ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းခဲ့သည့် အင်တာဗျူးတစ်ခု၌ အစိုးရက စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုကို မည်သို့တွန်းအားပေး ဆောင်ရွက်နိုင်ကြောင်း၊ ၎င်း၏ကုမ္ပဏီနှင့် ကမ္ဘာ့ဘဏ်အဖွဲ့ဝင် နိုင်ငံတကာငွေကြေး ကော်ပိုရေးရှင်း IFC တို့၏ လတ်တလော ချေးငွေသဘောတူညီမှု လက်မှတ်ရေးထိုးခြင်းနှင့် တရုတ်နိုင်ငံထံမှ တရားမဝင် ဝင်ရောက်လာသည့် ဈေးပေါသော ထုတ်ကုန်များက မြန်မာ့စိုက်ပျိုးရေးကဏ္ဍကို အန္တရာယ်ပြုနေပုံများအကြောင်း ဦးသတိုးဟိန်းက Frontier ကို ပြောကြားသည်။
၂၂ နှစ်သာရှိသေးတဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်က မြန်မာ့သြဘာကို ခင်ဗျား စလုပ်ခဲ့တယ်နော်။ ဒါပေမဲ့ ခင်ဗျားက စိုက်ပျိုးရေးနောက်ကြောင်းခံမရှိပဲဝင်လာခဲ့တာပေါ့နော်။ ဒီကဏ္ဍကို စိတ်ပါဝင်စားမှုက ဘယ်လိုများ ပေါ်ထွက်လာခဲ့တာလဲ။
ကျွန်တော့်မိဘတွေက ဆိုရှယ်လစ်ခေတ်မှာ စီးပွားရေးလုပ်ငန်း ကိုယ်စားလှယ်တွေအဖြစ် ဆောင်ရွက်ပြီး အစိုးရတင်ဒါတွေ ဝင်ဆွဲပြီး လုပ်ကိုင်ခဲ့ကြတာပါ။ သူတို့က ချန်မီနိုဗာ Cheminova လို့ခေါ်တဲ့ ဒိန်းမတ်ကုမ္ပဏီ တစ်ခုကို ကိုယ်စားပြုခဲ့ကြပါတယ်။ ချန်မီနိုဗာရဲ့အာရှပစိဖိတ်မန်နေဂျာက စိုက်ပျိုးရေးကဏ္ဍကို လေ့လာဖို့အတွက် မြန်မာနိုင်ငံကို အလည်အပတ် လာရောက်ချင်ခဲ့ပါတယ်။
ကျွန်တော်က ၁၉၉၀ ပြည့်နှစ်မှာ အထက်တန်းကျောင်းပြီးလို့ ကျွန်တော့်မိဘတွေအတွက် အကြံပေးအရာရှိ အဖြစ် လုပ်နေတဲ့အချိန်ပါ။ ဒါ့ကြောင့် အဲဒီဒိန်းမတ်မန်နေဂျာကို ကူညီလုပ်ကိုင်ပေးခဲ့ရပါတယ်။ သူ့ကို မန္တလေးခေါ်သွားရတယ်။ အဲဒီတုန်းက လမ်းတွေ သိပ်မကောင်းဘူး။ ဒါကြောင့် ညရထားနဲ့ ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ရန်ကုန်ကနေ ညနေ ၆ နာရီလောက်မှာ ထွက်ခဲ့ပြီး မန္တလေးကို မနက် ၅ နာရီလောက်မှာ ရောက်ရမှာ ဖြစ်ပေမဲ့ ကံကောင်းတယ်ပဲ ဆိုရမလား၊ ကံဆိုးတယ်လို့ပဲ ပြောရမလားတော့ မသိဘူး၊ ရထားက လမ်းတစ်ဝက်ဖြစ်တဲ့ သာစည်မှာ ပျက်သွားခဲ့တယ်။ ရထားက သာစည်ကနေ မနက် ၇ နာရီလောက်မှ နေ့ခရီးအနေနဲ့ ဆက်နိုင်ခဲ့ပါတယ်။ အဲဒီဒိန်းမတ်မန်နေဂျာက ကျွန်တော့်ကို ဘယ်၊ ညာနှစ်ဘက်စလုံးမှာ ရှိနေတဲ့ စိုက်ခင်းတွေကို ပြခဲ့တယ်။
မြန်မာနိုင်ငံမှာ ဧကဘယ်လောက်များများရှိလဲလို့လည်း သူက မေးတယ်။ ဧက သန်း ၂၀ ရှိတယ်လို့ ကျွန်တော် ပြန်ဖြေတယ်။ ဒီတော့ သူက လယ်သမားတွေအတွက် ဝန်ဆောင်မှုတွေ ပေးမယ်၊ တစ်ဧကကို အမေရိကန် တစ်ဒေါ်လာလောက် မင်းရှာနိုင်မယ်၊ ပြီးတော့ လယ်သမားတွေရဲ့ ယုံကြည်မှုကိုလည်း မင်းရမယ်ဆိုရင် ငွေဘယ်လောက်များများ မင်းရှာနိုင်မလဲဆိုတာ စဉ်းစားကြည့်စမ်းပါလို့ သူက ဆိုတယ်။ ဒီကုမ္ပဏီကို စတင်ဖို့အတွက် ကျွန်တော်စိတ်ပါဝင်စားသွားတာက အဲဒီအဖြစ်အပျက်ကနေ စတာပါပဲ။
ကုမ္ပဏီကို ဘယ်လိုများ စတင်ခဲ့ပါသလဲ။
ကျွန်တော်တို့ လုပ်ငန်းစခါစက ချန်မီနိုဗာထုတ်ကုန်တွေကို ဖြန့်ခဲ့တာပါ။ ၁၉၉၀ ပြည့်လွန်နှစ်တွေလောက်က မြန်မာတောင်သူတွေဟာ အတော်လေး ရှေးရိုးစွဲ ဆန်ကြတုန်းပါ။ သူတို့က ဓာတုဗေဒဆေးဝါးတွေကို မသုံးချင်ကြသေးပါဘူး။ ဒါကြောင့် သူတို့ရဲ့ အထွက်နှုန်းကလည်း တော်တော်နည်းပါသေးတယ်။ လုပ်ငန်းစတင်ချိန်မှာ သူတို့ကို ပညာပေးတဲ့ လုပ်ငန်းတော်တော်များများ ဆောင်ရွက်ခဲ့ရပါတယ်။
ဆယ်စုနှစ် နှစ်ခုလောက်ကြာပြီးတဲ့ ဒီနေ့အချိန်မှာတော့ နိုင်ငံတလွှားမှာ အလုပ်သမားပေါင်း ၂,၅၀၀ လောက် ရှိနေပါပြီ။ အဲဒီထဲက ၁,၀၀၀ လောက်က စိုက်ပျိုးရေးပညာရှင်တွေပါ။ ကျွန်တော်တို့မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဓာတုဗေဒဆေးဝါး ထုတ်လုပ်ရေးစက်ရုံနဲ့ ဓာတ်မြေသြဇာစက်ရုံ တစ်ရုံ ရှိနေပါပြီ။ ကျွန်တော်တို့မှာ မျိုးစေ့၊ မြေသြဇာနဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုဆေးဝါးဆိုတဲ့ ထုတ်ကုန်သုံးမျိုးလည်း ရှိနေပါပြီ။
ရန်ကုန်မြို့၊ မြောက်ဘက် မှော်ဘီက စိုက်ပျိုးရေးဆေးဝါးစက်ရုံကို မတည်ဖို့အတွက် IFC နဲ့ ကန်ဒေါ်လာ ၁၀ သန်းတန် ချေးငွေသဘောတူစာချုပ် တစ်ရပ်ကိုလည်း မကြာသေးခင်က လက်မှတ်ရေးထိုးပြီးပြီနော်။ သြဘာအတွက် ဒီစီမံချက်က ဘယ်လိုအကျိုးကျေးဇူးတွေကို ဆောင်ကျဉ်းပေးနိုင်မလဲ။
မြန်မာနိုင်ငံမှာ စက်ရုံတစ်ရုံရှိပေမဲ့ အဲဒါက ခေတ်နောက်ကျတဲ့ သိပ္ပံပညာရပ်အပေါ်မှာ အခြေခံခဲ့တာ ဖြစ်ပြီး ခုခါမှာ ကမ္ဘာကြီးက တိုးတက်နေပါပြီ။ လက်ရှိနည်းပညာက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အတတ်နိုင်ဆုံးလျှော့ချပေးမယ့် ပိုမိုခေတ်မီတဲ့ ထုတ်လုပ်မှုနည်းစဉ်တွေအပေါ်မှာ အလေးထား ဆောင်ရွက်ပါတယ်။
ဒီလိုစက်ရုံမျိုးကို မြန်မာနိုင်ငံမှာ ကျွန်တော်တို့ တည်ဆောက်လိုတဲ့ ရည်ရွယ်ချက်တချို့ ရှိပါတယ်။ လောလောဆယ်မှာ ကျွန်တော်တို့က သွင်းကုန်အပေါ်မှာပဲ ၁၀၀ ရာခိုင်နှုန်း မှီခိုနေရတာကြောင့် ဒီနေရာမှာ ကျွန်တော်တို့ကိုယ်ပိုင် ဆေးဝါးဖော်စပ် ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံ ရှိနေစေချင်တာပါ။ ဒါမှသာ အရည်အသွေးနဲ့ ပါဝင်တဲ့ပစ္စည်းတွေအပေါ်မှာ တိုက်ရိုက်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေက မြန်မာလယ်သမားတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ တတိယအချက်ကတော့ ကုန်ကျစရိတ် လျှော့ချဖို့ပါ။
ငွေကြေးမတည်ပေးခြင်းအပြင် IFC နဲ့ ဆက်ဆံရေးကနေ တခြားဘယ်အရာတွေများ သြဘာက ရသေးသလဲ။
သူတို့ဆီက အထောက်အပံ့ကို လက်ခံရရှိတယ်ဆိုတာ ကျွန်တော်တို့ရဲ့ ကုန်အမှတ်တံဆိပ်နဲ့ ကုမ္ပဏီကို ထောက်ခံချက်တစ်ခု ပေးလိုက်သလိုပါပဲ။ ကျွန်တော်တို့က ကော်ပိုရိတ်စီမံခန့်ခွဲရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် သူတို့ဆီကနေ အများကြီး သင်ယူနိုင်ပါတယ်။ ကျွန်တော်တို့မှာ စက်ရုံအတွင်း စွန့်ပစ်ရေဆိုး သန့်စင်ရေးနှင့် ညစ်ညမ်းမှုထိန်းချုပ်ရေးတို့အပါအဝင် IFC စံနှုန်းတွေနဲ့ ကိုက်ညီဖို့အတွက် လိုက်နာဆောင်ရွက်စရာများစွာ ရှိနေလို့ပါ။
မြေသြဇာဈေးကွက်ကကော ဘယ်လောက်များ ကြီးမားနေသလဲ။ အဲဒီဈေးကွက်ရဲ့ ဘယ်လောက်များများက တရားမဝင်ထုတ်ကုန်တွေ ဖြစ်နေသလဲ။
လက်ရှိ (မြေသြဇာ) ဈေးကွက်အတွက် တကယ့်ကို တိကျတဲ့အဖြေကို ကျွန်တော်တို့ မရရှိနိုင်ပေမဲ့ တန်ချိန် ၁ ဒသမ ၂ ဒါမှမဟုတ် ၁ ဒသမ ၃ လောက်ရှိနိုင်ပါတယ်။ အဲဒီအထဲက အနည်းဆုံး ၈၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကနေ တင်သွင်းတာပါ။ (အဲဒီဈေးကွက်ရဲ့) ၅၀ ရာခိုင်နှုန်းလောက်က တရားမဝင် ထုတ်ကုန်တွေလို့တော့ သေချာပေါက် ပြောနိုင်ပါတယ်။ ဓာတုဆေးဝါးနဲ့ ပတ်သက်လို့တော့ လက်ရှိဈေးကွက် အရွယ်အစားက သန်း ၁၅၀ လောက် ရှိနေပြီး အဲဒီအထဲက ၃၀ ရာခိုင်နှုန်းက တရားမဝင် ကူးသန်းရောင်းဝယ်မှုတွေပါ။
တရားမဝင် ကူးသန်းရောင်းဝယ်မှုက ဘယ်လိုစိန်ခေါ်ချက်တွေကို ဖြစ်ပွားစေပါသလဲ။
ပထမဆုံးပြဿနာကတော့ အရည်အသွေးပါ။ မြေသြဇာဥပဒေအရ နိုက်ထရိုဂျင်ပါဝင်မှု၊ ဖော့စဖိတ်ပါဝင်မှုနဲ့ ပိုတက်ရှ်ပါဝင်မှုတို့ကို ကျွန်တော်တို့ ဖော်ပြပေးရမှာပါ။ တရားမဝင် ကူးသန်းရောင်းဝယ်တဲ့ ထုတ်ကုန်တွေမှာ အဲဒီလို ရာခိုင်နှုန်းတွေကို အညွှန်းပေါ်မှာ ဖော်ပြပေးထားပေမဲ့ ဘယ်သူကမှ “အဲဒါတွေ တိကျပါတယ်လို့” အာမခံချက် မပေးနိုင်ပါဘူး။ ဒုတိယပြဿနာလည်းဖြစ်၊ ပိုပြီးတော့ စိုးရိမ်ဖွယ်ရာလည်းကောင်းတာက သတ္တုပါဝင်မှုပဲ ဖြစ်ပါတယ်။
တရားမဝင် စိုက်ပျိုးရေးသုံး ဓာတုဆေးဝါးတွေနဲ့ပတ်သက်တဲ့ ပြဿနာတွေလည်း ရှိပါသေးတယ်။ မြေသြဇာနဲ့ ဆင်တူတာက စိုက်ပျိုးရေးဆေးဝါးမှတ်ပုံတင်ခြင်းဆိုင်ရာ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ မြန်မာနိုင်ငံမှာ ရှိနေတာပါ။ (မြန်မာက) FAO လမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်နေပြီး ထုတ်ကုန်တချို့ကို တားမြစ်ပိတ်ပင်ထားပါတယ်။
ဒါပေမဲ့ တရားမဝင် ကုန်ကူးသူတွေက ထိုင်း၊ ဒါမှမဟုတ် တရုတ်က ဓာတုဆေးဝါးပစ္စည်းတိုင်းကို တင်သွင်းနိုင်ပြီး အသုံးပြုသူတွေနဲ့ သဘာဝပတ်ဝန်းကျင်အတွက် အကြီးအကျယ် အဆိပ်အတောက်ဖြစ်စေတဲ့ တားမြစ်ဓာတုဆေးဝါးတွေ ပါဝင်လာပါတယ်။ အဲဒါတွေကို ထိုင်းနဲ့ တရုတ်မှာတော့ ပိတ်ပင်ထားလေ့ရှိပါတယ်။ ဒါ့ကြောင့် သူတို့က မြန်မာနိုင်ငံကို အမှိုက်စွန့်ပစ်မြေအနေနဲ့ပဲ အသုံးပြုနေကြတာပါ။
တရားမဝင် ထုတ်ကုန်တွေမှာ အညွှန်းကောင်းကောင်းတောင် မပါပါဘူး။ ကျွန်တော်တို့ရဲ အညွှန်းတွေက FAO လမ်းညွှန်ချက်တွေပေါ်မှာ အခြေခံထားတာကြောင့် အသုံးပြုရမယ့်နှုန်းထား၊ ဖျန်းရမယ့် အချိန်နဲ့ မရိတ်သိမ်းမီ ကြားကာလတွေကို ကျွန်တော်တို့ရဲ့ ဆေးညွှန်းပေါ်မှာ အတော်လေး ရှင်းရှင်းလင်းလင်း ဖော်ပြထားရပါတယ်။
၂၀၁၅ ခုနှစ်မှာ လွှတ်တော်က မြေသြဇာဥပဒေကို ပြင်ဆင်ခဲ့တယ်။ အဲဒီအပြောင်းအလဲပေါ်မှာရှိတဲ့ ခင်ဗျားရဲ့ အကဲဖြတ်ချက်က ဘာများပါလဲ။
ဒီဥပဒေသစ်မှာ (စည်းကမ်းချိုးဖောက်ခြင်းအတွက်) ပိုမိုမြင့်မားတဲ့ ပြစ်ဒဏ်နဲ့ အပြစ်ပေးမှုတွေကို ပြဋ္ဌာန်းထားပါတယ်။ အိမ်နီးနားချင်းတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဒါက လုံလောက်ပါတယ်။ ဒါပေမဲ့ ဒါကို အခုထက်ပိုပြီးတော့ လက်တွေ့အကောင်အထည်ဖော်ဖို့ လိုမယ်လို့တော့ ကျွန်တော်ထင်ပါတယ်။
မြန်မာ့စိုက်ပျိုးရေးကဏ္ဍက ဒေသတွင်းက တခြားနိုင်ငံတွေထက် နောက်ကျနေခဲ့ပါပြီ။ ဘယ်အရာတွေကများ နောက်ကျစေခဲ့တာလဲ။
စိန်ခေါ်ချက် အနည်းအကျဉ်းတော့ ကျွန်တော် တွေ့နေရပါတယ်။ သီးနှံဈေးနှုန်းက အဓိကပြဿနာပါ။ ပြီးတော့ ငွေကြေးရရှိနိုင်မှုနဲ့ အခြေခံအဆောက်အအုံပိုင်းတို့လည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံအတွင်းက တလင်းသိမ်း သီးနှံဈေးဟာ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ထက် များစွာနည်းပါး နေပါတယ်။ အကြောင်းရင်းကတော့ ငွေကြေးရယူသုံးစွဲနိုင်ခွင့်ပါ။ မြန်မာလယ်သမားတွေက အတိုးများတဲ့ ငွေချေးသူတွေထံက တစ်နှစ်ကို ၁၀၀ ရာခိုင်နှုန်းထိ ရောက်သွားမယ့် တစ်လကို ၅-၈ ရာခိုင်နှုန်းလောက် ပေးရတဲ့ အတိုးနှုန်းနဲ့ မဖြစ်နေ ငွေချေးကြရပါတယ်။ လယ်သမားတွေတင် မဟုတ်ပါဘူး။ ဒီလောကထဲမှာ ကျင်လည်နေတဲ့ ကုန်သည်တွေကလည်း အလားတူ အတိုးနှုန်းနဲ့ ငွေချေးကြရတာပါ။ အဲဒါကြောင့် ကုန်သည်တွေက သူတို့ရဲ့ အဝယ်ဈေးကို လျှော့ချကြပါတယ်။ ဒီတော့ ငွေကြေးကိစ္စရပ်က တကယ့်ပြဿနာကြီးတစ်ခုပါပဲ။
နောက်တစ်ခုက အခြေခံ အဆောက်အအုံပိုင်းပါ။ ဒီအပိုင်းမှာလည်း နှစ်ပိုင်းရှိပါတယ်။ ပထမတစ်ပိုင်းက သယ်ယူပို့ဆောင်ရေးဖြစ်တဲ့ ထောက်ပို့ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံတွေပါ။ ထိုင်း၊ ဗီယက်နမ်တို့နဲ့ ယှဉ်ကြည့်လိုက်ရင် ဒီနိုင်ငံက သယ်ယူပို့ဆောင်ရေးစရိတ်က နှစ်ဆလောက် ရှိပါတယ်။ အဲဒီထောက်ပို့ ကုန်ကျစရိတ်က တလင်းသိမ်းဈေးကို ဝါးမျိုသွားပါတယ်။
ကျွန်တော်တို့ လိုအပ်နေတဲ့ နောက်ထပ်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုအပိုင်းက ဆည်မြောင်းတွေ လိုအပ်တာပါ။ ကျွန်တော်တို့မှာ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ရှိသလို ဗီယက်နမ်မှာ မဲခေါင်မြစ်ဝှမ်းလွင်ပြင် ရှိပါတယ်။ သူတို့က ဆည်မြောင်းစနစ်ကို ကျကျနန ဖော်ဆောင်ပေးထားလို့ ဗီယက်နမ်လယ်သမားတွေက တစ်နှစ်ကို ကောက်ပဲသီးနှံ သုံးသီးစိုက်လို့ ရပါတယ်။ ဒါပေမဲ့ မြန်မာတောင်သူတွေက တစ်နှစ်ကို တစ်သီးခွဲလောက်ပဲ စိုက်နိုင်ကြပါတယ်။
ဦးသိန်းစိန်အစိုးရက စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတချို့ကို အစပျိုးပေးခဲ့တယ်နော်။ ဘယ်ဟာတွေက အလုပ်ဖြစ်ပြီး ဘယ်ဟာတွေက အလုပ်မဖြစ်ခဲ့သလဲ။
မူဝါဒနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လိုအပ်နေတာက စိုက်ပျိုးရေး ကဏ္ဍအတွင်းမှာ စစ်မှန်တဲ့ ရင်းနှီးမြှုပ်နှံမှု ရှိဖို့ပါ။ ဆိုလိုတာက အစိုးရအနေနဲ့ လမ်းနဲ့ဆည်မြောင်း နှစ်ခုစလုံးနဲ့ ပတ်သက်တဲ့ အခြေခံအဆောက်အအုံပိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တာပါ။ ပြီးတော့ ဘဏ်တွေနဲ့ အသေးစားငွေကြေးအဖွဲ့အစည်းတွေကို လယ်သမားတွေထံ ငွေပိုချေးပေးဖို့အတွက်လည်း အစိုးရက အားပေးမြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။
ပြီးခဲ့တဲ့ အစိုးရကာလအတွင်းမှာ လွှတ်တော်နဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနအကြား အထူးသဖြင့် ဆည်မြောင်းနဲ့ တခြားအခြေခံအဆောက်အအုံတွေ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး မယုံကြည်မှုတချို့ရှိခဲ့တာကို ကျွန်တော် မြင်ခဲ့ရပါတယ်။ လွှတ်တော်က ဘဏ္ဍာငွေတွေကို စနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုတဲ့အပေါ်မှာလည်း စိုးရိမ်ပူပန်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။
အဲဒီအပြောင်းအလဲကို ကျွန်တော်မြင်တွေ့လိုပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနက ဆည်မြောင်းစီမံချက် အသစ်တွေ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်အသစ်တွေကို လွှတ်တော်ထံ အဆိုပြုတင်သွင်းတာမျိုးကို ကျွန်တော်မြင်ချင်ပါတယ်။ လွှတ်တော်နဲ့အတူ အစိုးရက ကျေးလက်ဒေသ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်တာမျိုးကိုလည်း ကျွန်တော် မြင်ချင်ပါတယ်။
အစိုးရက စိုက်ပျိုးရေးကဏ္ဍအပေါ်မှာ သက်ရောက်နေတဲ့ ဒီလိုပြဿနာရပ်တွေကို သတိပြုမိပြီး ပိုကောင်းတဲ့ မူဝါဒတွေကို မိတ်ဆက်နိုင်မယ့် အစွမ်းအစရှိတယ်လို့ ခင်ဗျားယုံကြည်လား။
အသေအချာပါပဲ။ စိုက်ပျိုးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဒေါက်တာထွန်းဝင်း) နဲ့ တွေ့ပြီးခဲ့ရုံပဲ ရှိပါသေးတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနက ဒီကိစ္စရပ်တွေအားလုံးကို သတိပြုမိပြီး ဒါတွေကို ကျော်လွှားနိုင်ဖို့အတွက် အတတ်နိုင်ဆုံး ဆောင်ရွက်နေတယ်ဆိုတာကို ကျွန်တော်ကျိန်းသေပေါက် သိပါတယ်။ ဒါက အချိန်လိုအပ်ပါတယ်။ လူတွေကလည်း စိတ်ရှည်ဖို့ လိုတာပေါ့။
ခုချိန်ထိ အပေါင်းလက္ခဏာဆောင်တဲ့ လမ်းကြောင်းတစ်ရပ်ဆီကို ဦးတည်ခဲ့တဲ့ ခြေလှမ်းတစ်ရပ်ရပ်ကို ကျွန်တော်တို့ တွေ့မြင်ခဲ့ကြရပြီလား။
