နော်ဆိုင်း
မြန်မာ- တရုတ်နယ်စပ် ရွှေလီချိုင့်ဝှမ်းတလျှောက်တွင် နယ်နိမိတ် ပြဿနာများ မကြာခဏဖြစ်ပွားနေ၍ ပြည်ထောင်စု အစိုးရက လာရောက်ဖြေရှင်းပေးရန် လူမှုအဖွဲ့အစည်း (၅) ဖွဲ့က အောက်တိုဘာလ (၁၇) ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်တောင်းဆိုသည်။
တရုတ်နိုင်ငံသား (၄)ဦးသည် အောက်တိုဘာလ ၉ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာအနီးရှိ နယ်စပ်မှတ်တိုင်မှ မြန်မာပြည်ဘက်ခြမ်းသို့ ပေ ၆၀ ခန့် ဝင်ရောက် ကျူးကျော်ပြီး မြေတူးစက်ဖြင့်တူးသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက တရုတ်နိုင်ငံ၊ ရွှေလီပြည်ပရေးရာဌာနမှူး ထံ ကန့်ကွက်စာ ပို့ထားသည်၊၊
ထို့အပြင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီအပါအဝင် မြို့မိမြို့ဖများ၊တောင်သူလယ်သမားများအသင်း၊လူမှုညီညွတ်ရေးအသင်း၊ နမ့်ခမ်းမြို့နယ်၊ရှေးဟောင်းအမွေအနှစ်နှင့် သမိုင်းဝင်နေရာများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအသင်း တို့က အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ ကိုယ့်ရဲ့ နိုင်ငံပိုင် မြေဆိုရင် တစ်လက်မမှ အဆုံးရှုံး မခံနိုင်ဘူး၊ တရုတ်ရဲ့ လုပ်ရပ်ကို ကျနော်တို့က ရှုံ့ချတယ် ” ဟု နမ့်ခမ်းမြို့နယ်၊ရှေးဟောင်းအမွေအနှစ်နှင့် သမိုင်းဝင်နေရာများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအသင်း ဥက္ကဌ စိုင်းအောင်ဝင်း ပြောသည်။
နမ့်ခမ်းမြို့နယ၊် ကောင်းဆာကျေးရွာတွင် နယ်မြေကျုးကျော်ပြီး တရုတ်အလံများ ဝင်ရောက် စိုက်ထူခဲ့ရာ ရွာသားများက ကန့်ကွက်၍ ပြန်လည်ဖြုတ်သိမ်းခဲ့သည့် ဖြစ်စဉ်အပါအဝင် တရုတ်ပြည်နှင့်ထိစပ်နေသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ပြီးခဲ့သည့်နှစ်များအတွင်းက နယ်နိမိတ်အငြင်းပွားမှုအချို့ဖြစ်ပွားခဲ့သည်။