ထိုင်းနိုင်ငံရှိ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ၇၇၂,၂၇၀ ထဲမှ မြန်မာလုပ်သား ၄၅၀,၀၀၀ က မှတ်ပုံတင်ရန် နောက်ဆုံး သတ်မှတ်ရက်ဖြစ်သည့် သြဂုတ် ၇ ရက်နေ့မတိုင်မီ အာဏာပိုင်များထံ မှတ်ပုံတင်ခဲ့ကြသည့်ဟု သတင်းများက ဖော်ပြသည်။
စာရွက်စာတမ်း အထောက်အထားမရှိသည့် အလုပ်သမားများ၏ ၅၈ ရာခိုင်နှုန်းမှာ မြန်မာများဖြစ်ကြပြီး ကမ္ဘောဒီးယား အလုပ်သမားများက ၂၈ ဒသမ ၈၆ ရာခိုင်နှုန်းနှင့် လာအိုက ၁၂ ဒသမ ၆၇ ရာခိုင်နှုန်းရှိသည်ဟု ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက ရေးသားထားသည်။
မြန်မာလုပ်သားများအတွက် အလုပ်ရှင် ၁၉၃,၉၁၈ ဦးက မှတ်ပုံတင်ပေးခဲ့ကြခြင်းဖြစ်သည်ဟု သတင်းစာက ရေးသားထားသည်။ ထိုအထဲတွင် ၇၀ ရာခိုင်နှုန်းခန့်က တစ်ဦးချင်းဖြစ်ကြကာ ကျန်အရေအတွက်မှာ ကုမ္ပဏီများက မှတ်ပုံတင်ပေးခြင်းဖြစ်သည်ဟု ဝန်ကြီးဌာန တာဝန်ရှိသူကို ကိုးကားရေးသားထားသည်။
ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်နေကြသည့် အလုပ်သမား ၁၈၁,၇၇၂ ဦးရှိပြီး အများဆုံးဖြစ်ကာ စိုက်ပျိုးရေးကဏ္ဍတွင် ၁၇၀,၈၅၄ ဦး၊ စားသောက်ကုန်ကဏ္ဍတွင် ၇၀,၃၈၄ ဦး၊ ဝန်ဆောင်မှုကဏ္ဍတွင် ၅၈,၉၁၄ ဦးနှင့် အိမ်အကူ လုပ်ကိုင်နေကြသူ ၅၁,၅၁၂ ဦးရှိသည်ဟု စာရင်းများအရ သိရသည်။
မှတ်ပုံတင်ရန် သတ်မှတ်ထားသည့် ဇူလိုင် ၂၄ မှ သြဂုတ် ၇ ရက်နေ့အတွင်း အလုပ်သမားအများစုက ဘန်ကောက်တွင် မှတ်ပုံတင်ခဲ့ကြကာ စုစုပေါင်း ၁၅၂,၉၀၃ ဦးဖြစ်သည်။
ရွှေ့ပြောင်းလုပ်သားများ တရားဝင်ဖြစ်စေရေးအတွက် ဆောင်ရွက်မည့် အဆင့်သုံးဆင့်တွင် ဒုတိယအဆင့်အဖြစ် မှတ်ပုံတင်ထားသည့် အလုပ်သမားများအား စိစစ်သည့်လုပ်ငန်းကို သြဂုတ် ၈ ရက်နေ့တွင် စတင်ကာ တစ်လခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။ အဆိုပါအဆင့်တွင် အလုပ်ရှင်နှင့် အလုပ်သမားများအား တွေ့ဆုံမေးမြန်းမှု ဆောင်ရွက်မည်ဖြစ်သည်။
အလုပ်လုပ်ကိုင်ခွင့် ပါမတ်မထုတ်ပေးမီ နောက်ဆုံးအဆင့်အဖြစ် အလုပ်သမားများ၏ နိုင်ငံသားဖြစ်မှုကို ၎င်းတို့၏ မိခင်နိုင်ငံမှ တာဝန်ရှိသူများက စိစစ်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံသားများအတွက် နိုင်ငံသားစိစစ်သည့်လုပ်ငန်းများကို ဘန်ကောက်နှင့် အခြားခရိုင် ခုနစ်ခုတွင် ဆောင်ရွက်ပေးသွားမည်ဟု အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားကြောင်း ဘန်ကောက်ပို့စ်က ရေးသားထားသည်။
မှတ်ပုံမတင်သည့် အလုပ်သမားများနှင့် အလုပ်ရှင်များအား ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်သွားမည်ဟု ထိုင်းစစ်အစိုးရက ဇွန် ၂၃ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည်။
အဆိုပါကြေညာချက် ထွက်ပေါ်လာပြီးနောက် အထောက်အထားမရှိသည့် ရွှေ့ပြောင်းအလုပ်သမား သုံးသန်းခန့်ထဲမှ ထောင်ပေါင်းများစွာမှာ ထိုင်းနိုင်ငံမှ မိခင်နိုင်ငံများဆီသို့ ပြန်လည် ထွက်ပြေးသွားခဲ့ကြသည်။ ထို့ကြောင့် အလုပ်သမား ရှားပါးမှုကို ဖြစ်ပေါ်လာစေသည့်အတွက် အမိန့်တွင် ဖော်ပြထားသည့် ပြစ်ဒဏ်များ သက်ရောက်စေမှုကို နောက်ထပ် ရက် ၁၈၀ ဆိုင်းငံ့ထားရန် ဇူလိုင် ၄ ရက်နေ့တွင် ဆုံးဖြတ်လိုက်သည်။
သြဂုတ် ၇ ရက်နေ့ နောက်ဆုံးရက်မတိုင်မီ ပြည်ပအလုပ်သမား တစ်သန်းခန့် လာရောက်မှတ်ပုံတင်မည်ဟု မျှော်မှန်းထားကြောင်း အလုပ်အကိုင်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Mr Waranon Pitiwan ၏ ပြောကြားမှုကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက ယခုလအစောပိုင်းတွင် ရေးသားထားသည်။