကြုံနေရကာ တရားမဝင် ရွှေ့ပြောင်းလုပ်သားအဖြစ်နဲ့ စီးပွားဖြစ်ငါးဖမ်းလုပ်ငန်းတွေမှာ ခေါင်းပုံဖြတ်ခံနေကြရပါတယ်။

“လူမျိုးတုံးအောင်လုပ်တယ်ဆိုတာ သေနတ်တွေနဲ့ပစ်၊ ဓားတွေနဲ့ ခုတ်မှမဟုတ်ဘူး။ သူတို့ရဲ့ လုပ်စားကွက်တွေ ပိတ်လိုက်လို့ရှိရင်လည်း လူမျိုးတုံးအောင်လုပ်တာနဲ့ အတူတူပဲ” လို့   လငန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး  ဦးသိန်းဇံကပြောပါတယ်။

ပုလဲမွေးမြူရေးလုပ်ငန်းအတွက် ပြီးခဲ့တဲ့ ၅၅ နှစ်က စစ်အစိုးရရဲ့ပုလဲကျွန်းပေါ်ကနေ နှင်ထုတ်တဲ့ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောရင်း “ပုလဲဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်းတွေပေါ်က နှင်ချခံရတယ်။ ပုလဲကြောင့် ဆလုံတွေ နှိပ်စက်ခံရတယ်။ ပုလဲဆိုတဲ့ နံမည်ကိုတောင်မကြားချင်ပါဘူး ” လို့ လငန်းကျေးရွာမှာနေထိုင်တဲ့ ဆလုံအမျိုးသမီးကြီး ဒေါ်ပန်းကပြောပါတယ်။

ဒါပေမဲ့ ဆလုံလူမျိုးစုတွေအပါအဝင် မြိတ်ကျွန်းစုမှာနေထိုင်သူတွေက ပုလဲလုပ်ငန်းတွေအားလုံးကို မုန်းတီးနေတဲ့သဘောတော့ မရှိပါဘူး။

“ပုလဲဟာ တနင်္သာရီတိုင်းရဲ့ အမှတ်သင်္ကေတပဲ။ ဒါကို မထုတ်ဘဲနေဖို့တော့ ပြောတာမဟုတ်ပါဘူး” လို့ ဆလုံလူမျိုးကိုဘာဘူကပြောပါတယ်။

“ဒါပေမဲ့ဗျာ ပုလဲဆိုတာကြီးက မော်ကင်းတွေကို သူတို့နေရင်းအရပ်ကနေ အဝေးကိုနှင်ထုတ်တဲ့ အကြောင်းရင်း ဖြစ်နေပြီဆိုရင်တော့ ပုလဲကိုကျွန်တော်တို့ မနှစ်မြို့နိုင်ပါဘူး”

ခေါင်းစီးဓာတ်ပုံ – မြန်မာနိုင်ငံတောင်ပိုင်းက မြိတ်ကျွန်းဆွယ်ရေပြင်မှာ မော်ကင်းတို့ဟာ ကင်းမွန်နဲ့ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းကြပါတယ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar