မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျောက်တွင် သွပ်ဆူးကြိုးဖြင့် ခြံစည်းရိုး တည်ဆောက်သည့်လုပ်ငန်းအား ရပ်နားထားခြင်းမရှိဟု သမ္မတရုံး ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရှင်းလင်းခဲ့သည်။
ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအတွက် ဘတ်ဂျက်ကို လွှတ်တောက် ဖြတ်တောက်လိုက်သည့်အတွက် လုပ်ငန်းများ ရပ်နားထားရသည်ဟု သတင်းများ ပေါ်ထွက်နေပြီး နယ်စပ်လုံခြုံရေးအတွက် စိုးရိမ်ပူပူန်မှုများ ရှိနေသည်ဟု ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ဇွန် ၈ ရက်နေ့က ရေးသားထားသည်။
ယခု ၂၀၁၆-၁၇ ဘဏ္ဍာနှစ် မူလခန့်မှန်းခြေ ငွေစာရင်းတွင် နယ်စပ်ခြံစည်းရိုး ကာရံခြင်းအတွက် ကျပ် ၅၅၄၄ ဒသမ ၈၂၃ သန်း (၅ ဒသမ ၅ ဘီလျံကျော်) ကို ခွဲဝေ လျာထားခဲ့ပြီးဖြစ်သည်ဟု ၎င်းကရေးသားထားသည်။
ယခုအစိုးရသစ် တက်လာချိန်တွင် ဘတ်ဂျက်များကို ပြန်လည်စိစစ်ခြင်းများ ပြုလုပ်သော်လည်း နယ်စပ်ခြံစည်းရိုး ကာရံရန်အတွက် ရရှိထားသည့် ကျပ် ၅ ဒသမ ၅ ဘီလျံအား ဖြတ်တောက် လျှော့ချခြင်းမရှိဟုလည်း ရေးသားထားသည်။
“ဘတ်ဂျက်ကို ဖြတ်တောက်တာ မရှိတဲ့အပြင် လက်တွေ့ မြေပြင်မှာလည်း ခြံစည်းရိုးကာရံမှုလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေပြီဖြစ်ကြောင်း ရှင်းလင်းအပ်ပါတယ်” ဟု ဦးဇော်ဌေးက ရေးသားထားသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ထိစပ်နေသည့် ကုန်းတွင်းပိုင်း နယ်နိမိတ်အရှည် ၁၆၅ မိုင်ခန့်တွင် သွပ်ဆူးကြိုး ကာရံသည့်လုပ်ငန်းကို ၂၀၀၉ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တပ်မတော် စစ်ထောက်ချုပ်ရုံးထံ လုပ်ငန်းအပ်နှံခဲ့ခြင်းဖြစ်ကာ တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့က တည်ဆောက်နေခြင်း ဖြစ်သည်။
လုပ်ငန်းများကို အဆင့်လေးဆင့်ဖြင့် ဆောင်ရွက်ရန် စီစဉ်ထားရာ ၂၀၀၉ -၁၀ ဘဏ္ဍာနှစ်မှ စတင်ကာ ပထမအဆင့် ၃၈ ဒသမ ၁၁ မိုင်၊ ဒုတိယအဆင့် ၃၆ဒသမ ၆၆၁ မိုင်၊ တတိယအဆင့် ၃၉ ဒသမ ၈၈၁ မိုင်အပါအဝင် ဆက်စပ်လုပ်ငန်းများကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အထိ လုပ်ကိုင်ခဲ့သည်ဟု သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်စပ်နေသည့် ရခိုင်ပြည်နယ်တွင် ဒုက္ခသည်အများအပြား ရှိနေပြီး လူဝင်မှုကြီးကြပ်ရေး ပြဿနာများ ရှိနေသည့်အတွက် တဖက်နိုင်ငံမှ တရားမဝင် ခိုးဝင်မှုများအား တားဆီးနိုင်ရန် အဆိုပါ ခြံစည်းရိုးကို တည်ဆောက်နေခြင်း ဖြစ်သည်။
သတင်း- Frontier