မြန်မာ့ရိုးရာ မဟာသြင်္ကန်ပွဲတော်ကို သြင်္ကန်အကြိုနေ့ဖြစ်တဲ့ ဧပြီ ၁၃ ရက်နေ့က စတင်ကာ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ စည်ကားစွာ စတင်ကျင်းပနေပြီဖြစ်ပါတယ်။
မြို့တော်ခန်းမရှေ့မှာရှိတဲံ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်ကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သြင်္ကန်အကြိုနေ့မှာ စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “နှစ်သစ်မှာ ရန်ကုန်မြို့တော်သူ မြို့တော်သားအားလုံးနဲ့ မြန်မာနိုင်ငံသားအားလုံး ကောင်းချီးမင်္ဂလာနဲ့ ပြည့်စုံသော နှစ်သစ်ကို ကြိုဆိုနိုင်ပါစေ ဆန္ဒပြုအပ်ပါတယ်”လို့ ဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ရင်ဆိုင်နေကြဆဲဖြစ်ပြီး နှစ်ဟောင်းကို ပြန်လည်သုံးသပ်ကာ နှစ်သစ်ကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစွာ ကြိုဆိုနိုင်ဖို့အတွက် ဆောင်ရွက်ကြရမယ်လို့လည်း သူက ပြောကြားခဲ့ပါသေးတယ်။
ယခုနှစ်တွင် ရန်ကုန်လမ်းလျှောက်သြင်္ကန်ကို မြို့တော်ခန်းမအနီး၊ မဟာဗန္ဓုလပန်းခြံဘေးမှာ ကျင်းပနေပြီး အင်းယားလမ်းမှာတော့ မြန်မာ့ရိုးရာအင်းလျားလမ်းလျှောက်သြင်္ကန်ကို ကျင်းပနေပါတယ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
လမ်းလျှောက်သြင်္ကန်တွေကို မန္တလေးနဲ့ မုံရွာလို မြို့ကြီးတွေမှာလည်း ကျင်းပနေပြီး အင်းလေးကန်မှာတော့ အင်းလေးရေပေါ်သြင်္ကန်ကို ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပနေပြီဖြစ်ပါတယ်။
မဟာသြင်္ကန်အကြိုနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်၌ အတာရေပက်ဖြန်းနေစဉ်။ ဓာတ်ပုံ- သက်အောင်/အေအက်ဖ်ပီ