အောက်ခြေလယ်သမားအတွက် အထောက်အကူဖြစ်စေမည့် မြန်မာ့သြဘာကုမ္ပဏီလိမိတက်၏ စိုက်ပျိုးရေး ပိုးသတ်ဆေးစက်ရုံအတွက် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) က ကူညီမည့် သဘောတူညီချက်ကို လက်မှတ် ရေးထိုးလိုက်သည်။
မှော်ဘီရှိ ၁၂၅ ဧက ကျယ်ဝန်းသောနေရာတွင် တည်ဆောက်နေသည့် စက်ရုံ၏ ပထမအဆင့်သည် ၂၀၁၇ ခုနှစ်တွင် ပြီးစီး ဖွင့်လှစ်နိုင်မည်ဟု မေ ျှာ်လင့်ထားသည်။
ကမ္ဘာ့ဘဏ်၏ လုပ်ငန်းခွဲတစ်ခုတစ်ခုဖြစ်သည့် IFC က စက်ရုံအတွက် လိုအပ်မည်ဟု ခန့်မှန်းထားသည့် ရင်းနှီးမြှပ်နှံငွေ အမေရိကန်ဒေါ်လာ ၁၅ သန်းအနက် ၁၀ သန်းကို ထောက်ပံ့ပေးမည်ဟု စက်တင်ဘာ ၆ ရက်နေ့က ကြေညာခဲ့သည်။
စက်ရုံစတင်လည်ပတ်ချိန်တွင် မြန်မာတစ်နိုင်ငံလုံးအတွက် လိုအပ်မည့် ပိုးသတ်ဆေးများနှင့် သီးနှံကာကွယ်ရေးထုတ်ကုန် ထက်ဝက်ခန့်ကို ထုတ်လုပ်ပေးနိုင်မည်ဟု မြန်မာ့သြဘာ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ထက်က Frontier ကို ပြောသည်။
“မြန်မာ့သြဘာအုပ်စုအတွက် ကျွန်တော်တို့ရဲ့ ပံ့ပိုးပေးမှုက လယ်ယာထွက်ကုန် ထုတ်လုပ်မှု တိုးတက်စေဖို့ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ တိုင်းပြည်အတွက် လိုအပ်နေတဲ့ အလုပ်အကိုင်တွေကို စိုက်ပျိုးရေးလုပ်ငန်း ကွင်းဆက်တစ်ခုလုံးမှာ ဖန်တီးပေးမှာ ဖြစ်ပါတယ်” ဟု IFC ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာဖြစ်သူ Vikram Kumar က သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
ပြီးခဲ့သည့်နှစ်အတွင်း မြန်မာလုပ်ငန်းများသို့ IFC က ချေးငွေများ ထုတ်ချေးပေးခဲ့ပြီး ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလကလည်း မြန်မာ့သြဘာက ဆောင်ရွက်နေသည့် အသေးစားငွေချေးလုပ်ငန်း တိုးချဲ့ရန်အတွက် ဒေါ်လာ ၇ ဒသမ ၅ သန်းကို IFC က ပံ့ပိုးပေးခဲ့သည်။
ထို့ပြင် ၂၀၁၄ ခုနှစ်က ရိုးမဘဏ်သို့ ဒေါ်လာ ငါးသန်းနှင့် ပြီးခဲ့သည့် ဇန်နဝါရီလက စီးတီးမတ်သို့ ဒေါ်လာ ၂၅ သန်း ပေးအပ်ခဲ့သည်။
သတင်း- ရှောင် ဂလေစင်