မြန်မာနိုင်ငံ၏ တိုင်းပြည်ကာကွယ်ရေးစွမ်းရည်အား ကြံ့ခိုင်စေရန်အတွက် စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ရုရှားက တုန့်ပြန်လိုက်ပြီး အမေရိကန်၏ ဝေဖန်မှုများကို ပယ်ချလိုက်သည်။
“ရုရှား-မြန်မာ အနာဂတ်တွင် စစ်ဘက်ဆိုင်ရာ စွမ်းရည် တိုးမြှင့်ရန်နှင့် စစ်ဘက်-နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နောက်ဆုံး သဘောတူညီချက်အပေါ် အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အရာရှိ၏ ဝေဖန် ပြောဆိုခဲ့သည်ကို ကျွနု်ပ်တို့ သတိပြုမိခဲ့သည်” ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
“ရုရှား စစ်ဘက်ဆိုင်ရာ ထုတ်ကုန်များ မြန်မာနိုင်ငံသို့ တင်ပို့ခြင်းသည် တိုင်းပြည်ကာကွယ်ရေးစွမ်းရည် ကြံ့ခိုင်စေလိုသည့် ရည်ရွယ်ချက်သာဖြစ်သည်။ လက်ရှိအဖြစ်အပျက်နှင့် အရပ်သားပြည်သူတို့အပေါ် ကြီးမားသည့် အခက်အခဲ ပြဿနာများ ထပ်၍ ပေါ်ပေါက်စေနိုင်သည် ဟူသည့် ခြိမ်းခြောက်မှုသည် ကျွန်ုပ်တို့၏ နိုင်ငံခြားရေးဝန်ကြီးဌာန လုပ်ဘော်ကိုင်ဘက်များ၏ ပြောင်မြောက်သော စိတ်ကူးသက်သက်သာ ဖြစ်ကြောင်း နားလည် မြင်တွေ့နိုင်ပါသည်” ဟု ရန်ကုန်မြို့ရှိ ရုရှားသံရုံး၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည့် အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိ Su-30 ဂျက်တိုက်လေယာဉ် ခြောက်စီးကို မြန်မာနိုင်ငံသို့ ရောင်းချပေးမည်ဟု မော်စကိုရှိ ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားကာ ရုရှားသတင်းဌာနများက ပြီးခဲ့သည့် ရက်သတ္တပတ်က ရေးသားခဲ့ကြသည်။ ထိုသတင်းကြောင့် စိတ်မသက်မသာဖြစ်မိသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Heather Nauert က ပြောကြားခဲ့သည်။
“ဒီသတင်းတွေက အကယ်လို့ သေချာတယ်ဆိုရင် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ စစ်တပ်တွေကို ရုရှားက လက်နက်တွေ ဆက်လက် တပ်ဆင်ပေးနေတယ်ဆိုတာနဲ့ ပတ်သက်တဲ့ နောက်ထပ် သတိပေးချက်တစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
သို့သော် စစ်ဘက်-နည်းပညာဆိုင်ရာ အခန်းကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ခြင်းသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို သွေဖယ် ဆန့်ကျင်မှု မပြုလျှင် ထိုပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအစိုးရအကြား ဆက်ဆံရေး၏ တရားဝင် အစိတ်အပိုင်းဖြစ်သည်ဟု ရုရှားကပြောကြားသည်။
မြန်မာနိုင်ငံ၌ အခြေအနေများ ပုံမှန် အနေအထား ရောက်ရှိစေရန် နိုင်ငံတကာ အသိုင်းအဝန်းမှ အားထုတ် ကြိုးပမ်း ကူညီပေးနေမှုများတွင် ရုရှားနိုင်ငံကလည်း အားသွန်ခွန်စိုက် တက်ကြွစွာ ပါဝင် ဆောင်ရွက်နေသည်ဟု ပြောကြားသည်။
ရခိုင်ပြည်နယ်၏ ရှုပ်ထွေးနေသည့် ပြဿနာများအား မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာပြီး နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှုမပြုဘဲ နိုင်ငံရေးအရ ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေပေးလျှက်ရှိသည်ဟု ပြောကြားထားသည်။
“ကျွန်ုပ်တို့ နိုင်ငံ၏ ရှင်းလင်းသည့် ခံယူချက် သဘောထားသည် နှစ်ဦးနှစ်ဘက် အပြန်အလှန် လက်ခံနိုင်သည့် ကိစ္စရပ်များကို ရှာဖွေပေးပြီး ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်မှု ရရှိစေရန် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံတော် အစိုးရကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်သည့် အကူအညီများ ပေးလျှက်ရှိသည်” ဟု ရုရှား၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။