တကယ်တော့ ပြုပြင်ပြောင်းလဲမှုတွေအတွက် သိသာထင်ရှားတဲ့ ကြိုးပမ်းဆောင်ရွက်မှုကိုတော့ ကျွန်တော် မတွေ့ရသေးပါဘူး။ ဒါပေမဲ့ ခုဆိုရင် စိုက်ပျိုးရေးဝန်ကြီးဌာနက လယ်သမားတွေကို သမဝါယမအသင်းတွေ ဖွဲ့စည်းဖို့ အားပေးနေတာကို ကျွန်တော် သတိထားမိပါတယ်။ ဒါက အပေါင်းလက္ခဏာဆောင်တဲ့ လှုပ်ရှားမှုတစ်ခုလို့လည်း ကျွန်တော် သုံးသပ်ပါတယ်။
လာမယ့် ငါးနှစ်တာအတွင်းမှာ ဘယ်လောက်ထိများ လက်တွေ့ကျကျ မျှော်လင့်နိုင်မလဲ။
ဒါကတော့ အစိုးရရဲ့ နိုင်ငံရေးအလိုဆန္ဒနဲ့ ကြိုးပမ်းအားထုတ်မှုအပေါ်မှာ မူတည်တာပါ။ အစိုးရက အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ အမှန်တကယ် ကြိုးပမ်းဆောင်ရွက်တယ်ဆိုပါစို့။ (ဒီလိုဖြစ်ရပ်မှာ) ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် အာဆီယံမှာ ဒေသတွင်း စားနပ်ရိက္ခာ အဓိက ထောက်ပံ့သူလို့ ရှုမြင်နိုင်ပါတယ်။
ခုလောလောဆယ်မှာ စိုက်ပျိုးထုတ်လုပ်ရေး အများစုကို ဆန်စပါးအပေါ်မှာ အာရုံပြုထားပါတယ်။ အမျိုးအစား စုံလင်ဖို့ မလိုအပ်ဘူးလား။
အရင် မူဝါဒကတော့ ဆည်ရေရရှိတဲ့ လယ်သမားတိုင်းက တစ်နှစ်ကို အနည်းဆုံး စပါးတစ်ကြိမ် မဖြစ်မနေ စိုက်ပျိုးပေးရပါတယ်။ ကျွန်တော့်အမြင်အရ ဒီမူဝါဒက မှန်ကန်မှု မရှိပါဘူး။ ဒါက ဈေးကွက် အင်အားကို လျစ်လျူရှုထားလို့ပါ။ ကျွန်တော့်အထင်တော့ လယ်သမားတွေကို ဈေးကွက် အခြေအနေတွေ၊ ဈေးကွက်ဝယ်လိုအားတွေအပေါ်မှာ အခြေခံပြီး သူတို့စိုက်လိုတဲ့ ကောက်ပဲသီးနှံတွေကို ရွေးချယ်စိုက်ပျိုးခွင့် ပေးသင့်ပါတယ်။
ခင်ဗျားက မြန်မာ့သြဘာကို ဒီနိုင်ငံရဲ့ အကြီးမားဆုံး စိုက်ပျိုးရေးထုတ်ကုန်ကုမ္ပဏီအဖြစ် တည်ဆောက်ခဲ့ပြီးပါပြီ။ ခင်ဗျားနဲ့ ခင်ဗျားကုမ္ပဏီအတွက် နောက်ထပ်ခြေလှမ်းက ဘာများပါလဲ။
မြန်မာ့ဓာတ်မြေသြဇာနဲ့ စိုက်ပျိုးရေးပစ္စည်းဈေးကွက်မှာ ကြီးထွားရှင်သန်နိုင်မယ့် အခွင့်အလမ်း အများကြီး ရှိနေတာကြောင့် ကျွန်တော်တို့က အဲဒီဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ရှုမြင်ထားပါတယ်။ ကျွန်တော်တို့က ရင်းနှီးမြုပ်နှံမှုတွေ ပိုလုပ်မယ်၊ ဓာတ်မြေသြဇာနဲ့ ဓာတုဗေဒဆေးဝါး နှစ်ခုစလုံးမှာရှိတဲ့ ကျွန်တော်တို့လုပ်ငန်းတွေကို တိုးချဲ့သွားမယ်။ ပြီးတော့ လယ်သမားတွေကို ကူညီဖို့အတွက် ကျွန်တော်တို့ရဲ့ အသေးစားငွေချေးလုပ်ငန်းကိုလည်း တည်ဆောက်နေပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ထပ်ရည်မှန်းချက်ကတော့ ကျွန်တေ်ာတို့ရဲ့ MFI ကို ကြီးထွားအောင် လုပ်ဖို့ပါ။
အောင်မင်း ဘာသာပြန်သည်။