ထွန်းခိုင်
လွန်ခဲ့တဲ့ သုံးနှစ်က ထိုင်း-မြန်မာနယ်စပ်ရနောင်းမှာ အသက် ၁၆ နှစ်အရွယ် ကျောင်းသူတယောက် အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား လေးဦးကို ထိုင်းတရားရုံးက ထောင်ဒဏ်နှစ်နှစ်ကနေ ရှစ်နှစ် အထိ ချမှတ်လိုက်ပါတယ်။
ရနောင်းခရိုင်တရားရုံးမှာ ရုံးချိန်း ၇၅ ကြိမ်ကို နှစ်နှစ်ကျော်ကြာ ကြားနာခဲ့ပြီးတဲ့နောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို လူသတ်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး အမိန့်ချခဲ့တာဖြစ်တယ်လို့ မြန်မာလုပ်သားတွေကို ကူညီနေတဲ့ ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိးတိုးတက်ရေးဖောင်ဒေးရှင်း (FED- Foundation For Education and Development)က ဦးမင်းဦးက ပြောပါတယ်။
လူသတ်မှုမှာ အဓိကလက်သည်တရားခံလို့ ထိုင်းရဲတွေက စွပ်စွဲထားတဲ့ မိုးဇင်အောင်ကို ထောင်ဒဏ် လေးနှစ်နဲ့ ဒဏ်ငွေ ဘတ် ၈၁၀,၀၀၀ ချမှတ်ခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ရွေးစုကျေးရွာကနေ ရနောင်းကိုလာပြီး အလုပ်လုပ်နေတဲ့ မိုးဇင်အောင်ဟာ ကျောင်းသူလေး အသက်ခံရပြီး တစ်လအကြာကတည်းက ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။
အက်ပဲလ်လို့ အမည်ရတဲ့ ထိုင်း-မြန်မာ ကပြားကျောင်းသူလေးရဲ့ ရုပ်အလောင်းကို ရနောင်းရဲတပ်ဖွဲ့ဝင်တွေက ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့က ရနောင်းမြို့မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
မိုးဇင်အောင်ဟာ ဖမ်းဆီးခံရချိန်မှာ အသက် ၁၅ နှစ်သာ ရှိသေးတာကြောင့် ကလေးသူငယ်တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရပါတယ်။
သူနဲ့အတူ အမှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ကလေးသူငယ်တရားရုံးမှာ အတူတရားရင်ဆိုင်ခဲ့ရတဲ့ ကျော်စိုးဝင်းကိုတော့ ထောင်ဒဏ် နှစ်နှစ်နဲ့ ဒဏ်ငွေ ဘတ် ၂၇၀,၀၀၀ ချမှတ်ခဲ့ပါတယ်။
ကျော်စိုးဝင်းဟာ ဖမ်းဆီးခံထားရတာ နှစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး သူ့ပြစ်ဒဏ်ကနေ ချုပ်ရက်တွေ လျှော့ပေးမှာ ဖြစ်တဲ့အတွက် ယနေ့ပဲ ပြန်လွှတ်လာနိုင်တယ်လို့ ကိုမင်းဦးကပြောပါတယ်။
“ထိုင်းရှေ့နေတွေက လိုအပ်တဲ့ စာရွက်စာတမ်းတွေ လုပ်နေတယ်။ ကျော်စိုးဝင်းကတော့ ဒီနေ့ ပြန်လွတ်နိုင်တယ်လို့ ထင်တယ်”လို့ ဦးမင်းဦးကပြောပါတယ်။
အမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံရပြီး လူကြီးတရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရတဲ့ စိန်ဂတုံးကိုတော့ ထောင်ဒဏ် ရှစ်နှစ်နဲ့ ဇော်လေးကို ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ပြီး နှစ်ယောက်ပေါင်း ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၅၇၀,၀၀၀ ပေးဖို့ကိုလည်း တရားရုံးက အမိန့်ချခဲ့ပါတယ်။
ထောင်ဒဏ်အမိန့် ချမှတ်ခံရတဲ့ မြန်မာလုပ်သားတွေရဲ့ မိသားစုထံက သဘောဆန္ဒ တောင်းခံပြီး အယူခံတင်သွင်းဖို့ ပြင်ဆင်နေတယ်လို့ ဦးမင်းဦးက ပြောပါတယ်။
ယခုထောင်ဒဏ်ချမှတ်ခံရတဲ့ မြန်မာလုပ်သားလေးဦးဟာ အပြစ်မရှိဘဲ ဖမ်းဆီးခံရတာဖြစ်ပြီး သူတို့ အမှုဟာ လိပ်ကျွန်းလူသတ်မှုနဲ့အလားသဏ္ဍန်တူနေတယ်လို့ သူတို့မိသားစုဝင်တွေနဲ့ သူတို့ကို အကူအညီပေးနေသူတွေက အစဉ်တစိုက် ဝေဖန်ထောက်ပြနေကြပါတယ်။
ထိုင်းရဲတွေက သေဆုံးသူမှာတွေ့ရှိတဲ့ DNA နဲ့ တရားခံတွေမှာတွေ့ရှိတဲ့ DNA မတူညီမှု၊ အသတ်ခံရသူ သေဆုံးချိန်မှာ တရားခံတွေဟာ အလုပ်ခွင်ထဲမှာရှိနေကြောင်း CCTV မှတ်တမ်းသက်သေတွေကို ထိုင်းရဲတွေက မျက်ကွယ်ပြုမှုတွေ ရှိနေတယ်လို့ သူတို့က အစောပိုင်းမှာ မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။